24/12/2021
(၃)
ktvစော်နဲ့ငြိကြတဲ့ ယောကျ်ားတွေရဲ့ပုံစံက အမျိုးမျိုးရှိတယ်၊ လည်တဲ့ဘဲတွေက မကြာခဏခိုးစားတတ်ပေမယ့် အိမ်ကမသိအောင်ပိပိရိရိနေတယ်၊ စော်ကိုလည်းသူ့သြဇာကိုမကျော်အောင်ထိန်းထားနိုင်တယ်၊ အချိန်မရွေးခေါက်လိုက်လို့ရတဲ့ အနေအထားမျိုးမှာပဲထားတယ်၊သံယောဇဥ်လေးနည်းနည်းပိုရင် အချိန်တခုကြာထိငြိတတ်ကြပေမယ် စားလို့၀ရင်ခေါက်လိုက်ပြီးဇာတ်လမ်းပြတ်သွားတာပါပဲ၊စားနေကြကြောင်ပါးကြီးတွေပေါ့၊ တချို့ဘဲတွေကျအိမ်ကမိန်းမရိပ်မိသွားလို့နားလိုက်ရတာ.. မင်းကိုလည်းချစ်တယ် အိမ်ကမိန်းမကိုလည်းကြောက်တယ်ဆိုတဲ့အစားမျိုးပေါ့....။
တချို့ဘဲတွေကျပုံစံတမျိုး.. ktvဂျိုးတွေ...ဆိုင်တကာအနှံ့သွားတယ်၊ ရောက်တဲ့ဆိုင်တိုင်းလည်း တစ်ခါထိုင်တစ်ယောက် ရှိသမျှစော်အကုန်ထိုင်တယ်၊ by nameမထားဘူး၊ လူမရွေးဘူး၊ ပုဂ္ဂိုလ်စွဲမရှိဘူး...သူတို့ဖို့က ဟေးလား၀ါးလားပျော်ဖို့သက်သက်ပဲ၊ အဲဒီလိုလူမျိုးတောင် တခါတရံသူတို့ taste နဲ့ငြိတဲ့စော်နဲ့လည်းတွေ့ရော "မင်းနဲ့မှချစ်တတ်ပြီပေါ့"သီချင်းဆိုရတော့တာပဲ၊ လည်လွန်းတဲ့ဘီး ချေးနင်းသွားတာ...။
ktvကဇာတ်လမ်းတွေအကြောင်းပြောရရင် ktvမယ်တိုင်းမှာဇာတ်လမ်းကိုယ်စီရှိနေကြတော့ ရေးလို့ကုန်မှာမဟုတ်ဘူး...။ သို့ပေမင့်လည်း ဇာတ်လမ်းကျောရိုးအားလုံးကတော့ အများသိထားကြတဲ့အတိုင်း အတူတူပါပဲ။ အဓိက point ဖြစ်တဲ့ အိမ်ထောင်တစ်ခုမှာဒါမျိုးဖြစ်လာရင် အိမ်ထောင်ရှင်မတွေ ဘယ်လိုအကောင်းဆုံးနည်းနဲ့ ဖြေရှင်းရမလဲမေးလာရင်လည်း ပုံသေနည်း မရှိပါဘူး၊ တွေ့ဖူးတာတွေကတော့ အကြမ်းနည်း အနုနည်း အပျော့ဆွဲနည်း စုံလို့ပေါ့၊အဲဒီနည်းတွေနဲ့ အဆင်ပြေသွားတာရှိသလို ပိုဆိုးသွားတာလည်းမြင်ဖူးတယ်။
ဒီစာရေးကတည်းကလည်း ktv လောကအကြောင်း sharing တာသက်သက်ပါလို့ပြောထားပြီးသားမို့ ဒီပြဿနာအပေါ်ktvမယ်ဘက်က သဘောထားကိုပဲရေးပြနိုင်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့လည်း တစ်ဖက်ကသူတို့အကြောကိုသိထားတော့ ပိုကောင်းတာပေါ့။
အပေါ်ယံအပျော်ဆက်ဆံရေးတွေသာ အများဆုံးကြုံရတဲ့ ktvစော်တွေက သူတို့အပေါ် အမှန်တကယ်တွယ်ငြိသူတွေ့တဲ့အခါသာယာမိတာပါပဲ၊ လူဆိုတာ ကိုယ့်သဘောကိုယ်ဆောင်ကိုယ့်ကိုယ်ကို ဗဟိုပြုလည်နေတာပါ၊ သူများတကာကို ကိုယ်ချင်းစာပေးပါတယ်ဆိုရင်တောင် ကိုယ့်အတ္တလိုအင်ထက်တော့ ကျော်မှာမဟုတ်ပါဘူး၊ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကိုယ့်လင်ကိုယ်နိုင်အောင်ထိန်းဆိုတဲ့စကားနဲ့ အသံကောင်းဟစ်ပြီး တစ်ဖက်မှာကျ မရမကဆွဲထားတာပါ၊ သံသယမရှိနဲ့ အတိအကျပဲ။
ktvစော်နဲ့ငြိတဲ့ဇာတ်လမ်းအများစုက ခဏတာပါပဲ....ခြံခုန်၀တဲ့နွားကအချိန်တန်ရင် ကိုယ့်ချည်တိုင်ကိုယ်ပြန်၊ စော်ကအသဲကွဲပြီး ktvခန်းထဲရောက်ရင် " ဒသမလူအဖြစ်နဲ့ပြီးဆုံးသွား..မင်းပေးခဲ့တဲ့ဆုလာဘ်များနဲ့" လို့ဆိုရင်းကျန်ရစ်၊ တချို့စော်တွေကတော့ အရေထူနေပြီ အသဲမကွဲတော့ဘူး...spair parts တွေကအသင့်ဆိုတော့...၊ဒီမှာတင် တစ်ခန်းရပ်ဇာတ်ကို ပြည်ဖုံးကားချ ပြီးသွားကြလေသတည်းပေါ့၊ ဒါပေမယ့် အထူးသဖြင့်ပေါ့လေ အမျိုးသားဘက်က လွယ်လွယ်မပြတ်နိုင်ဘဲ သံယောဇဥ်တွေ..ချစ်တာတွေ..မေတ္တာတွေ..ရွှေမန်းသဘင်တွေပါလာရင်တော့ shock ရှိလာပါပြီ။
လူတွေကအိမ်ထောင်ရေးပြဿနာတွေအပေါ်မှာ ထင်မြင်ချက် စကားလုံးများစွာပြောကြပါတယ်၊အိမ်ထောင်ရေးဆိုတာ အခြေအနေတွေပါ၊ စကားလုံးတွေမဟုတ်ပါဘူး၊ ကြိုက်သလောက်စကားကြွယ်ပါစေ ကာယကံရှင်တွေ ကိုယ်တိုင်ကိုယ်ကျကြုံနေရတဲ့အခြေအနေတွေကို ကိုယ်စားမပြုနိုင်ပါဘူး။
အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ ဖောက်ပြန်မိတဲ့ကိုယ့်အမျ်ိုးသားကို ကိုယ့်အိိမ်ထောင်အပေါ်ပြန်ကယ်တင်ဖို့ဆိုတဲ့အခွင့်အရေးကိုပေးပါ၊ ကိုယ့်လင်သားကဒါမျိုးလုပ်ရက်လေခြင်းလို့ ခံစားမယ့်အစား အမှားလုပ်တတ်တဲ့သာမန်လူတစ်ယောက်လို့မြင်ပေးပါ၊ အဓိကအကျဆုံးကတော့ အမျိုးသားပါပဲ သူ့ရဲ့အိမ်ထောင်အပေါ်ရပ်တည်ချက်၊ brain level , personality , နောက် သူ့ emotional ကိုဘယ်လောက်ချုပ်ထိန်းနိုင်တယ်ဆိုတဲ့ EQ တွေပေါ်မှာ မူတည်ပါလိမ့်မယ်။
ကာကွယ်ခြင်းသည်ကုသခြင်းထက်ထိရောက်သည် ဆိုတဲ့အတိုင်းပဲ အိမ်ထောင်ရှင်အမျိုးသားတွေ ktvမသွားတာအကောင်းဆုံးပေါ့၊ ဒါပေမယ့်လည်း သွားနေကြတာပါပဲ၊ အမျိုးသမီးတွေလည်း ကိုယ့်လင်ယောကျ်ားဘယ်ခြေလှမ်း လှမ်းနေပြီဆိုတာ ပါးနပ်ဖို့လိုပြီး ကူထိန်းရပါမယ်၊ စောစောသိစောစောကုနိုင်ရင် အရေးပေါ်အခြေနေမရောက်တော့ဘူးပေါ့။
ကျမစာရေးရင် ktvကစော်နဲ့ဧည့်သည်တွေကိုရည်ညွှန်းတဲ့နေရာတွေမှာ_ အများစု.. တော်တော်များများ.. အကြမ်းဖျင်း.. တချို့တွေလို့ သုံးတာတွေ့မှာပါ၊ ဘာလို့လဲဆို အားလုံးကို၀ါးလုံးချေးသုတ်မရမ်းချင်လို့ပါ၊ ktvရောက်လာတဲ့ ရှားရှားပါးပါးဧည့်သည်သူတော်ကောင်းအပေါင်းရဲ့အကြောင်းကို နောက်တစ်ပိုင်းကျရေးပါမယ်။ရှားရှားပါးပါးဆိုတော့ များများစားစားရေးစရာတော့မရှိဘူးပေါ့။
ဆက်ရန်.....