05/31/2026
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တရုတ်စီမံကိန်းကြီးရှိတဲ့ သံဇိုက်မြစ်ကြောင်းတလျှောက်မှာ အင်မတန် အရေးပါတဲ့ စစ်ရေး အရွေ့ကြီးတစ်ခုကို မြင်တွေ့လာရပါတယ်။ ဒီမြစ်ကြောင်းပေါ်မှာ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ၊ တရုတ်နိုင်ငံကို ရေနံစတင်ပို့လွှတ်တဲ့ မဒေးကျွန်း၊ ဒေါ်လာဘီလီယံချီတန်တဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေနဲ့ အနီးကပ်ဆုံး တည်ရှိနေတဲ့ နေရာဖြစ်ပါတယ်၊ ဒီနေရာမှာ မြန်မာ့တပ်မတော်ရဲ့ အကြီးဆုံးနဲ့ အရေးအပါဆုံး ရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ) အခိုင်အမာ အခြေစိုက်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်
ဒီဌာနချုပ်ကြီးရဲ့ အောက်မှာ တောင်မော်ဦး ရေတပ်စခန်းနဲ့ အုန်းကျိန် ရေတပ်စခန်းဆိုပြီး ဗျူဟာမြောက် စခန်းတွေ ထပ်မံ ဖြန့်ကြက်ထားတာကို တွေ့ရပါတယ်။ တောင်မော်ဦး ရေတပ်စခန်းဟာ မဒေးကျွန်းနဲ့ စနဲမြို့ကြားမှာ တည်ရှိပြီး ကုလားပုန်းတောင်တန်းကို အကာအကွယ်ယူကာ ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းမကြီးနဲ့ သံဇိုက်မြစ်ကြောင်းကို စိုးမိုးထားနိုင်တဲ့ ဗျူဟာမြောက် စခန်းတစ်ခု ဖြစ်ပါတယ်။ အုန်းကျိန်ကျွန်းမှာဆိုရင် ရေငုပ်သင်္ဘောတွေ လျှို့ဝှက်ဝင်ထွက်နိုင်တဲ့ အမှတ် (၇၁) ရေငုပ်သင်္ဘောစခန်းကို ၂၀၀၇ ခုနှစ်ခန့်ကတည်းက တည်ဆောက်ထားတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဒါပေမဲ့ ဒီလို အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်ရေးအဆောက်အအုံကြီးတွေဟာ အခုအခါမှာ ရခိုင်မြောက်ပိုင်းက တိုက်ရိုက်ဝင်ရောက်လာတဲ့စစ်ရေးမုန်တိုင်းကြီးတစ်ခုရဲ့ ဗဟိုချက်ထဲကို တိုက်ရိုက် ကျရောက်သွားခဲ့ပါပြီ။ ဘာကြောင့်လဲ?
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ရမ်းဗြဲမြို့ကို @@ က သိမ်းပိုက်ခဲ့ပြီး၊ မေလ ၉ ရက်နေ့မှာ စနဲမြို့ကိုပါ ထပ်မံ ထိန်းချုပ်လိုက်နိုင်ပါတယ်။ ဒီအောင်ပွဲတွေရဲ့ နောက်ဆက်တွဲအဖြစ် ကျောက်ဖြူမြို့နယ်ဘက်မှာ ကျန်ရှိနေတဲ့ မြန်မာ့တပ်မတော်ရဲ့ တပ်ရင်းဌာနချုပ်တွေ၊ ရဲတပ်ရင်းတွေနဲ့ ရေတပ်ဌာနချုပ်တွေကို @@ ဘက်က ဝိုင်းဝန်း ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လနဲ့ ဧပြီလတွေကစပြီး ကျောက်ဖြူကို ဦးတည်တဲ့ @@ ရဲ့ ထိုးစစ်တွေဟာ ပိုမို ပြင်းထန်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်
ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာ့တပ်မတော်ဘက်ကလည်း တပ်မ ၁၁ နဲ့ တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ပြန်လည် ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မူလက တိုက်ပွဲတွေဟာ ရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းအတိုင်း မင်းပြင်၊ သိုင်းချောင်း စတဲ့ နေရာတွေမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ရှေ့ကို အတန်ငယ် တိုးလာနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒီလို ရှေ့တိုးနောက်ဆုတ် အခြေအနေတွေကြားထဲကနေ ၂၀၂၆ ခုနှစ်၊ မေလဆန်းပိုင်းမှာ စစ်ရေးကစားကွက် အသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ မေလ ၄ ရက်နေ့ ညပိုင်းမှာ ဓညဝတီနဲ့ တောင်မော်ဦး ရေတပ်စခန်းတွေဆီကို စစ်သားအင်အား ၂၀၀ ကျော်၊ အုန်းကျိန်ရေတပ်စခန်းဆီကို အင်အား ၁၀၀ ဝန်းကျင် စစ်သင်္ဘော ၃ စီးနဲ့ ထပ်မံ ဖြည့်တင်းခဲ့ပါတယ်။
အဲဒီနောက် မေလ ၁၀ ရက်နေ့မှာတော့ တောင်မော်ဦး ရေတပ်စခန်းကို အခြေပြုပြီး @@ ရှိရာ စနဲမြို့ဘက်ကို မြန်မာ့တပ်မတော်က လမ်းကြောင်းသစ်ဖွင့်ကာ တိုက်ရိုက် ဦးတည် ထိုးစစ်ဆင်လာခဲ့ပါတယ်။ ဒီထိုးစစ်ဟာ မင်းပြင်နဲ့ သိုင်းချောင်းဘက်ကနေ ထိုးဖောက်ဖို့ ခက်ခဲနေတဲ့အတွက် တောင်မော်ဦးဘက်ကနေ လျှို့ဝှက်ထိုးစစ်ဆင်ပြီး အလစ်အငိုက် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခု ဖြစ်ပုံရပါတယ်။ ၂၀၂၄ ခုနှစ် ရမ်းဗြဲတိုက်ပွဲနောက်ပိုင်း တောင်မော်ဦးရေတပ်ကနေ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ထိုးစစ်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မြေပြင်အမှန်တရားက စာရွက်ပေါ်က အစီအစဉ်တွေနဲ့ တခြားစီ ဖြစ်နေခဲ့တယ်။ @@ ဘက်က ကြိုတင် တွက်ချက် ပြင်ဆင်ထားတဲ့အတွက် တောင်မော်ဦးအထွက် အဝတောင်အနီးမှာတင် အနီးကပ် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရပါတယ်။ မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မိုးရွာသွန်းနေတဲ့အတွက် ဒရုန်းနဲ့ လေယာဉ်ပစ်ကူတွေ အသုံးပြုလို့ မရဘဲ၊ တောင်မော်ဦး ရေတပ်ကသာ ပစ်ကူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နယ်မြေ ကျွမ်းကျင်မှု အားနည်းတဲ့အတွက် မြန်မာ့တပ်မတော် စစ်ကြောင်းတွေဟာ တောတောင်ထူထပ်တဲ့ ဒီလမ်းကြောင်းမှာ အထိနာခဲ့ရတယ်လို့ ဒေသခံတွေရဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အဝတောင်၊ မျှောချောင်းနဲ့ စံပယ်ချောင်း ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဘက်က ရေတပ်စခန်းမှာ နောက်ချန်ထားခဲ့တဲ့ အင်အား ၁၅၀ ကိုပါ တိုက်ပွဲထဲ ထည့်သွင်း အသုံးပြုလာရတဲ့အထိ စစ်ရေးအခြေအနေ တင်းမာခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့ကို ရောက်တဲ့အခါမှာတော့ မြန်မာ့တပ်မတော်ဟာ ထိုးစစ်ကနေ ခံစစ် အနေအထားကို ပြောင်းလဲသွားခဲ့ရပါတယ်။ တောင်မော်ဦး ရေတပ်စခန်း မကျဆုံးစေရေးအတွက် မေလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ Y-12 လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ အပါအဝင် လေယာဉ် ၃ စီးကနေ ၅ စီးအထိ အသုံးပြုပြီး အကြိမ်ကြိမ် လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ခုခံကာကွယ်ခဲ့ရပါတယ်။
ဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ မြေပြင်က သာမန် ပြည်သူလူထုတွေဟာ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ တောင်မော်ဦး၊ စနဲမြို့နဲ့ ရမ်းဗြဲဒေသ ပတ်ဝန်းကျင်က ကျေးရွာပေါင်း နှစ်ဆယ်ကျော်ခန့်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး၊ အိမ်ခြေ ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ကာ ဒေသခံ ပြည်သူ ငါးသောင်းကျော်ခန့်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပါတယ်။
မေလ ၁၀ ရက်နေ့ကနေ စတင်ခဲ့တဲ့ အင်အား ၃၀၀ ကနေ ၅၀၀ ခန့် အသုံးပြုခဲ့တဲ့ ဒီထိုးစစ်ဟာ ရေတပ်၊ လေတပ်နဲ့ ဒရုန်းတပ်ဖွဲ့တွေရဲ့ ပစ်ကူကို အင်ပြည့်အားပြည့် သုံးခဲ့ပေမယ့်လည်း ရှေ့ကို ဆက်မတိုးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မေလ ၂၀ ရက်နေ့မှာ တောင်မော်ဦး ရေတပ်တွင်းနဲ့ ဝန်းကျင်က ခံစစ်စခန်းတွေဆီကို မြန်မာ့တပ်မတော် စစ်ကြောင်းတွေ ပြန်လည် ဆုတ်ခွာသွားခဲ့ရပါတယ်။ ထိုးစစ်ဆင်မှုတွေဟာလည်း မေလ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ရပ်တန့်သွားခဲ့ပါတယ်။ မေလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အတွင်းမှာ အလံဖြူထောင်ပြီး လက်နက်ချသူ ဆယ်ဂဏန်းခန့် အထိ ရှိခဲ့တယ်လို့ နိရိဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။
စနဲမြို့နဲ့ ကျောက်ဖြူကားလမ်းကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ ဒီတောင်မော်ဦး စစ်ဆင်ရေးဟာ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ ကိုယ့်ရဲ့ ဗျူဟာမြောက် ရေတပ်စခန်းကို ပြန်လည် ကာကွယ်ရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။
အချုပ်အားဖြင့် ပြောရရင်... ကျောက်ဖြူ စစ်မျက်နှာဟာ အင်မတန် ထူးခြားတဲ့ စစ်ရေးလက္ခဏာ တစ်ခုကို ပြသနေပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ဒီဒေသကို ကြည်းတပ်၊ ရေတပ် အင်အား ၂၀၀၀ ကနေ ၃၀၀၀ ခန့်အထိ အဆက်မပြတ် ဖြည့်တင်းနေခဲ့ပေမယ့်လည်း အောင်မြင်မှု မရရှိသေးပါဘူး။ စေလွှတ်လိုက်သမျှ အင်အားတွေဟာ မြေပြင်မှာ အရည်ပျော် ပျောက်ကွယ်သွားတဲ့အတွက် ဒီစစ်မျက်နှာကြီးကို "ပို့မလောက် ကျောက်ဖြူ" လို့ နာမည်ပေးထားကြပါတယ်။
ဒီစစ်ရေး အပြောင်းအလဲတွေ၊ အားပြိုင်မှုတွေဟာ ရခိုင်ပြည်နယ်ရဲ့ ကံကြမ္မာကိုသာမကဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာ့ပထဝီနိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးကိုပါ အကြီးအကျယ် ရိုက်ခတ်နေပါတယ်။ "ပို့မလောက် ကျောက်ဖြူ" ဆိုတဲ့ နာမည်နဲ့အညီ ဒီဒေသရဲ့ စစ်ရေး တင်းမာမှုတွေဟာ ဘယ်အချိန်မှာ အဆုံးသတ်သွားမလဲ၊ ဒါမှမဟုတ် ပိုမို ကြီးမားတဲ့ မုန်တိုင်းကြီး တစ်ခုရဲ့ အစပျိုးမှုပဲလား ဆိုတာကတော့... ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမယ့် သမိုင်းဝင် ပဟေဠိတစ်ခုပဲ ဖြစ်ပါတော့တယ်။
[Editorial & Policy Disclaimer]
This content is published strictly for educational, historical, and geopolitical analysis purposes. All strategic assessments, military movements, and conflict reports mentioned in this video/article are derived from independent political analysts, local news reports, and open-source intelligence. AK Channel maintains strict political neutrality and does not endorse, praise, incite, or promote any armed organizations, acts of violence, or conflicts. Our sole objective is to provide objective, analytical insights into regional power dynamics and strategic developments.