08/11/2024
အိမ်၁လုံးဆောက်တာကို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ရှင်းပြပါလား ဆရာ။
အိမ်၁လုံးဆောက်တာမှာ လုပ်ငန်းစဉ်တွေ အနေနဲ့ .....
(1) Pre-construction planning
(2) Site preparation
(3) Earthwork excavation
(4) Foundation work
(5) Framing
(6) Mechanical, electrical and plumbing MEP systems
(7) Finishing work
(8) Final inspection and occupancy ရယ်လို့ ရှိတယ်ဗျ။
ဆရာကလဲ ဘိုလိုတွေ လုပ်ပြန်ပြီ၊ ကျွန်တော်တို့ နားလည်အောင် ပြောပါဗျာ။
ပြောမှာပါဗျ၊ တစ်ချို့က အဲလို အင်းဂလိပ်လိုတွေနဲ့ စပြောလိုက် လူရှိန်တယ် ဆိုလို့ အဟဲ။ 😃
လူရှိန်ဖို့ မလိုဘူး ဆရာရဲ့၊ နားလည်ဖို့ပဲ လိုတာ။
ဟုတ်ပါပြီဗျာ။ နံပါတ်(၁)က ပရီ .. အဲလေ .. ယောင်လို့၊ ဆောက်လုပ်ရေးအကြိုစီစဉ်မှုလုပ်ငန်းများ ဆိုပါတော့။ အဲဒီထဲ အိမ်ပုံစံဒီဇိုင်းတွေ ဆွဲရမယ်ဗျာ၊ အိမ်ဆောက်မိန့်တင်ရမယ်။ လိုအပ်ရင် soil test အဲ .. မြေသားစမ်းတာတွေ လုပ်ရမယ်။ structural design ခိုင်ခန့်မှုတွက်ချက်မှု၊ cost estimate ကုန်ကျငွေတွက်ချက်မှု တွေလဲ လုပ်ရမယ်။ ဘိုလိုလေးတွေတော့ နည်းနည်းညှပ်ပြောမယ်ဗျာ။ လုံးဝမပါရင်လဲ ရင်ထဲ ဟာတာတာကြီး။
ရပါတယ် ဆရာရယ်။
ဒုတိယက site preparation ဆိုက်ပြင်ဆင်တာပေါ့။ အဓိကကတော့ site clearing ဆိုက်ရှင်းလင်းတာပါပဲ။ အဆောက်အအုံဟောင်းရှိရင် ဖျက်မယ်၊ အပင်တွေ အမှိုက်တွေ ရှင်းမယ်၊ လိုအပ်ရင် မြေမျက်နှာပြင်ညီအောင်ညှိမယ်။ လုပ်ငန်းခွင်အတွက် site တဲ ဆောက်ရမယ်။ လုပ်ငန်းခွင်မှာ သုံးဖို့ ရေ နဲ့ မီး စီစဉ်ရမယ်။ ရေက စည်ပင်ရေလိုင်း ရှိရင်ရှိ၊ မရှိရင် tube well တူးရမယ်။ မီးအတွက် မီးမီတာ ရှိရမယ်၊ မရှိရင် မီးစက် ၁လုံး စီစဉ်ထားရမယ်။ ဒီအပိုင်းမှာ မိရိုးဖလာထုံးတမ်းစဉ်လာအရ မြေသန့်တာ၊ ပန္နက်ရိုက်တာတွေ လုပ်လို့ ရမယ်။
ပြီးရင် နံပါတ်(၃)က မြေတူးတာပဲ။ တည်ဆောက်မယ့် အဆောက်အအုံရဲ့ ဖောင်ဒေးရှင်းအတွက် မြေတူးရပါမယ်။ မြေတူးရာမှာ မြေအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရတာတွေ အမျိုးမျိုး ရှိမယ်။ ဥပမာ မြေတူးလို့ မြေပြိုတယ်ဆို မြေကာနံရံတွေ လုပ်ရမယ်။ မြေအောက်ရေ ရှိလို့ ရေထွက်တာ၊ မိုးတွင်းကြီး လုပ်ငန်းစလို့ မိုးရွာတာမှာ ရေစုတ်စက်နဲ့ ရေစုတ်ထုတ်ရတာတွေလဲ ရှိမယ်။ အဲဒါကို ဗွက်လည်တယ်လို့ ခေါ်တယ်။ ဒီအဆင့်ကို အရပ်အခေါ်ကတော့ မြေသားလုပ်ငန်းရယ်လို့ ဆိုပါတော့။
မြေတူးပြီးရင် ဖောင်ဒေးရှင်းတွေ ချရမှာပေါ့။ ဖောင်ဒေးရှင်းဆိုတာမှာ ရိုးရိုး isolated footing တိုင်ဖိနပ်ရယ် ဆိုရင်တော့ ကိစ္စမရှိပေမယ့် combined footing တွေ mat foundation တွေဆို လုပ်ဆောင်ရမှာတွေက များပြီ။ မြေကြီးက သိပ်ညံ့လွန်းလို့ pile ဖောင်ဒေးရှင်းဆို နာဖို့သာ ပြင်ပေတော့။
ဖောင်ဒေးရှင်းပြီးရင် အဆောက်အအုံ အပေါ်ပိုင်းတွေ လုပ်ရမယ်။ ကြုံတုန်းပြောရရင် မြေကြီးအောက် ဖောင်ဒေးရှင်းအပိုင်းကို sub-structure ရယ်လို့ ခေါ်ပြီး မြေကြီးအပေါ် အဆောက်အအုံပိုင်းကို super-structure ရယ်လို့ ခေါ်သဗျ။ အဲဒီ super-structure ရဲ့ ဖရိမ်ပိုင်းပေါ့။ အဲဒီဖရိမ်ထဲ တိုင်တွေ ထုတ်တွေ ကြမ်းခင်းပြင်တွေ လှေကားတွေ နံရံတွေ ပါမှာပေါ့။ အဲဒါကို အရပ်ခေါ်ကတော့ အကြမ်းထည်လို့ ခေါ်သဗျ။ အဲဒီထဲမှာ တံခါး၊ပြူတင်းတွေ တပ်လို့ ရမယ်။
ဖရိမ်ပိုင်း အကြမ်းထည် ပြီးတာမှာ ခင်ဗျားတို့ သိထားတဲ့ ရေလိုင်း မီးလိုင်း ဆိုပါတော့။ သူတို့တွေဆီတော့ MEP ဆိုလားပဲ။ တကယ်တမ်း ပြောရရင် အဲဒီထဲ ရေလိုင်း မီးလိုင်းတွေသာမက အပူပေး၊ အအေးပေးစနစ်တွေ၊ ဓါတ်လှေကားပါရင် ဓါတ်လှေကား၊ CCTV ကင်မရာတွေ၊ fire fighting မီးသတ်စနစ်တွေ စတာတွေလဲ ပါသေးတယ်။
အဲဒါတွေ ပြီးရင်တော့ finishing ဆိုတဲ့ အချောကိုင် လုပ်ငန်းတွေပေါ့ဗျာ။ နံရံအားလုံး နားတွေရှိရင် 🎵🎶 .. အဲဗျာ သီချင်းတွေ ယောင်ဆိုမိပြီ၊ sorry .. နံရံအားလုံး အချောကိုင်တာ၊ ဆေးသုတ်တာ၊ ကြွေပြားကျောက်ပြားကပ်တာ၊ ကြမ်းခင်းတွေ ခင်းတာ၊ မျက်နှာကျက်တွေ ဆင်တာ၊ လိုအပ်ရင် အတွင်းပိုင်းအလှဆင်တာ၊ နံရံကပ်ဗီရိုတွေလို ပရိဘောဂတွေရော ဆိုပါတော့။ လုံခြုံရေးအရ သံပန်း၊ သံတံခါးတွေ တပ်တာတွေလဲ ပါမယ်။ အဲဒီ finishing အပိုင်းမှာ အိမ်ရှင် လိုချင်တာတွေ စိတ်တိုင်းမကျတာတွေ များရင် များသလို လုပ်ဆောင်ရတာတွေ များမယ်။
အားလုံးပြီးပြီဆိုမှ နောက်ဆုံးအဆင့်က လူနေထိုင်ခွင့်တင်၊ သက်ဆိုင်ရာက သေသေချာချာ စစ်ဆေးပြီး လိုအပ်တာရှိရင်လဲ ပြင်ဆင်ပေါ့။ ပြီးရင် ခွင့်ပြုမိန့်ရ လူတွေ နေထိုင်ကြ။ အဲဒီမှာ နေတဲ့လူတွေ အားလုံး ပြေးထွက်လာပြီး ဟေး .. လို့အော်ပြီး တစ်ပြိုင်ထဲခုန်၊ ပြီးပါပြီ စာတန်းထိုး။
(ဆရာကြည်သာမြင့်ရေးသားသည်)
#စိတ်ချယုံကြည်SMC