23/04/2025
နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် သက်တမ်းပြည့်၊ စွမ်းရည်ပြည့် သုံးစွဲနိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း
နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် သက်တမ်းရှည်ကြာစွာဖြင့် စွမ်းဆောင်ရည်အပြည့် သုံးစွဲနိုင်ရန်အတွက် ပုံမှန် စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများသည် မရှိမဖြစ်လိုအပ်ပါသည်။ ဒီလိုစစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် Inverter, Charge Controller, PV arrays, Battery, Protection စနစ်များကို အချိန်ဇယားရေးဆွဲ၍ သတ်မှတ်ချိန်အတိုင်း ပုံမှန်စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါသည်။ ဒါမှသာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းဝေးစွာဖြင့် စိတ်ချလက်ချအသုံးပြုနိုင် ခြင်း၊ သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်ခြင်း၊ စွမ်ရည်ပြည့်ဝစွာ သုံးစွဲနိုင်ခြင်းကဲ့သို့ အကျိုးကျေးဇူး များကို ရရှိနိုင်မှာြဖစ်ပါသည်။
ဆိုလာစနစ်များသည် နေ့ရော ညပါ ၂၄ နာရီ အမြဲမပြတ် မရပ်မနား လုပ်ငန်းဆောင်ရွက် ရသည့်အတွက် အသေးစား ပြဿနာများသာမက အခန့်မသင့်ပါက ကြီးမားသည့် ပြဿနာများအထိ ကြုံတွေ့ပျက်စီးနိုင်သည့် အန္တရာယ်လည်း ကြီးကြီးမားမား ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် သတ်မှတ်ထားသည့် ပုံမှန် စစ်ဆေးမှုများကို လုပ်ဆောင်ခြင်းခြင်းဖြင့် ထိုကဲ့သို့ ပြဿနာများ မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်သွားနိုင်မှာ ဖြစ်ပြီး နေရောင်ခြည်မှ ရရှိသော ပြန်ပြည့်မြဲစွမ်းအင်ကို စွမ်းရည် ပြည့် ထိရောက်မှုရှိစွာ ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပါသည်။ ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းမှုများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
နေ့စဉ် စစ်ဆေးသင့်သည့် လုပ်ငန်းများ
• Inverter and Charge Controller - Fault ရှိမရှိ စစ်ဆေးရန်နှင့် ရှိပါက User Manual အတိုင်း ပြင်ဆင်ပေးပါ။ လိုအပ်ပါက Service အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ပါ။
• Battery - Fault ရှိမရှိ စစ်ဆေးရန်နှင့် ရှိပါက User Manual အတိုင်း ပြင်ဆင်ပေးပါ။ လိုအပ်ပါက Service အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ပါ။
လစဉ် စစ်ဆေးသင့်သည့် လုပ်ငန်းများ
• System Metering - ဆိုလာစနစ်၏ လစဉ် ရရှိသုံးစွဲသော စွမ်းအင်ယူနစ်ကို စစ်ဆေးပြီး Record Book တွင် မှတ်သားပါ။ ထွက်ရှိသင့်သည့် စွမ်းအင်ယူနစ် မရရှိပါက စွမ်းအင်ရရှိမှု လျော့နည်းရသည့် အကြောင်းရင်းကို ရှာဖွေပြီး ပြင်ဆင်ဆောင်ရွက်ပါ။ လိုအပ်ပါက Service အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ပါ။
• PV Array - ဆိုလာပြားအပေါ်တွင် ဖုန်မှုန် အမှိုက်များ ရှိမရှိ စစ်ဆေးပေးပါ။ ဆိုလာပြားများ၊ အထိုင်များ ခိုင်ခန့်မှု ရှိမရှိစစ်ဆေးပေးပါ။ လိုအပ်ပါက Service အဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ပါ။
ခြောက်လ တစ်ကြိမ် စစ်ဆေးသင့်သည့် လုပ်ငန်းများ (Service အဖွဲ့ ဖြင့်ဆောင်ရွက်ရန် လိုအပ်ပါသည်)
• PV Combiner Box – Box ပျက်စီးမှုရှိမရှိ၊ ရေငွေ့ဝင်ခြင်းရှိမရှိစစ်ဆေးပြီး လိုအပ်ပါက လဲလှယ်ပေးရပါမည်။ Box အတွင်း အကောင်ပလောင်များ ဝင်ရောက်မှု ရှိပါက သန့်ရှင်းရေး ပြုလုပ်ပေးရပါမည်။ Box အတွင်းရှိ Fuse, Isolator နှင့် Breaker များစစ်ဆေးပေးရပါမည်။ လိုအပ်ပါက Service အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ပါ။
• PV Array - ဆိုလာပြားများကို Professional Service အဖွဲ့ဖြင့် သေချာစွာ စစ်ဆေးခြင်း၊ အထိုင်များ၊ မြေစိုက်ကြိုးများ စစ်ဆေးပြင်ဆင်ခြင်း၊ သန့်ရှင်းရေး စနစ်တကျပြုလုပ်ခြင်းတို့ ဆောင်ရွက်ရပါမည်။
• Surge arrestors - Surge arrestor များကောင်းမွန်စွာ အလုပ်လုပ်မလုပ် စစ်ဆေးပြီး လိုအပ်ပါက လဲလှယ်ပေးရပါမည်။ (ပတ်ဝန်းကျင်တွင် မိုးကြိုးပစ်ပြီးတိုင်း Surge arrestor များကို စစ်ဆေးပေးရန် လိုအပ်ပါသည်။)
• Wiring – Wire ကြိုးများ၊ ကြိုးဆက်များတွင် ပေါက်ပြဲမှု ရှိမရှိနှင့် ထိခိုက်မှု ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက ပြင်ဆင်လဲလှယ်ပေးရပါမည်။
• Protection Equipment - လျှပ်စစ်အန္တရာယ် ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Fuse, Breaker, Earth Cable စသည့်ပစ္စည်းများ ထိခိုက်ပျက်စီးမှု ရှိမရှိနှင့် ကောင်းမွန်မှု ရှိမရှိတို့ စစ်ဆေး ပြင်ဆင်ဆောင်ရွက်ပေးရပါမည်။
နှစ်နှစ်/ သုံးနှစ် တစ်ကြိမ် စစ်ဆေးသင့်သည့် လုပ်ငန်းများ (Service အဖွဲ့ ဖြင့်ဆောင်ရွက်ရန် လိုအပ်ပါသည်)
• System Measurement – ဆိုလာစနစ်အား စတင် တပ်ဆင်ခဲ့သည့် စွမ်းအင်ထုတ်လုပ်မှု အတိုင်း ရရှိမှုရှိမရှိ တိုင်းတာစစ်ဆေးရပါမည်။
• All Equipments - ဆိုလာစနစ်အား Shutdown ပြုလုပ်၍ ပစ္စည်းများအားလုံး ကောင်းမွန်မှု ရှိမရှိ စစ်ဆေးခြင်း၊ ပစ္စည်းတိုင်း သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ ပျက်စီးသည့် အစိတ်အပိုင်းများကို လဲလှယ်ခြင်း တို့ဆောင်ရွက်ရပါမည်။ ဆောင်ရွက်ပြီးပါက ဆိုလာစနစ် အား ပြန်ဖွင့်၍ စွမ်းအင်ထုတ်လုပ်မှု အခြေအနေကို ပြန်လည် တိုင်းတာစစ်ဆေးပေးရပါမည်။
Credit Photos