18/07/2025
မြေဓာတ်ချခြင်းကို Earthing သို့မဟုတ် Grounding လို့ ခေါ်ဆိုနိုင်ပြီး အဓိကရည်ရွယ်ချက်ကတော့ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်လိုက်ခြင်းကို လျှော့ချဖို့နဲ့ ရှောင်ရှားဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ လမ်းကြောင်းတွေကနေ ဘေးထွက်လျှပ်စီး (leakage current) တွေ မြေကြီးထဲကို ရောက်ရှိသွားတဲ့အခါ မီးလောင်ကျွမ်းမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လျှပ်စီးသယ်ဆောင်တဲ့ပစ္စည်း (Conductor) ရဲ့ (Potential) က ဒီဇိုင်းသတ်မှတ်ထားတဲ့ ခံနိုင်ရည်ထက် မကျော်လွန်စေဘဲ မြေကြီးထဲကို စနစ်တကျ ရောက်ရှိစေဖို့လည်း ဆောင်ရွက်ရပါတယ်။
Earthing နဲ့ Grounding ဆိုတာ အမျိုးအစားအားဖြင့် တူညီတဲ့ လုပ်ငန်းစဉ်တွေပါပဲ။ မြောက်အမေရိကမှာတော့ အများအားဖြင့် Grounding လို့ သုံးစွဲကြပြီး၊ IEEE, NEC, ANSI, UL စတဲ့ စံနှုန်းတွေကို အသုံးပြုပါတယ်။ ဥရောပမှာတော့ Earthing လို့ ခေါ်ဆိုပြီး ဗြိတိန်စံနှုန်း၊ IS နဲ့ IEC စံနှုန်းတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။
Bonding ဆိုတာကတော့ ကွန်ဒတ်တာကြိုးတွေ၊ ပိုက်တွေ အသုံးပြုတဲ့အခါ ဝါယာနှစ်ချောင်းကို ဆက်သွယ်တာမျိုးပါ။ မတူညီတဲ့ စက်ပစ္စည်းတွေရဲ့ သံထည် (metallic) အပိုင်းတွေကို ဆက်သွယ်မှု ပြုလုပ်တာကို ဆိုလိုပါတယ်။
Earthing လုပ်ငန်းဆိုတာ တစ်ထိုင်တည်း၊ တစ်နေရာတည်း၊ အခန်းကဏ္ဌတစ်ခုတည်းနဲ့ ပြောလို့ မပြီးနိုင်ပါဘူး။ လူနေအိမ်တွေ၊ အဆောက်အအုံတွေမှာ တစ်မျိုး၊ စက်ရုံ၊ အလုပ်ရုံ၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံတွေမှာ တစ်မျိုး စသဖြင့် ပြုလုပ်ရတဲ့ပုံစံတွေ များပြားကျယ်ပြန့်ပါတယ်။ Earthing ဆိုတာ လက်ရှိစာစုလေးတစ်ခုစာလောက်သာမကပဲ၊ ကျမ်းတစ်စောင်ပေတစ်ဖွဲ့မက အခြေခံအကြောင်းအရာ၊ ဆက်နွှယ်မှု၊ ပြုလုပ်ပုံ၊ တိုင်းတာမှု၊ တွက်ချက်မှု၊ ရလဒ်တန်ဖိုး စတာတွေနဲ့ လူနဲ့ စက်ပစ္စည်းတွေကို ဘေးဥပဒ်မဖြစ်အောင် သေသေချာချာ ဆောင်ရွက်ရတဲ့ ကြီးမားတဲ့ ဘာသာရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။
Earthing လုပ်ငန်းဟာ လျှပ်စစ်သမားတွေနဲ့သာ သက်ဆိုင်တဲ့ ဘာသာရပ်မဟုတ်ပါဘူး။ Earthing ရလဒ်တွေ ကောင်းမွန်အောင်၊ Earthing Resistance တွေ မှန်ကန်တဲ့အနေအထား ရရှိအောင် ဆောင်ရွက်ရာမှာ မြို့ပြအင်ဂျင်နီယာတွေလို တခြားအင်ဂျင်နီယာတွေလည်း အာရုံစူးစိုက် နားလည်ထားဖို့ လိုအပ်ပါတယ်။ တခြားသူတွေအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းရေး (Safety) အတွက် လေ့လာထားသင့်ပါတယ်။ ဒါကြောင့် Earthing အကြောင်းအရာဟာ အရေးကြီးကြောင်း မီးမောင်းထိုးပြခြင်းဖြစ်ပါတယ်။
Earthing (သို့မဟုတ်) Grounding ဆိုတာ လျှပ်စစ်ဆိုင်ရာ တပ်ဆင်မှုတစ်ခုရဲ့ လျှပ်ကူးနိုင်တဲ့အပိုင်း (သံ၊ ကြေး စတဲ့အပိုင်း) ကနေ မြေကြီး (Ground) ဆီကို ဆက်သွယ်မှု ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် အလုပ်လုပ်နေစဉ်အတွင်း အန္တရာယ် လျော့ပါးစေဖို့ (သို့မဟုတ်) ရှောင်ရှားဖို့အတွက် ဓာတ်အားပေးစနစ်ရဲ့ နယူထရယ်မှတ် (Neutral point) ကို မြေကြီးနဲ့ ဆက်သွယ်တာလို့လည်း ဆိုနိုင်ပါတယ်။
အကယ်၍ လူတစ်ဦးဟာ သံထည်လို ဓာတ်အားဝင်နေတဲ့ အရာကို ထိတွေ့ကိုင်တွယ်မိမယ်ဆိုရင် အမျိုးမျိုးသော လျှပ်စစ်ရှော့ခ် (SHOCK) ရရှိနိုင်ပါတယ်။ ဒီလို ရုတ်တရက်ဖြစ်တတ်တာတွေကို ရှောင်ရှားနိုင်ဖို့ ဓာတ်အားပေးစနစ်နဲ့ လုပ်ဆောင်ချက်အစိတ်အပိုင်းတွေကို 'Earthed' ပြုလုပ်ခြင်းအားဖြင့် စီးဝင်နေတဲ့ ဓာတ်အားကို မြေကြီးဆီ တိုက်ရိုက်ရွေ့ပြောင်းသွားစေမှာ ဖြစ်ပါတယ်။
Earthing ပြုလုပ်ရာမှာ အောက်ပါ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရပါမယ်..
~ လူ့အသက်ကို ကာကွယ်ဖို့၊ လျှပ်စစ်ကိရိယာနဲ့ လုပ်ဆောင်ချက်တွေကို ဘေးထွက်လျှပ်စီး (Leakage Current) ကနေ အန္တရာယ်ကင်းအောင် စီမံဖို့ လိုပါတယ်။ Phase တစ်ခုမှာ အမှားအယွင်း (Fault) ဖြစ်ပေါ်ရင် ကောင်းမွန်နေတဲ့ Phase ရဲ့ ဗို့အားကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ဖို့ လုပ်ဆောင်ရပါမယ်။ လျှပ်စစ်စနစ်ကို ကာကွယ်ဖို့နဲ့ အဆောက်အအုံတွေကို မိုးကြိုးထိခြင်းကနေ ကာကွယ်ဖို့ လိုပါမယ်။
~ လျှပ်စစ်စနစ်ဆိုင်ရာ လမ်းကြောင်းနဲ့ ဆက်သွယ်မှု ကိစ္စတွေမှာ return conductor တစ်ခုအဖြစ် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လျှပ်စစ်စနစ်တပ်ဆင်မှုအတွင်းမှာ မီးဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက်လည်း လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
လျှပ်စစ်စနစ်မှာ Earthing နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အသုံးအနှုန်းအမျိုးအစားတွေ ရှိပါတယ်
~ လျှပ်စစ်တပ်ဆင်မှုစနစ်တွေမှာ ကွန်ဒတ်တာ (Conductor) ကနေတစ်ဆင့် မြေကြီးထဲက မြေဓာတ်ပြား / ပလိပ်ပြား (Electrode) ဆီကို သင့်လျော်တဲ့ ဆက်သွယ်မှု ပြုလုပ်ထားတာမျိုးကို Earth လို့ ခေါ်ပါတယ်။
~ လျှပ်စစ်ကိရိယာ၊ လျှပ်စစ်ဆိုင်ရာ လုပ်ဆောင်မှုနှင့် ဝါယာရင်းစနစ်တစ်ခုခုကနေ Earth electrode ကိုဖြတ်ပြီး Earth ဆီကို ဆက်သွယ်တာကို Earthed လို့ ခေါ်ပါတယ်။ ၎င်းကို Earthed device လို့လည်း ခေါ်ဆိုနိုင်ပါတယ်။
~ လျှပ်စစ်ကိရိယာ၊ လျှပ်စစ်ဆိုင်ရာ လုပ်ဆောင်မှုနှင့် လျှပ်စစ်ပိုင်းတပ်ဆင်မှုတွေကနေ ဒဏ်ခံကြိုး (Fuse), ပတ်လမ်းဖြတ်ခလုတ် (Circuit Breaker), ခုခံမှု (Resistor) စတာတွေ မပါဘဲ Earth electrode ဆီကို တိုက်ရိုက်ဆက်သွယ်ထားတာကို Solidly Earthed လို့ ခေါ်ပါတယ်။
~ လျှပ်ကူးနိုင်တဲ့ပစ္စည်း ကြိုးလည်း ဖြစ်နိုင်သလို၊ လျှပ်ကူးနိုင်တဲ့ တခြားသတ္တုပြားတစ်ခုခုလည်း ဖြစ်နိုင်တဲ့ ကွန်ဒတ်တာတစ်ခုကို မြေကြီးထဲမှာ မြှုပ်ထားတာကို Earth electrode လို့ ခေါ်ပါတယ်။ Earth electrode ဟာ လေးထောင့်ပလိပ်ပြား၊ Rod လို အချောင်းမျိုး၊ သတ္တုပိုက်လိုမျိုး အရာတွေနဲ့ တခြားခုခံမှုနည်းတဲ့ လျှပ်ကူးပစ္စည်းတွေ ဖြစ်ပါတယ်။
~ Earth electrode လို့ ခေါ်တဲ့ အရာတွေနဲ့ လျှပ်စစ်ပိုင်းတပ်ဆင်မှုစနစ် အကြားမှာ လျှပ်ကူးနိုင်တဲ့ ဝါယာကြိုး (သို့မဟုတ်) လျှပ်ကူးနိုင်တဲ့ လမ်းကြောင်း ဆက်သွယ်ထားတာကို Earth Lead လို့ ခေါ်ပါတယ်။
~ လျှပ်စစ်ဘုတ်ခုံနဲ့ ပလပ်ခေါင်းတွေလို လျှပ်စစ်ကိရိယာတွေကြားမှာ ဆက်သွယ်ထားတဲ့ ဝါယာကြိုးကို ခေါ်ပါတယ်။ Earth Lead နဲ့ လျှပ်စစ်ပစ္စည်းတွေအကြားမှာ ရှိတဲ့ ဝါယာကို Earth Continuity Conductor လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါဟာ သတ္တုပိုက်ပုံစံ တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းနဲ့ Flexible wire အနေနဲ့လည်း ရှိနိုင်ပါတယ်။
~ Earth electrode နဲ့ Earth အကြားမှာ ရှိတဲ့ စုစုပေါင်း ခုခံမှု (Ohm) တန်ဖိုးကို ခေါ်ပါတယ်။ Earth, Earth electrode, Earth lead, Earth continuity conductor တွေအားလုံးရဲ့ စုစုပေါင်း ခုခံမှုရလဒ်ပဲ ဖြစ်ပါတယ်။
'Earthed' ပြုလုပ်သင့်တဲ့ နေရာများကိုဆက်ပြောပါမယ်
~ လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့နေရာတိုင်းနီးပါးမှာ Earthing ပြုလုပ်သင့်ပါတယ်။ အဓိကအားဖြင့်ကျွန်တော်တို့အသုံးပြုနေကြတဲ့ သုံးပင်၊ လေးပင် (3Pin/4Pin) ပလပ်တွေမှာ အမြဲတမ်း 'earthed' ပြုလုပ်ထားသင့်ပါတယ်။ ဒါကြောင့်မို့လို့ ပလပ်တွေမှာ Earth Pin ပါဝင်နေတာ ဖြစ်ပါတယ်။
~ သံထည်ပါဝင်တဲ့ အရာတွေနှင့် လျှပ်စစ်ဓာတ်အားသုံးနေတဲ့ လိုင်းကို ကာကွယ်ထားတဲ့ သွပ်ရည်စိမ်ပိုက် / GI ပိုက်၊ Iron clad ခလုတ်ပါတဲ့ PVC Cable တွေ၊ Iron clad ပါတဲ့ ဖျူးခုံ စတဲ့နေရာတွေမှာ 'earthed' ပြုလုပ်သင့်ပြီး Earth ကို ဆက်သွယ်ထားသင့်ပါတယ်။
~ မီးစက်/ဂျင်နရေတာစက်တွေအားလုံးရဲ့ ဖရိန်တွေ၊ စက်ရုံသုံး မော်တာတွေနဲ့ ထရန်စဖော်မာတွေရဲ့ သတ္တုအစိတ်အပိုင်းတွေကို စွမ်းအင်ထိန်းသိမ်းဖို့အတွက် သီးသန့် 'earthed' လုပ်သင့်ပါတယ်။ Earth နဲ့ လုံးဝ သိသာထင်ရှားစွာ Connection ပြုလုပ်ထားရပါမယ်။
~ ကောင်းကင်ဓာတ်အားလိုင်း (Overhead Line) တွေမှာ ပါဝင်တဲ့ ဆိုင်းကြိုး/စတေးကြိုး (Stay Wires) တွေရဲ့ အနည်းဆုံး အလွန်း (strand) တစ်ချောင်းကို Earth wires ဆီကို ဆက်ပေးပြီး Earth ဆီကို ဆက်သွယ်ထားသင့်ပါတယ်။