22/08/2024
🦠 #မျောက်ကျောက်နဲ့ပတ်သက်ပြီးဘာတွေသိထားရမလဲ❓
အရေးအကြီးဆုံးက #ကိုယ့်နိုင်ငံမှာ ဘယ်မျိုးကွဲတွေ့တာလဲ သိရမယ်။ (ကူးစက်နှုန်းနဲ့ ရောဂါပြင်းထန်နှုန်း ကွာလို့ အဲ့လိုခွဲသိဖို့ လိုတာဖြစ်တယ်။)
▪️မျောက်ကျောက်မှာမျိုးကွဲ (၂) မျိုးရှိတယ်။
မျိုးကွဲ (၁) = Clade 1 နဲ့
မျိုးကွဲ (၂) = Clade 2
Clade 1 က Clade 2 ထက်စာရင် ရောဂါကူးစက်ခံရပြီးရင် အဖိတ်အစဉ်ပိုများတယ်။
Clade 1 က လူ ၁၀၀ မှာ ၁၀ ယောက်အထိ လူသေဆုံးတဲ့နှုန်းရှိတယ်။ အာဖရိကအလယ်ပိုင်းမှာ အဓိကအဖြစ်များတယ်။
Clade 2 ကကူးစက်တာပိုလွယ်ပေမဲ့ လူသေဆုံးမှုနည်းတယ်။ အာဖရိကအနောက်ပိုင်းနဲ့ တောင်အာဖရိကမှာ တွေ့ရတယ်။
ဟိုးတချိန်မျောက်တွေမှာဖြစ်တဲ့ ကျောက်ရောဂါ (မျောက်ကျောက်) ဟာလူတွေကိုကူးစက်တော့ အာဖရိကနိုင်ငံလက်တစ်ဆုပ်စာမှာပဲဖြစ်ခဲ့တာဖြစ်ပြီး ကမ္ဘာကိုမပြန့်သေးဘူး။
အဲ့ဒီကနေ ၂၀၂၂ နဲ့ ၂၀၂၃ ဟာ အနောက်နိုင်ငံတွေကိုပြန့်နှံ့သွားရာကနေ ကျန်ကမ္ဘာ့နိုင်ငံတွေအထိပါ ပြန့်နှံ့သွားတာဖြစ်ပါတယ်။
၂၀၂၂ နဲ့ ၂၀၂၃ မှာ Clade 2 အဓိကဖြစ်ပြီး ရောဂါကူးစက်မှုများပေမဲ့ လူအယောက် (၁) သိန်းဖြစ်ရင် အယောက် (၂၀၀) လောက်ပဲ သေဆုံးခဲ့တာပါ။ ဒါတောင် အဲ့ဒီအယောက် ၂၀၀ ထဲကအချို့ဟာ HIV ရောဂါကူးစက်ထားလို့ ကိုယ်ခံအားကျနေပြီး မျောက်ကျောက်ကူးစက်ခံရချိန်မှာ ရောဂါပြင်းထန်သွားတာပါ။
၂၀၂၂ နဲ့ ၂၀၂၃ မှာအဓိက ကူးစက်ခဲ့တာက လိင်တူ/လိင်ကွဲ လိင်ဆက်ဆံရင်းကူးစက်ခဲ့တာဖြစ်ပါတယ်။
👉 အဲ့ဒီတော့ ကိုယ့်နိုင်ငံမှာတွေ့တာ Clade 1 ဖြစ်တယ်လို့ဆိုရင် ပိုဂရုစိုက်ရမယ်။ လိင်ကနေကူးစက်မှုကို သတိထားရမယ်။
Clade 1 ကနေ Clade 1a နဲ့ Clade 1b ကွဲတာ၊ Clade 2 ကနေ Clade 2a နဲ့ Clade 2b ကွဲတာရှိတယ်။ ဒါပေမဲ့ သုတေသနပညာရှင်တွေက မီဒီယာတွေမှာ ရေးနေတာကိုအလွယ်တကူမယုံဖို့နဲ့ သတိထားဖို့ပြောထားလို့ 1a, 1b, 2a, 2b အကြောင်းကို မပြောသေးပါ။
"လက်ရှိမှာ Clade 1 က Clade 2 ထက်ပိုရောဂါပြင်းထန်တယ်ဆိုတာပဲသိထားရမယ်လို့ နယ်သာလန်ပိုးမွှားဗေဒပါမောက္ခ Marion Koopmans ကပြောပါတယ်။"
▪️နောက်ထပ်သတိထားရမှာက #အဟာရမပြည့်ဝတဲ့ကလေးသူငယ်တွေမှာ သေဆုံးနိုင်ခြေများတာဖြစ်တယ်။
Clade 1 ဖြစ်နေတဲ့ DRC ကွန်ဂိုနိုင်ငံမှာ ရောဂါဖြစ်သူ (၁၅၀၀၀) မှာ ကလေး (၅၀၀) သေဆုံးခဲ့ပြီး အများစုကအဟာရမပြည့်သူတွေဖြစ်တယ်။
မျောက်ကျောက်ကြောင့် ရောဂါပြင်းထန်မှုသလားမပြင်းထန်သလားဆိုတာမှာ Clade 1 ဟုတ်မဟုတ်အပြင် အဓိကအချက်တစ်ခုက #သေချာဂရုတစိုက်ဆေးကုသခွင့် ဘယ်လောက်ရသလဲအပေါ်မှာ မူတည်တယ်။
သေသေချာချာကြပ်ကြပ်မတ်မတ်နဲ့ ကုသနိုင်ရင်၊ ရောဂါဖြစ်သူဟာ အဟာရပြည့်ဝအောင်စားရသူဖြစ်နေရင်၊ ကိုယ်ခံစွမ်းအားကျဆင်းနေသူမဖြစ်ခဲ့ရင် ရောဂါကြောင့် အဖိတ်အစဉ်နည်းပါတယ်။
မျောက်ကျောက်ဟာ ဗိုင်းရပ်စ်အမျိုးအစားဖြစ်တယ်။ သူကနေလူကိုရောဂါဖြစ်စေပြီး လူရဲ့ခုခံအားကျဆင်းနေချိန်မှာ အခြားရောဂါပိုးနဲ့ ဘက်တီရီးယားကဝင်လာပြီး လူကိုရောဂါပြင်းထန်စေမှာဖြစ်လို့ အပေါ်မှာရေးထားတဲ့ ကြပ်ကြပ်မတ်မတ်ကုနိုင်ရင်၊ အဟာရပြည့်ရင်၊ ခုခံအားနည်းတဲ့ရောဂါရှိသူမဟုတ်ရင်ဆိုတဲ့ အချက်ကိုပြောရတာဖြစ်ပါတယ်။
▪️လေထဲကကူးစက်တာမဟုတ်လို့ 😷 ပါးစပ်အုပ်မအုပ်က အဓိကမဟုတ်ပါ။ အဓိကက ရောဂါရှိသူနဲ့အရေပြားခြင်းထိတွေ့မှုကြာရှည်စွာမရှိဖို့က အဓိကဖြစ်တယ်။
ရောဂါလက္ခဏာပြနေတဲ့သူနဲ့ လိင်ဆက်ဆံမှု၊ လူချင်းပွေ့ဖက်နမ်းရှုပ်မှုကနေ အဓိကကူးစက်တာဖြစ်တယ်။
ရောဂါရှိသူနဲ့အနီးကပ် ၃ နာရီကနေ ၆ နာရီကြာစကားပြောဆိုခဲ့သူမှာ ကူးစက်မှုမရှိတာကို တွေ့ရတယ်။
ရောဂါရှိသူဝတ်တဲ့အဝတ်တို့ စောင်ခေါင်းအုံးတို့က ကူးနိုင်တယ်ဆိုပေမဲ့ လူချင်းပွေ့ဖက်နမ်းရှုပ်တာ၊ လိင်ဆက်လို့ကူးစက်တာလောက် မများဘူး။
▪️တိရိစ္ဆာန်ကနေလူကိုကူးစက်နိုင်တယ်ဆိုပေမဲ့ သိပ်မစိုးရိမ်ရသေးဘူး။ ဟိုးအစောပိုင်းကာလက မျောက်ကနေလူကို ကူးစက်ခဲ့တာတော့ရှိတယ်။ ဘယ်နိုင်ငံမှာဖြင့် ကြောင်ကခွေးကနေ လူကိုကူးလို့ဆိုတာ မကြားရသေးဘူး။ လူလူခြင်းပွေ့ဖက်နမ်းရှုပ်လို့ကူးစက်တာက အဓိကဖြစ်နေတယ်။
အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ ကလပ်တွေ ကေတီဗီသွားတာ၊ အပြင်ကလူနဲ့လိင်တူလိင်ကွဲဆက်ဆံတာ၊ ပွေ့ဖက်နမ်းရှုပ်တာကို ရှောင်ကြဉ်ပါ။
▪️အိမ်နီးချင်းထိုင်းမှာ အရေးကြီးတာက ရောဂါပြင်းထန်တဲ့ Clade 1 လို့ သံသယရှိတဲ့ အသက် (၆၆) နှစ်ရှိသူ အနောက်နိုင်ငံသားခရီးသွားဟာ အာဖရိကကနေ ထိုင်းနိုင်ငံကို ဩဂုတ်လ ၁၄ ရက်နေ့မှာရောက်လာခဲ့တယ်လို့ ဆိုတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီမှာရောက်လာပြီး ဩဂုတ်လ ၁၅ ရက်နေ့မှာ ဆေးရုံသွားပြီးဆရာဝန်သွားပြတာဖြစ်တယ်။
စစ်ကြည့်တော့ ထိုင်းမှာအရင်တွေ့ထားတဲ့ Clade 2 မဟုတ်တာသေချာတယ်။ Clade 1 လား? မျိုးကွဲထပ်ကွဲတဲ့ Clade 1b လား မသေချာသေးဘူးလို့ ဆိုတယ်။
သူနဲ့ထိတွေ့မှုရှိနိုင်တဲ့ လူ (၄၃) ယောက်ကို ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်နေတယ်။
ထိုင်းမှာ အခုထိ ကူးစက်လွယ်ပြီး ရောဂါပြင်းထန်မှုနည်းတဲ့ Clade 2 ကူးစက်သူ အယောက် (၈၀၀) တွေ့ထားပါတယ်။ Clade 1 လိုထင်ရတဲ့သူကို ပထမဆုံးတွေ့တာဖြစ်ပါတယ်။
ကျန်တဲ့နိုင်ငံတွေထက် ထိုင်းကိုအဓိကရေးတယ်ဆိုတာက ထိုင်းကမြန်မာတွေအများဆုံးကူးလူးသွားရောက်တာရယ်၊ ထိုင်မှာနေတဲ့မြန်မာများတာရယ်ကြောင့် ဖြစ်ပါတယ်။
#လူကနေတိရိစ္ဆာန်ကိုကူးစက်နိုင်လား❓
လူတစ်ယောက်ဟာ သူ့ရဲ့အသက် (၄) နှစ်ရှိ အီတလီခွေးနဲ့ဖက်အိပ်ရာကနေ သခင်မှာရောဂါစတွေ့ပြီး ၁၂ ရက်အကြာမှာ ခွေးမှာ မျောက်ကျောက်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
မျောက်ကျောက်ကာကွယ်ဆေးအရေးပေါ်ချက်ချင်းကြီးထိုးထားဖို့လိုနေပြီလား❓
ချက်ချင်းကြီးထိုးထားမှရမယ်လို့မဟုတ်ပါ။ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့နေထိုင်မှုရှိတယ် (သို့မဟုတ်) ရောဂါရှိသူနဲ့ လိင်ဆက်ဆံမိတယ်ဆိုရင်၊ သို့မဟုတ် ကိုယ်ခံအားနည်းမှုရောဂါတစ်ခုခုရှိရင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
ရောဂါကူးစက်သူနဲ့အတူအိပ်မိရင်ရော #ကာကွယ်ဆေးထိုးလို့မီအုံးမလား❓
ရောဂါရှိသူနဲ့အနီးကပ်ထိတွေ့မှုရှိပြီး ၄ ရက်အတွင်း ကာကွယ်ဆေးထိုးရင် ရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါသေးတယ်။
၄ ရက်ကနေ ၁၄ ရက်အတွင်း ကာကွယ်ဆေးထိုးခဲ့ရင် ရောဂါဖြစ်ခဲ့ရင် ပြင်းထန်နိုင်ခြေနည်းပါတယ်။
မျောက်ကျောက်ကာကွယ်ဆေးရှိလား❓
အမေရိကန် CDC က JYNNEOS®️ နဲ့ ACAM2000®️ကာကွယ်ဆေး (၂) မျိုးကို may be used to prevent mpox (ကာကွယ်ရန်အလို့ငှာ သုံးလို့ရနိုင်ကြောင်း) ကြေညာထားတယ်။
JYNNEOS®️ က ရေကျောက်နဲ့မျောက်ကျောက်အတွက် ထုတ်ထားတာဖြစ်တယ်။ ၂၀၂၂ ခုနှစ်မှာ Clade 2 မျိုးကွဲစပြန့်တော့ အမေရိကန်က JYNNEOS®️ ကို ကာကွယ်ဆေးအဖြစ်အဓိက သုံးခဲ့ပါတယ်။
ACAM2000®️က ရေကျောက်အတွက်ထုတ်ထားတာဖြစ်ပြီး လက်ရှိ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာကိုစပြန့်တဲ့ Clade 2 မျိုးကွဲအတွက် ACAM2000®️ကို မသုံးရသေးဘူးလို့ ဆိုပါတယ်။
အမေရိကန် CDC က JYNNEOS®️ ကို ACAM2000®️ထက်စာရင်ပိုကြိုက်တာက JYNNEOS®️ မှာပါတဲ့ ဗိုင်းရပ်စ်က မပွားတဲ့အတွက် HIV ရောဂါရှိတဲ့လူတွေအတွက် ပိုအန္တရာယ်ကင်းလို့ ဖြစ်ပါတယ်။
မျောက်ကျောက်ဖြစ်ရင်ဆေးရုံတက်ဖို့လိုသလား❓
အခုထိလေ့လာမှုအရ ရောဂါဖြစ်သူ ၉ ယောက်မှာ ၁ ယောက်ပဲ ဆေးရုံတက်ဖို့လိုမယ်။ အဓိကပြဿနာက မျောက်ကျောက်ကြောင့် အနာတွေကနေနာကျင်ကိုက်ခဲမှုခံစားရပြီး ဘက်တီးရီယားဝင်ပြီးရောဂါပြင်းထန်လို့ ဆေးရုံတင်ရတာဖြစ်ပါတယ်။
ဆေးရုံတင်ရတဲ့လူနာတွေမှာ tecovirimat (TPOXX) လို antiviral ဆေးတွေပေးတတ်တယ်လို့ဆိုပါတယ်။
ကျောင်းတွေကနေကူးစက်ပြန့်ပွားဖို့လွယ်ပါသလား❓
မလွယ်ပါ။ အရမ်းကြီးမစိုးရိမ်ပါနဲ့။
ယခုမျောက်ကျောက်ပြန့်နှံ့မှုက အရင်ပြန့်နှံ့မှုထက် ဘာထူးခြားသလဲ❓
အရင်က တောတိရိစ္ဆာန်ကိုဖမ်းဆီးချက်စားတာ၊ တောတိရိစ္ဆာန်ကိုအိမ်မှာမမွေးသင့်ပဲမွေးမိတာ၊ ကြွက်လိုအကောင်ကနေလူကိုစတင်ကူးစက်ပြန့်နှံ့တာဖြစ်ပြီး ယခုဖြစ်နေတဲ့ပိုးက လူလူခြင်းကူးစက်ရာကနေ ကမ္ဘာကိုပြန့်သွားတာဖြစ်ပါတယ်။
ရောဂါပိုးကူးစက်ခံရပြီးရင် ရောဂါပျိုးရက်ဘယ်လောက်ကြာနိုင်သလဲ❓
ရောဂါပိုးရှိသူနဲ့ လက်ပွန်းတတီးနေမိ (prolong skin to skin contact) ရာကနေ ရောဂါပိုးစဝင်ပြီး ၁ ရက်ကနေ ၂၁ ရက်အတွင်း ရောဂါဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေတွေ့ရင် မျောက်ကျောက်ဟုတ်မဟုတ်စောင့်ကြည့်ရမလဲ❓
ပါးစပ်၊ မျက်နှာ၊ လက်တွေခြေထောက်တွေနဲ့ လိင်အင်္ဂါအနီးတစ်ဝိုက်မှာ အနီကွက်တွေထတာ၊ အရည်ကြည်ဖုတွေပေါ်နေတာမျိုး၊
လည်းပင်းအကျိတ်တွေရောင်တာ၊ ဖျားပြီးအပူချိန်တက်တာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ ကျောအောင့်တာ၊ ကြွက်သားနာတာတွေဟာ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။
#ဘာတွေရှောင်ရအုံးမလဲ❓
မျောက်ကျောက်ဟာ သတ်သတ်လွတ်စားခြင်းမစားခြင်းနဲ့မဆိုင်ပါ။
ယတြာချေပြီးကာကွယ်လို့မရပါ။
တစ်ခုခုဆိုရင် #ရမ်းကုဆီပြေးတာရှောင်ပါ။ ကိုယ်ကမျောက်ကျောက်ကြောင့်မဟုတ်ပဲ သာမန်ဖျားတာကို ရမ်းကုဆီပြေးတဲ့အခါမှာ ရမ်းကုဆီမှာလူတွေပြုံတိုးပြီး လူလူခြင်းအနီးကပ်ထိတွေ့မှုများတဲ့အတွက် မျောက်ကျောက်ကူးစက်လာနိုင်တာကို သတိထားဖို့လိုပါတယ်။
ဒီလောက်ဆိုရင် အားလုံးရေးစေချင်တဲ့အတိုင်း တတ်နိုင်သလောက်ပြည့်စုံစွာရေးပြီးပြီလို့ ထင်ပါတယ်။ တကယ်တော့ ၂၀၂၂ မှာရော ၂၀၂၃ မှာရော ကျနော်ရေးသားခဲ့ဖူးပါတယ်။
အမိမြန်မာပြည်မှာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကြောင့် လူတွေဟာအဟာရပြည့်ဝစွာမစားရတာ၊ ဆေးကောင်းဝါးကောင်းကိုလက်လှမ်းမမီတာ၊ ရမ်းကုတွေသောင်းကျန်းနေတာ၊ သမားအစစ်တွေမေ့လျော့ခံဖြစ်နေတာတွေကြောင့် တစ်ခုခုဖြစ်ရင်သတိထားဖို့လိုပါတယ်။
စင်ကာပူကျန်းမာရေးဝန်ကြီးပြောခဲ့တဲ့အတိုင်းပြောရရင် မျောက်ကျောက်က ချက်ချင်းကြီးအန္တရာယ်ပေးနိုင်မှုနည်းပါတယ်။
Low immediate risk ပါ။ ဒါပေမဲ့ ခရီးသွားသူတွေရှိနေတဲ့အတွက် မျောက်ကျောက်ဟာ တနေ့မဟုတ်တနေ့တော့ ကိုယ့်ပြည်တွင်းကို ရောက်လာနိုင်ပါတယ်။
အားလုံးမျောက်ကျောက်ရောဂါက ကင်းဝေးကြပါစေ။
Richard Myo Thant
22-August -2024