23/09/2023
🙏ပြည့်စုံတဲ့ဘဝတစ်ခုသို့
━━━━━━━━━━━
ဘုန်းကြီးတို့အသက်(၈၀)ကျမှ
တော်တော်များများ ပြည့်စုံတာဗျာ။
ဒီလိုပြည့်စုံအောင်
ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့
အကြာကြီး လုပ်ရတာ။
ဘုရားအလောင်း နည်းလမ်း(၅)မျိုးနဲ့
လုပ်တယ်။
💚 နံပါတ်(၁)
စိရကာလ ဘာဝနာ -
လုပ်ငန်းတစ်ခုကို
ကြီးကြီးကျယ်ကျယ်တွေးကြံ
အောင်မြင်ဖို့ဆိုတာဟာ
အကြာကြီးလုပ်ရတာ။
ခနတစ်ဖြုတ်လေး လုပ်၊
တောကြာ နောက်တစ်ခုပြောင်း၊
ဒီလိုလုပ်နေရင်
ဘယ်တော့မှ ကြီးကျယ်တဲ့ အရာတွေကို
မလုပ်နိုင်ဘူး။
ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင်
အကြာကြီးလုပ်။
💚 နံပါတ်(၂) နောက်တစ်ခုက
နိရန္တရ ဘာဝနာ -
မရပ်မနားကို လုပ်ရတာ။
ဘုရားအလောင်းသိဒ္ဒတ္ထ
ဥရုဝေလမှာ ၆ နှစ်ကျင့်တုန်းက
အနားယူ အပန်းဖြေတယ်ဆိုတာ
စာထဲတွေ့ဖူးလား?
ဥပုသ်နေ့လည်း နားဦးမယ် ရှိလား?
အခုတော့ ဥပုသ်နေ့ဆိုတာနဲ့
စာတွေနားပြီး နေကြတယ်။
ဘုရားအလောင်း
ဥပုသ်နေ့ နားတယ်ဆိုတာ
မရှိပါဘူး။ ဒို့ မနားဘူး။
အနားမရှိဘူး။ အခုထိလုပ်တယ်။
💚 နံပါတ်(၃)က
နိရဝသေသ ဘာဝနာ -
ကောင်းတယ်ဆိုတဲ့အလုပ်
ကောင်းမှုဆိုတဲ့အလုပ်
ဘာမှ ချန်မထားနဲ့။
ဘုရားပန်းကပ်မယ် ပန်းတော်ကပ်မယ်
ရေမလဲဘဲ လုပ်မသွားနဲ့။
ပန်းတော့ ကပ်တယ်
ဘုရားခန်း တံမျက်စည်း မလှည်းဘဲ
ထွက်မသွားနဲ့။
ဆွမ်းတော့ ကပ်တယ်။
ဆွမ်းကို ထန်းလျှက်ခဲလေးတင် မကပ်နဲ့။
ဟင်းလေးလည်း ထည့်။
ကောင်းမှု မှန်သမျှ ဘာမှမကျန်စေနဲ့။
ဘုန်းကြီးတို့ ကြိုးစားပြီးတော့ လုပ်တာ။
အများကြီးပဲ။
ဆေးရုံတွေရော၊ ရေတွေရော။
ငတ်ပြတ်နေတယ်ဆိုရင်လည်း
သွားကျွေးတာပဲ။
ရေနစ်ဆိုလည်း သွားကူတာပဲ။
မီးလောင်လည်း သွားပေးတာပဲ။
ကောင်းမှု မှန်သမျှ အကုန်လုပ်။
အဲ့ဒါ ဘာခေါ်သလဲ?
နိရဝသေသ ဘာဝနာ။
ဒို့ကတော့ ဒါလေးပဲ ဆိုရင်
အဲ့ဒီဘက်မှာပဲ အဲ့ဒီလူ
ထူးချွန်သွားလိမ့်မယ်။
ဒီပြင်ဟာတွေ ကျန်နေခဲ့တတ်တယ်။
💚 နံပါတ်(၄) နောက်တစ်ခုက
သက်ကစ်စ ဘာဝနာ -
ရိုရိုသေသေ လေးလေးစားစား လုပ်ကြ။
ပေါ့ပေါ့ဆဆ မလုပ်နဲ့။
မင်္ဂလာသုတ်ဖတ်လိုက်ရင်-
"ဘဂဝါ သာဝတ်ထိယံ ဝိဟာရတိ
ဇေတဝနေ အနာထ
ပိဏ္ဍိကဿအာရာမေ"
ဘယ်သုတ္တံ ဖတ်ဖတ်
အနာထပိဏ္ဍိကဿအာရာမေတွေ
များဘူးလား?
ပုညလက္ခဏဒေဝီအာရာမေ ဆိုတာ
တစ်သုတ်မှ မရှိဘူး။
ပုညလက်ခဏဒဝေီက
အနာထပိဏ်ရဲ့ ဇနီးလေ။
ကောင်းမှု နှစ်ယောက်လုပ်တာ
တစ်ယောက်ထဲ နာမည်ထွက်တယ်။
တစ်ယောက်က နာမည်ပျောက်နေတယ်။
ဘာဖြစ်လိုလဲ?
မရိုမသေ အသက္ကစ္စ ဒါန လုပ်တဲ့
ပုဂ္ဂိုလ်ဟာ… မကျော်ကြားဘူး။
ရိုရိုသေသေ သက္ကစ္စ ဒါန လုပ်တဲ့ ပုဂ္ဂိုလ်က
ဘာဖြစ်လဲ? ကျော်ကြားတယ်။
ဒါ့ကြောင့် သက္ကစ္စဘာဝနာ
ရိုရိုသေသေ လေးလေးစားစား
အလုပ်လုပ်ကြပါ။
ပေါ့ပေါ့ဆဆ မလုပ်နဲ့။
💚 နံပါတ်(၅)က
အဘိရတိ ဘာဝနာ -
ပျော်ပျော်ပါးပါးလုပ်။
ဆရာလေးတွေ သိတာပေါ့၊
သီတဂူဆိုတာ ရေပေးတာ။
ဆေးရုံဆောက်တာ။
တရားဟော
ဘယ်လောက်ပျော်သလဲ မေးရင်
အခုထိ ပျော်တုန်းပဲ။
ပျင်းသွားပြီ ငြီးငွေ့သွားပြီ မရှိပါဘူး။
ကောင်းမှုဆိုတာ ငြီးငွေ့စရာလား။
မကောင်းမှုကတော့
ခပ်မြန်မြန် ငြီးငွေ့မှ အဆင်ပြေမယ်။
အဲ့ဒီတော့…
တစ်စုံတစ်ခုသော အလုပ်ကို
လုပ်မယ်ဆိုရင်
ထိပ်တန်းတစ်နေရာ ရောက်ချင်ရင်
နည်းငါးပါးနဲ့ ဘုရားအလောင်း
လုပ်သလို လုပ်ကြ။
#သီတဂူဆရာတော်ဘုရားကြီး
#ဓမ္မလက်ဆောင်