Ponenya Engineering

Ponenya Engineering Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ponenya Engineering, Engineering service, Yangon.

Providing professional HVAC-R solutions, including split and central air-conditioning systems, commercial refrigeration, cold room maintenance, residential and commercial electrical wiring and maintenance services ensuring safety and quality standards.

12/08/2026

အညာရေဘေး ရတက်မအေးဖွယ်
ချစ်ခြင်း မုန်းခြင်းတွေ ဘေးဖယ်
တို့ဖေးကူကြမယ်....

30/07/2026
20/07/2026

" ကိုယ်ကျင့်တရားဖြင့်တည်‌ဆောက်ခဲ့သောအိမ်ပြန်မယ့်လမ်း "

အခန်း (၁၅)
အိမ်

"အိမ်ဆိုတာ...
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲဝေးဝေး၊ ပြန်လာချင်တဲ့စိတ် ရှိနေတဲ့နေရာကို အိမ်လို့ ခေါ်တာ..."

ကိုအောင် ဆေးရုံက ဆင်းလာတဲ့နေ့က အိမ်ရှေ့လမ်းကလေးထဲကို ကိုအောင်တို့ကား‌လေးဝင်လာကတည်းက အိမ်နီးနားချင်းတွေက ဝမ်းသာအားရ ထွက်ကြည့်ကြတယ်။
"ကိုအောင်... သက်သာရဲ့လားဟေ့။"
"ဖြည်းဖြည်းဆင်းနော် မောင်အောင်..."
နှုတ်ဆက်သံတွေ၊ မေးမြန်းသံတွေကြားထဲ ကိုအောင် ပြုံးပြုံးလေးပဲ ဖြည်းဖြည်းချင်း အိမ်ထဲ လျှောက်ဝင်လာခဲ့တယ်။ အိမ်ထဲရောက်ခါမှ အလုပ်သမားကြီး ဦးလှမြင့်တစ်ယောက် ကိုအောင်ထိုင်နေရာဆီသို့ တန်းတန်းမတ်မတ်ရောက်လာတယ်။ သူ့လက်ဖဝါးကြမ်းကြီးနှစ်ဖက်နဲ့ ကိုအောင့်လက်ကို တင်းတင်းဆုပ်ကိုင်ထားတာ တုန်တုန်ရီရီနဲ့။
"သားရယ်..." ဦးလှမြင့်က လည်ချောင်းသံကြီးနဲ့ စကားကို အတော်အားယူ‌ ပြောရတယ်။ "အဲဒီနေ့က သားသာ ကိုယ့်အသက်ကို ပဓာနမထားဘဲ ဝင်မကယ်ခဲ့ရင်... ငါ့မြေးနှစ်ယောက် အဖေမဲ့ရုံတင်မကဘူး၊ ငါ့သားသမီးတွေပါ လမ်းဘေးရောက်ပြီ။"
ကိုအောင်က ဦးလှမြင့်ရဲ့ လက်ကို ပြန်ဖျစ်ညှစ်ရင်း ခေါင်းခါပြတယ်။
"ဦးလေးကလည်း... ကျွန်တော်မှ မဟုတ်ပါဘူး။ အဲဒီအချိန်က ဘယ်သူပဲဖြစ်ဖြစ် အဲဒီနေရာမှာ ရောက်နေရင် ဝင်ကယ်မိကြမှာပဲဗျာ။ ကျွန်တော်တို့က ကံသီလို့ အသက်ဘေးက လွတ်‌မြောက်လာတာပါ။ ကျေးဇူးတင်စရာမလိုပါဘူး ဦးလေးရယ် "
ဦးလှမြင့်က မျက်ရည်ဝဲရင်း ခေါင်းကို ခါတယ်။ "မဟုတ်ဘူး သား... လူတိုင်း အဲဒီလို မလုပ်နိုင်ဘူး။ သားရဲ့ စိတ်ရင်းကို ဦးလေးတို့ ရပ်ကွက်တစ်ခုလုံး သိပါတယ်။"
ညနေစောင်းတော့ ရပ်ကွက်ထဲမှာ လူခြေတိတ်သွားပြီ။
အိမ်ကလေးရဲ့ ပြတင်းပေါက်နားမှာ ကိုအောင်တစ်ယောက် ကုလားထိုင်နဲ့ သက်သောင့်သက်သာ ထိုင်ရင်း အပြင်က ကလေးတွေ ဘောလုံးကန်၊ ဆော့ကစားနေတာကို ငေးကြည့်နေမိတယ်။ နေရောင်ဖျော့ဖျော့လေးက အိမ်ထဲကို စောင်းဝင်နေပြီး အခန်းထဲမှာတော့ မသီရိတစ်ယောက် ဆေးရုံက ပေးလိုက်တဲ့ ဆေးညွှန်းတွေကို သေသေချာချာ စီစစ်ပြီး ဆေးဘူးလေးတွေထဲ ခွဲထည့်ပေးနေတယ်။
တိတ်ဆိတ်မှုက ကတ္တီပါသားလို နွေးထွေး အိစက်နေတဲ့ အချိန်မျိုး။
ကိုအောင်က အပြင်ကို ငေးကြည့်နေရာကနေ မသီရိဘက်ကို လှည့်ပြီး မေးလိုက်တယ်။
"မသီရိ..."
"ရှင်..." မသီရိက ဆေးဘူးလေးကို ကိုင်ထားရင်း လှမ်းထူးတယ်။
"မသီရိရဲ့ဘဝမှာ ဖြစ်ချင်တဲ့အိပ်မက်က ဘာလဲဟင်..."
မသီရိက လက်ထဲက ဆေးဘူးကို စားပွဲပေါ် အသာချလိုက်တယ်။ ပြီးတော့ ပြတင်းပေါက်အပြင်က ကလေးတွေ ဆော့နေတာကို ခဏမျှ မျှော်ငေးရင်း မျက်ဝန်းတွေက တောက်ပလာတယ်။
"ကျွန်မ... ဆေးရုံကြီးတစ်ခု ဆောက်ချင်တယ် ကိုအောင်။ အဲဒီဆေးရုံက တကယ့်ကို ဆင်းရဲလွန်းလို့ ဆေးဖိုးမရှိတဲ့သူတွေတောင်မှ ပိုက်ဆံမရှိလို့ဆိုပြီး ဆေးမကုရဘဲ ပြန်လှည့်သွားရတဲ့ ဘဝမျိုး မရှိစေရမယ့် နေရာမျိုးပေါ့။ ရှင်ကရော... ရှင့်အိပ်မက်က ဘာများဖြစ်မလဲ။"
ကိုအောင်က မသီရိရဲ့မေးခွန်းကြောင့် အားပါးတရ ပြုံးလိုက်တယ်။
"ကျွန်တော်ကတော့လေ... လူတွေအချင်းချင်း သံယောဇဉ်ရစ်ပတ်‌နှောင်တွယ်ပြီး ဘယ်လောက်ပဲ ဝေးဝေး... အမြဲတမ်း ပြန်လာချင်စိတ်ကိန်းနေမယ့် မြို့လေးတစ်မြို့ကို တည်ဆောက်ချင်တာ။"
မသီရိက သဘောကျပြီး တခစ်ခစ် ရယ်တော့တယ်။
"အော်... အဲဒါက မြို့ပြစီမံကိန်း အင်ဂျင်နီယာတွေ လုပ်ရမှာလေ ကိုအောင်ရဲ့။"
"မဟုတ်ဘူး မသီရိ..." ကိုအောင်က လေသံကို ခပ်ဆတ်ဆတ်လေး ဖြတ်ပြောတယ်။ "အဲဒါက မြေပြင်ပေါ်မှာ ဆောက်ရမယ့် မြို့မဟုတ်ဘူး။ လူတွေရဲ့ နှလုံးသားထဲမှာ ဆောက်ရမယ့် မြို့..."
မသီရိက ကိုအောင့်စကားဆိုလိုရင်းကို နားလည်သလိုလို၊ နားမလည်သလိုလိုမို့ ခဏမျှ ငြိမ်ကျသွားတယ်။ ပြီးမှ သူမလက်ဆွဲအိတ်ထဲကနေ နိုင်ငံခြားမှာ နေတုန်းက သုံးခဲ့တဲ့ သားရေဖုံး စာအုပ်လေးတစ်အုပ် ထုတ်ပြီး ကိုအောင့်လက်ထဲ ထည့်ပေးတယ်။ ကိုအောင် စာမျက်နှာတွေကို တရွက်ချင်း ဖွင့်ကြည့်လိုက်တော့ ဆေးပညာ မှတ်စုတွေထက်... ရွာလေးတရွာရဲ့ ပုံကြမ်းတွေ၊ ဆေးခန်း၊ စာကြည့်တိုက်ကလေးတွေ၊ သစ်ပင်တန်းနဲ့ ကလေးကစားကွင်း ပုံရိပ်တွေကို ခဲတံနဲ့ ပုကြမ်းလေးတွေ ဆွဲထားတာ တွေ့ရတယ်။
ကိုအောင် မျက်လုံးတွေ ဝိုင်းသွားပြီး မသီရိကို မော့ကြည့်တယ်။
"ဒါတွေက... ကျွန်တော် အမြဲတမ်း စိတ်ကူးယဉ်ခဲ့ရတဲ့ ပုံစံမျိုးတွေပဲ။ မသီရိရဲ့ စိတ်ကူးက ကျွန်တော်နဲ့ တူလိုက်တာ..."
မသီရိက ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပြုံးတယ်။
"မတူဘူး ကိုအောင်... တူတာက အိပ်မက်မဟုတ်ဘူး။ ရည်ရွယ်ချက်တူနေတာ..."
အဲဒီအချိန်မှာပဲ ကိုအောင့်အမေက မီးဖိုချောင်ထဲကနေ အငွေ့တထောင်းထောင်း ထနေတဲ့ ကော်ဖီခွက်လေး ကိုင်ပြီး ဝင်လာတယ်။ နှစ်ယောက်သား ခေါင်းချင်းရိုက်ပြီး အကြည်ဆိုက်နေတာကို မြင်တော့ အမေက မျက်မှန်အထက်ကနေ တိတ်တိတ်လေး ပြုံးကြည့်ပြီး မေးတယ်။
"သား နဲ့ သမီး နှယ်... ဘာတွေများ အကြိတ်အနယ်တိုင်ပင်နေကြတာလဲ။"
"အိမ်ဆောက်ဖို့ပါ အမေ..." ကိုအောင်က မသီရိကို မျက်စိတစ်ဖက် မှိတ်ပြရင်း ရယ်ကျဲကျဲနဲ့ ဖြေတယ်။
"ဟေ... ဘယ်မှာ ဆောက်မှာလဲ သားရဲ့။" အမေက စိတ်ဝင်တစားနဲ့ ချက်ချင်း ပြန်မေးတာပေါ့။
ကိုအောင်က မသီရိကို နွေးထွေးတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
"မြေပြင်ပေါ်မှာ မဟုတ်ဘူး အမေ... လူတွေရဲ့ ရင်ဘတ်ထဲမှာ..."
အမေက ခဏတာ ငြိမ်သက်သွားပြီးမှ ကော်ဖီခွက်နှစ်ခွက်ကို သူတို့ရှေ့ အသာအယာ ချပေးတယ်။ ပြီးတော့ အဝေးတစ်နေရာကို ငေးရင်း ဆွေးဆွေးမြေ့မြေ့လေးနဲ့ ပြောရှာတယ်။
"သားအဖေ အသက်ရှင်တုန်းက ပြောဖူးတယ်... 'မိန်းမရေ... အုတ်နဲ့ ဘိလပ်မြေနဲ့ ဆောက်တဲ့ အိမ်က နှစ်ငါးဆယ်၊ ရာစုနှစ်တစ်ခုပဲ ခံချင်ခံမယ်။ မေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ကတော့ နောင်မျိုးဆက်များစွာအထိ တည်တံ့တာကွ' တဲ့..."
မသီရိက ကိုအောင်ကို လှမ်းကြည့်လိုက်တယ်။ ဒီတစ်ခါ မျက်လုံးချင်း ဆုံကြတဲ့အခါမှာတော့ အရင်ကလို ရင်ခုန်ရုံ သက်သက်မဟုတ်တော့ဘဲ ရှေ့ဆက်ပြီး အတူတူ လျှောက်လှမ်းမယ့် ဘဝတစ်ခုရဲ့ လေးနက်မှုကို နှစ်ယောက်စလုံးက အပြန်အလှန် မြင်နေကြရပြီ။

ထိုနေ့ညနေ နေဝင်ရိုးရီအချိန်...
ကိုအောင်က ခြံထဲက စံပယ်ပင်လေးကို ရေလောင်းဖို့ ထွက်လာတော့ မသီရိကလည်း ဘေးကနေ မပြတ် အတူလိုက်လာတယ်။
"မသီရိ... သိလား။"
"ဘာကိုလဲ..."
"ဒီစံပယ်ပင်လေးက ကျွန်တော်တို့ အချစ်နဲ့ တူတယ်..."
မသီရိက မျက်ခုံးလေး ပင့်ပြီး ကြည့်တယ်။ "ဘယ်လိုမျိုးလဲ..."
"သူက နေ့တိုင်းတော့ ပန်းတွေမပွင့်ဘူး။ ဒါပေမယ့်... နေ့တိုင်း နေ့တိုင်း သူ့ရဲ့ အမြစ်တွေက မြေကြီးထဲကို ပိုပြီး ခိုင်ခိုင်မြဲမြဲဆင်းသွားတယ်..."
မသီရိက စာနာနားလည်စွာ ပြုံးလိုက်ပြီး သူမရဲ့ လက်ဖဝါးနုနုလေးကို ကိုအောင့်လက်ပေါ် အသာအယာ တင်လိုက်တယ်။
"ပန်းတွေကတော့ ရာသီအလိုက်ပဲ ပွင့်ကြတာပေါ့ ကိုအောင်ရယ်။ ဒါပေမယ့် အမြစ်တွေကတော့... ရှင်သန်ဖို့အတွက် အမြဲတမ်းကြိုးစားနေကြတာ..."
လေညင်းလေးတစ်ချက် အဝှေ့မှာ စံပယ်ပန်းတစ်ပွင့် ကြွေကျလာတယ်။ ကိုအောင်ကလည်း မကောက်ဘူး၊ မသီရိကလည်း လှမ်းမယူဘူး။ ပန်းတွေ ကြွေတာ သဘာဝပဲလေ။ အမြစ်သာ မသေရင် နောက်ရာသီမှာ ဒီထက်မက မွှေးပျံ့တဲ့ ပန်းတွေ ပြန်ပွင့်လာဦးမယ်ဆိုတာ သူတို့နှစ်ယောက်လုံး ရင်ထဲက သိနေကြပြီ။

အခန်း (၁၆)
အမေ

"မိသားစုဆိုတာ... သွေးသား တော်စပ်ရုံနဲ့ ဖြစ်လာတာ မဟုတ်ဘူး။
တစ်ယောက်ရဲ့ မျက်ရည်ကို တစ်ယောက်က သုတ်ပေးနိုင်တဲ့ အချိန်ကစပြီး မိသားစု အစစ်အမှန် ဖြစ်သွားတာ..."

ဆောင်းရာသီရဲ့ မနက်ခင်းက တော်တော်လေး ချမ်းစိမ့်စိမ့် ရှိလှတယ်။
ကိုအောင် တစ်နေ့တာ အလုပ်ကိစ္စတွေအတွက် အင်္ကျီလဲပြီး အပြင်ထွက်ဖို့ ပြင်နေတုန်း... မီးဖိုခန်းဘက်ကနေ ဖန်ခွက်တစ်ခုလုံး ကြမ်းပြင်ပေါ် ကျကွဲသွားတဲ့ ခွမ်းခနဲ အသံကြီး ထွက်လာတယ်။
"အမေ...!"
ကိုအောင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ပြေးဝင်သွားတော့ ကြမ်းပြင်ပေါ်မှာ အမေက တစ်စောင်းလေး လဲကျနေပြီ။ မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူဖျော့လို့။ လက်တစ်ဖက်ကလည်း ရင်ဘတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရှာတယ်။
"အမေ... အမေ... ဘာဖြစ်လို့လဲ!"
ကိုအောင် အသံတွေ တုန်ယင်ပြီး ခန္ဓာကိုယ်ပါပါ တုန်တုန်ရီရီ ဖြစ်လာတယ်။ ဖုန်းကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ စိတ်ထဲ ပထမဆုံး ပေါ်လာတဲ့ နံပါတ်က ... မသီရိ။
ဖုန်းခေါ်ပြီး ဆယ့်ငါးမိနစ်တောင် မပြည့်တတ်သေးဘူး။ အိမ်ရှေ့မှာ ကားတစ်စီး ဘရိတ်အုပ်သံအကျယ်ကြီးနဲ့ ထိုးရပ်လိုက်ပြီး မသီရိ ဆင်းလာတယ်။ လက်ထဲမှာ ဆေးအိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေက အတိုင်းအဆမဲ့ ။
သူမ အမေ့ကို သေသေချာချာ စမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှ သက်ပြင်းအရှည်ကြီး ချနိုင်တော့တယ်။
"အသက်အန္တရာယ်တော့ မရှိပါဘူး ကိုအောင်...နဲ့ ညီမလေး။ အန်တီကသွေးပေါင်ချိန် ရုတ်တရက် တက်သွားတာ။ ဒါပေမယ့် အခုအချိန်ကစပြီး ဘာမှမလုပ်ဘဲ လုံးဝ ငြိမ်ငြိမ်သက်သက် အနားယူဖို့ လိုမယ်။"
အဲဒီနေ့ကစပြီး မသီရိတစ်ယောက် နေ့တိုင်း ကိုအောင့်အိမ်ရောက်လာတတ်တော့တာပဲ။
မနက်လင်းတာနဲ့ အိမ်ကို အရင်လာပြီး အမေ့ကို သွေးပေါင်ချိန်တိုင်းပေးတယ်၊ ဆေးတွေကို အချိန်မှန် တိုက်ဖို့ ကိုအောင့်ညီမလေးကို မှာတယ်။ ပြီးမှ တာဝန်ကျရာ ဆေးရုံကိုသွားတယ်။ တခါတရံအမေ ခံတွင်းတွေ့မယ့် ဟင်းနွေးနွေးလေးတွေကို ကိုယ်တိုင် ချက်ပြုတ်ပေးပြီး အမေ ဘာစားချင်လဲဆိုတာကို သေသေချာချာ မှတ်ထားတတ်သေးတယ်။
တစ်ရက်တော့ ကိုအောင် အပြင်ကနေ အလုပ်ကိစ္စပြီးလို့ အိမ်ကို ခပ်စောစော ပြန်လာခဲ့တယ်။
ဝရန်တာ တံခါးဝနား အရောက်မှာတင် မြင်လိုက်ရတဲ့ မြင်ကွင်းလေးကြောင့် ကိုအောင့် ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားရတယ်။
အမေက ကုလားထိုင်ပေါ်မှာ မျက်စိမှိတ်ပြီး သက်သောင့်သက်သာ ထိုင်နေတယ်။ မသီရိက အမေ့ရဲ့ ဆံပင်ဖြူဖြူလေးတွေကို ဘေးကနေ ဖြည်းဖြည်းချင်း ဖြီးပေးနေတာ။ ညီမလေးကတော့ ဘေးနားမှာထိုင်ပြီး အမေတို့ကိုပြုံးကြည့်နေတယ်။
"သမီး... ဖြည်းဖြည်းနော်။ နာမှာစိုးလို့..." အမေက မျက်စိမှိတ်ထားလျက်ကပဲ တိုးတိုးလေး ပြောတယ်။
မသီရိက ခပ်ဖွဖွလေး ရယ်ရင်း ဆံပင်ကို ပိုပြီး ယုယုယယ ဖြီးပေးတယ်။ "နာစရာ မရှိပါဘူး အန်တီရဲ့။ သမီး အသာအယာလေး ဖြီးပေးနေတာ။"
အမေက မျက်စိလေး ပြန်ဖွင့်ပြီး မသီရိကို ကြည့်တယ်။ "ဒီအသက်အရွယ် ရောက်မှ... ငါ့မှာ နောက်ထပ်သမီးတစ်ယောက် ထပ်ရသလိုပဲ သမီးရယ်။"
ညီမလေးက ကန့်ကွက်စကားချက်ချင်းပြန်ပြောတယ်
" သမီးကတော့ မသီရိကို အစ်မ မတော်ချင်ပါဘူး၊ ယောင်းမတော်ချင်တာ"
မသီရိက ရှက်သွေးဖြာပြုံးနေလိမ့်မယ်လို့ ထင်တယ်။

ကိုအောင် တံခါးနောက်ကွယ်မှာ ညင်သာစွာ ရပ်ရင်း အဲဒီစကားသံလေး‌တွေကို တိတ်တိတ်လေး နားထောင်ပြီး ကျေနပ်နေမိတယ်။
ညဘက် ရောက်တော့ အမေ ညစာစားပြီး ခပ်စောစောပဲအိပ်ပျော်သွားပြီ။
မသီရိက အမေ့စောင်ကို သေသေချာချာ ခြုံပေးပြီးနောက် အပြင်ကို ခြေသံဖွဖွနဲ့ ထွက်လာခဲ့တယ်။ ခြံထဲမှာ စံပယ်နံ့ သင်းသင်းလေးက လေထဲမှာ ပျံ့လွင့်နေတုန်းပဲ။ ကိုအောင်က မသီရိကို စောင့်နေတာ။
"ပင်ပန်းနေပြီမလား မသီရိ..."
မသီရိက ပင်ပန်းတဲ့ အရိပ်အယောင်တွေကို အပြုံးတစ်ခုနဲ့ ဖျောက်ဖျက်ပစ်လိုက်တယ်။
"ဆေးရုံမှာ လူနာတွေ ပြုစုရတာနဲ့... ဒီမှာ အန်တီ့ကို ပြုစုရတာ မတူဘူး ကိုအောင်။"
"ဘာကွာလို့လဲ..."
မသီရိက စံပယ်ပင်လေးကို ငေးကြည့်ရင်း ပြောတယ်။
"ဆေးရုံမှာတော့... ကျွန်မက ဆရာဝန်မို့လို့ 'တာဝန်' အရ ပြုစုရတာ။ ဒါပေမယ့် ဒီမှာတော့... ကျွန်မက 'မေတ္တာ' နဲ့ ပြုစုတာ..."
ကိုအောင် ဘာစကားမှ ပြန်မပြောနိုင်လောက်အောင် ရင်ထဲမှာ ကျေးဇူးတင်စိတ်တွေနဲ့ ဝမ်းနည်း၊ဝမ်းသာဖြစ်သွားရတယ်။
နောက်တစ်နေ့ မသီရိအိမ်ကိုရောက်တော့ အမေက မသီရိကို အနားကို လှမ်းခေါ်တယ်။
"သမီး... အမေ တစ်ခုလောက် တောင်းဆိုပါရစေဦး။"
"ရပါတယ် အန်တီ... ဘာများလဲဟင်။" မသီရိက အမေ့နား ကပ်ထိုင်လိုက်တယ်။
အမေက မသီရိရဲ့ လက်ကလေးနှစ်ဖက်ကို မိခင်တစ်ယောက်ရဲ့ နွေးထွေးမှုအပြည့်နဲ့ ဆုပ်ကိုင်လိုက်ပြီး မျက်ရည်ဝဲဝဲနဲ့ ပြောရှာတယ်။
"အခုကစပြီး... အန်တီလို့ မခေါ်နဲ့တော့..."
မသီရိ တစ်ကိုယ်လုံး အံ့ဩတုန်လှုပ်စွာ ကြည့်မိတယ်။ အမေက ဆက်ပြီး ညင်ညင်သာသာ ပြောတယ်။
"အမေ လို့ ခေါ်ပေးပါ..."
အဲဒီစကားလုံး ကြားလိုက်ရတဲ့ အချိန်မှာပဲ မသီရိရဲ့ မျက်ရည်တွေက ထိန်းမရဘဲ ပါးပြင်ပေါ်ကို ချက်ချင်း စီးကျလာတော့တယ်။ သူမဘဝမှာ လူနာတွေဆီက "ဆရာဝန်" ဆိုတဲ့ ခေါ်သံ၊ ကျောင်းသားတွေဆီက "ဆရာမ" ဆိုတဲ့ လေးစားသံတွေကို ကြားဖူးခဲ့ပေမယ့်... အခု ကြားလိုက်ရတဲ့ "သမီး..." ဆိုတဲ့ စကားတစ်ခွန်းကတော့ သူမ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး အခန်းအထိ တိုးဝင်ပြီး ထိမှန်သွားစေခဲ့တယ်။
မသီရိ အမေ့ရဲ့ ရှေ့မှာ ထိုင်ချလိုက်တယ်။ ပြီးတော့ အမေ့လက်ကို နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း အသံတုန်တုန်လေးနဲ့ ခေါ်လိုက်မိတယ်။
"အမေ..."
စကားလုံးက တစ်လုံးတည်းပါ။ ဒါပေမယ့် အဲဒီစကားလုံးလေးထဲမှာ... လက်မထပ်ရသေးပေမယ့် သွေးသားထက် လေးနက်သွားတဲ့ ချွေးမတစ်ယောက်ရဲ့ မေတ္တာ၊ သမီးတစ်ယောက်ရဲ့ နွေးထွေးမှု၊ ပြီးတော့... မိသားစုတစ်ခုရဲ့ အစပြုခြင်းစတဲ့ အဓိပ္ပာယ်တွေ အားလုံး စုပြုံပြီး ပါဝင်နေခဲ့တယ်။
တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ကိုအောင်ကတော့ မျက်လုံးကို အသာအယာ မှိတ်လိုက်တယ်။ သူ မျက်ရည်မကျမိအောင် အောင့်ထားပေမယ့် နှလုံးသားထဲမှာတော့... သူတသက်လုံး စိတ်ကူးယဉ်နေခဲ့တဲ့ "အိမ်" အစစ်အမှန်ကို ရှာတွေ့သွားပြီဆိုတာကို ကောင်းကောင်းကြီး နားလည်လိုက်ပါပြီ။
အိမ်ဆိုတာ တကယ်တော့... "အမေ" လို့ တမ်းတတိုးညှင်းစွာ ခေါ်လိုက်တဲ့ အသံလေးနဲ့တင် ပြီးပြည့်စုံစွာ အသက်ဝင်လာတဲ့ နေရာလေးတစ်ခုသာ ဖြစ်ပါတော့တယ်။
( ဆက်ရန် )
@ အေးငြိမ်းမိုး

11/07/2026

" တံခါး " (သို့မဟုတ်)" အမြဲဖွင့်ထားသော နှလုံးသားအရိပ် "

မိုးစက်မိုးပေါက်တို့က ဝရန်တာအကာကို တဖျန်းဖျန်းရိုက်ခတ်နေသည်။ မှိုင်းအုံ့နေသော ညနေခင်း၏ လေအေးအဝှေ့တွင် ရွာရိုးတလျှောက် ရွာချနေသည့် မိုးသံကလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက်ရှိသည်။

ထိုတိတ်ဆိတ်မှုကြားတွင် အသက် (၇၅) နှစ်အရွယ် ဦးကျော်သန်းတစ်ယောက် အိမ်ရှေ့ဝရန်တာ ကြိမ်ကုလားထိုင်လေးပေါ်မှာ ထိုင်ရင်း လမ်းထိပ်ဆီသို့သာ မျက်တောင်မခတ်ဘဲ တမျှော်မျှော် ကြည့်နေသည်။

အတန်ကြာလျှင် လမ်းထိပ်မှ မော်တော်ကားစက်သံလိုလို ကြားလိုက်ရသဖြင့် ဇရာကြောင့် တုန်ရီနေသော ဒူးနှစ်ဖက်ကို အားပြုကာ ထိုင်ရာမှ ရုတ်တရက်ထရပ်မိသည်။ မျက်လုံးတွေက မှုန်ဝါးနေရှာပြီမို့ လက်ဝါးဖြင့်အုပ်၍ မျက်မှောင်ကုပ်ကာ စူးစိုက်ကြည့်သော်လည်း ဖြတ်သန်းသွားသည်က ရွာကနွားလှည်းတစ်စီးသာဖြစ်‌နေသည်။ ထို့ကြောင့် ဦးကျော်သန်းတစ်ယောက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း ကြိမ်ကုလားထိုင်ပေါ်သို့ ပြန်လည်မှီချလိုက်ရပြန်သည်။

"အဘိုး... ဘာတွေကို အဲဒီလောက်အထိ မျှော်ကြည့်နေတာလဲဟင်"

ဘေးနားတွင် ထိုင်ဆော့နေသည့် မြေးတဝမ်းကွဲ မြေးငယ်လေးက မော့ကြည့်ကာ မေးလိုက်သည်။ ဦးကျော်သန်းက မြေးငယ်လေး၏ ခေါင်းကို အသာအယာပွတ်သပ်ရင်း တွန့်လိပ်နေသော နှုတ်ခမ်းအစုံကို ပြုံးယောင်သန်းလိုက်ပြီး...
"မင်းဦးလေးတို့၊ မင်း‌ ဒေါ်လေးတို့များ မြို့ကနေ ပြန်လာကြမလားလို့ အဘိုးက မျှော်နေတာပါကွယ်"

"ဒီနေ့လည်း မိုးတွေရွာနေတာ... ဦးလေးတို့ လာမှာမဟုတ်တော့ဘူး ထင်တယ် အဘိုးရဲ့" မြေးငယ်လေးက ကလေးသဘာဝ အမှန်အတိုင်း ပြောရှာသည်။

ဦးကျော်သန်းက ခေါင်းကို ညင်သာစွာ ညိတ်လိုက်ရင်း... "အင်း... မလာရင်လည်း ရပါတယ်ကွယ်။ ဒါပေမယ့် သမီးလေး... ခြံဝင်းတံခါးကြီးကိုတော့ သွားမပိတ်နဲ့ဦးနော်၊ ဖွင့်ထားလိုက်ဦး"

ထိုစဉ် အိမ်ထဲမှ ထွက်လာသော ဇနီးသည် ဒေါ်မူမူက ဝရန်တာအထိ လွင့်စင်လာသော မိုးစက်များကို ကြည့်ကာ မျက်မှောင်ကုတ်ရင်း ဆိုသည်။
"ကိုကျော်သန်းရယ်... မိုးတွေက သည်းလာပြီ၊ လေကလည်း တိုက်နေတာ။ အိမ်ထဲအထိ မိုးရေတွေ ဝင်ကုန်တော့မယ်၊ တံခါးကြီး ပိတ်လိုက်ပါတော့။ ဒီနေ့တော့ ကလေးတွေ လာမှာမဟုတ်ပါဘူး"

ဦးကျော်သန်းက ဇနီးသည်ကို ငေးကြည့်ရင်း လေးနက်အေးငြိမ်းသော လေသံဖြင့် တိုးတိုးလေး ပြောရှာသည်။
"တံခါးကို ပိတ်လိုက်ရင် မိုးလုံသွားမှာကတော့ အမှန်ပဲ မူမူ...။ ဒါပေမယ့်... စိတ်ပင်ပန်းလို့ အိမ်ကို လွမ်းပြီး ပြန်လာချင်တဲ့ သားသမီးတွေရဲ့ 'အိမ်ပြန်ချင်မယ့်စိတ်' ကိုတော့ ငါတို့ တံခါးကြီး ပိတ်နေတာကို မြင်ပြီး အားမလျော့စေချင်ဘူးကွယ်..."
ဒေါမူမူက တော့ ဒီအဘိုးကြီးက အသက်ကြီးလာလို့ထင်တယ် တခါတရံ ဘာတွေပြောနေမှန်းမသိ ဟုတွေးကာ ဆိတ်ဆိတ်နေလိုက်ရသည်။

လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်... ဒီအိမ်ကြီးကို စတင်ဆောက်လုပ်စဉ် အချိန်က ရွာကလူတွေက ဝိုင်းပြီး ပြစ်တင်ပြောဆိုခဲ့ကြဖူးသည်။
"လင်မယားနှစ်ယောက်တည်း နေမှာကို အိမ်ကြီးကလည်း အကျယ်ကြီးပဲ။ အခန်းတွေကလည်း အများကြီး၊ ဘာလုပ်ဖို့ အဲဒီလောက် ဆောက်နေတာလဲ ကျော်သန်းရယ်... ငွေကုန်လူပန်း"
ထိုစဉ်က ဦးကျော်သန်းသည် ဘာမှပြန်မပြောဘဲ ပြုံး၍သာ နေခဲ့သည်။ အကြောင်းမူကား သူ၏ ရင်ဘတ်ထဲတွင် သားသမီးများအတွက် ကြီးမားသော မျှော်လင့်ချက်တစ်ခု ရှိနေခဲ့သောကြောင့် ဖြစ်သည်။
'ငါတို့လင်မယား ဒီနေ့ နှစ်ယောက်တည်း နေရပေမယ့်... နောင်တစ်နေ့ သားသမီးတွေ အိမ်ထောင်ရက်သားကျလို့၊ မြေးတွေ သားတွေနဲ့ ဖြစ်လာတဲ့အခါ... အိမ်ကကျဉ်းလို့ အိပ်စရာမလောက်တာမျိုး၊ သူတို့တစ်တွေ အနေကျပ်တာမျိုး ဘယ်တော့မှ မဖြစ်စေရဘူး' ဟူသော မိဘမေတ္တာအသိက ဤအိမ်ကြီးကို ဖြစ်တည်စေခဲ့ခြင်း ဖြစ်သည်။

သို့သော်... လက်တွေ့လောကကြီးက မိဘတွေ မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ သားသမီးတွေ ကြီးပြင်းလာပြီး အလုပ်အကိုင်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီဖြင့် မြို့ကြီးပြကြီးတွေဆီ ရောက်သွားကြသောအခါ အိမ်ကြီးထဲတွင် အဖိုးအိုနှင့် အဖွားအို နှစ်ယောက်တည်းသာ ပြန်လည်ကျန်ရစ်ခဲ့သည်။ တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်မျှသာ ခဏတဖြုတ် ပြန်လာနိုင်ကြသည့် သားသမီးများကို မျှော်ရသည်မှာ မိဘများ၏ နေ့စဉ်အလုပ်တစ်ခု ဖြစ်‌နေခဲ့ရသည်။

မိခင်ဖြစ်သူဒေါ်မူမူသည် တစ်ပတ်လျှင် တစ်ကြိမ်ထက်မက အိမ်ရှိ လွတ်နေသော အခန်းတိုင်းကို တံမြက်လှည်း၊ သန့်ရှင်းရေးလုပ်ကာ အိပ်ရာခင်းများကို လဲလှယ်ပေးတတ်သည်။ ကလေးများ သိပ်မည့် ဂွမ်းခေါင်းအုံးကြီးများကို နေပူထဲတွင် တကူးတက ထုတ်လှန်းပေးတတ်သည်။
"ကြီးကြီးရယ်... ဘယ်သူမှလည်း ပြန်မလာကြဘဲနဲ့။ တစ်ကိုယ်လုံးလည်း နာကျင်နေတာကို ဒီအခန်းတွေကို ဘာလို့ အမြဲ အပင်ပန်းခံ သန့်ရှင်းရေး လုပ်နေတာလဲ" ဟု အိမ်နီးနားချင်းများက မေးမြန်းသည့်အခါ ဒေါ်မူမူက ပင်ပန်းသော်လည်း ကြည်နူးနေသည့် မျက်နှာဖြင့် ပြန်ပြောလေ့ရှိသည်က ...

"သားသမီးဆိုတာ... 'အမေရေ... သမီးတို့ လာမယ်' ' သားတို့လာမယ် ' လို့ အမြဲတမ်းဖုန်းဆက်ပြီးမှ လာတတ်ကြတာ မဟုတ်ဘူးကွယ့်။ သူတို့ မြို့ပြမှာ စိတ်ပင်ပန်းလို့၊ ဘဝကို စိတ်ပျက်လို့ ရုတ်တရက် အိမ်ကို အပြေးလာချင်တဲ့နေ့... မိဘတွေရဲ့ အိမ်က သူတို့ကို ဆီးကြိုဖို့ အမြဲတမ်း 'အသင့်' ဖြစ်နေရမယ်လေ..."

သီတင်းကျွတ် လပြည့်နေ့ နံနက်ခင်း...
နှင်းမြူကျဲကျဲနှင့်အတူ ရွာဦးကျောင်းမှ တရားပွဲအသံ သဲ့သဲ့လေး ကြားနေရသည်။ ဦးကျော်သန်းနှင့် ဒေါ်မူမူတို့ ဇနီးမောင်နှံသည် ဘုရားစင်တွင် ဆီမီးပူဇော်ပြီး အိမ်ရှေ့ဝရန်တာ၌ မတ်တတ်ရပ်ကာ လမ်းမကြီးဆီသို့ ငေးမောကြည့်နေမိကြသည်။ အိမ်ရှေ့တံခါးကြီးကတော့ ယနေ့နံနက်တွင်လည်း မိုးလင်းကတည်းက စိမ့်အေးသော လေထုကြားတွင် ဝင့်ဝင့်ထည်ထည်ကြီး ဖွင့်လှစ်ထားဆဲ။
ထိုစဉ်... လမ်းထိပ်မှ ဟွန်းသံအချို့နှင့်အတူ ကားအမည်းရောင် သုံးစီးသည် ရွာလမ်းမမှတဆင့် ခြံဝန်းထဲသို့ တရွေ့ရွေ့ မောင်းနှင် ဝင်ရောက်လာကြသည်။
"အဖေ...! အမေ...!"
"အဘိုး... အဘွား... သမီးတို့ လာပြီ!"
ကားတံခါးပွင့်သွားသည်နှင့်အတူ သားသမီးများ၏ အသံများ၊ မြေးငယ်လေးများ၏ အော်ဟစ်ကာ ပြေးလွှား‌ အော်‌ခေါ်သံများသည် ခြံဝန်းတစ်ခုလုံးနှင့် အိမ်ကြီးတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ဖုံးလွှမ်းသွားခဲ့သည်။ ခြောက်ကပ်ပြီး လူသူကင်းမဲ့နေခဲ့သော အခန်းကျယ်ကြီးများသည် ယခုဆိုလျှင် မြေးကလေးများ၏ ရယ်သံများ၊ သားအမိ သားအဖများ၏ ရေပက်မဝင်စကားသံများဖြင့် ပြန်လည်ကာသက်ဝင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
ဦးကျော်သန်းသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲလာရရှာသည်။ သူသည် ဘာစကားမှ အများကြီး မပြောနိုင်ဘဲ သားသမီးများကို တစ်ယောက်ချင်းစီ လိုက်လံပွေ့ဖက်ရင်း... အိမ်ရှေ့တံခါးကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
တံခါးကြီးသည်... ပွင့်လျက်သား။ သူ့သားသမီးများကို နွေးထွေးစွာ ကြိုဆိုနေဆဲ။

ထိုနေ့ည... အိမ်ကြီးတစ်ခုလုံး မီးရောင်စုံများ၊ ဖယောင်းတိုင်မီးများဖြင့် လင်းထိန်လျက်ရှိသည်။ သားသမီး‌၊ မြေးများနှင့်အတူ ပျော်ရွှင်စရာ ညစာစားပွဲကြီး ပြီးဆုံးသွားပြီးနောက်... တဝမ်းကွဲမြေးငယ်လေးက ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ဦးကျော်သန်း၏ အနားသို့ ရောက်လာပြီး မေးလိုက်သည်။
"အဘိုး... အခုတော့ ဦးလေးတို့၊ ဒေါ်‌လေးတို့အားလုံးလည်း အိမ်ထဲကို ရောက်ကုန်ကြပြီဆိုတော့... ဟိုအပြင်က အိမ်ရှေ့တံခါးကြီးကို သွားပိတ်လို့ ရပြီလားဟင်။ အပြင်မှာ မှောင်လည်းမှောင်နေပြီ... အေးလည်းအေးနေပြီ"
ဦးကျော်သန်းက မြေးလေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်လိုက်ရင်း၊ ခြံဝန်းအပြင်က မှောင်မည်းနေသော လမ်းမကြီးဆီသို့ မှုန်ဝါးသော မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်ကာ ပြုံးလိုက်ပြီး... နူးညံ့လှသော လေသံဖြင့်...

"အိမ်တံခါးကတော့... ညဘက်ဆိုရင် ပိတ်ချင်ပိတ်လို့ ရပါတယ် မြေးလေးရယ်။ ဒါပေမယ့်... သားသမီးတွေ အခက်အခဲကြုံလို့ ဘဝမှာ ပင်ပန်းနွမ်းနယ်လာတဲ့အခါ... မိဘတွေဆီကို ပြန်လှည့်လာမယ့် 'အိမ်ပြန်လာတဲ့လမ်း' ကိုတော့... အဘိုးတို့ ဘယ်တော့မှ ပိတ်ပစ်မှာ မဟုတ်ပါဘူးကွယ်..."
ဒေါ်မူမူတယောက် ဦးကျော်သန်းရဲ့စကားတွေကြောင့် မျက်စောင်းတချက် ထိုးလိုက်တော့ တစ်မိသားစုလုံး ဝိုင်းရယ်နေကြသည်။

လေပြေအေးတစ်ချက်အဝှေ့တွင် အိမ်ရှေ့တံခါးကြီးသည် ညင်သာစွာ လှုပ်ခါသွားသည်။ မိဘတို့၏ နှလုံးသားတံခါးသည် သားသမီးများအတွက် မည်သည့်ရာသီ၊ မည်သည့်အချိန်အခါတွင်မဆို... ထာဝရအမြဲ ဖွင့်လှစ်လျက်သာ ရှိနေပါတော့သည်။
@အေးငြိမ်းမိုး

23/06/2026

အိမ်နှင့်ခြံ‌မြေ၊ တိုက်ခန်း အရောင်းများ:
( တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ အလုံ၊ သန်လျင် )

၁။ ၁၈ ရပ်ကွက် - ပေ ( ၄၀ x ၆၀ )၊ တထပ်တိုက် ၊ ကျွန်းရွှေမြိုင်လမ်းမပေါ်၊ ဂရန် ၊ သိန်း ၉*၀၀ ဈေးညှိပေးမည်။

၂။၁၈ ရပ်ကွက် - ပေ ( ၂၀ x ၆၀ )၊ နှစ်ထပ်ခွဲတိုက် ၊ ကျွန်းရွှေမြိုင်(၈)လမ်း ၊ ပါမစ်မိတ္တူ ( မူရင်းပြပေးမည် ) ၊ သိန်း ၅၀၀၀ ဈေးညှိပေးမည်။

၃။၁၇ ရပ်ကွက် - ပေ ( ၂၄ x ၆၀ )၊ နှစ်ထပ်တိုက် ၊ စံပယ်မြိုင်မြိုင်( ၁ )လမ်း၊ ဂရန် ၊ သိန်း ၅၅၀၀ ဈေးညှိပေးမည်။

၄။ ၈၂ ရပ်ကွက် - ပေ ( ၄၀ x ၆၀ )၊ မုဒိတာ ( ၁ )လမ်း ၊ ပါမစ် ( စည်ပင်၊အိုးအိမ် ( Clear ) ၊ သိန်း ၂၅၅၀ ဈေးညှိပေးမည်။

၅။ ၈၁ ရပ်ကွက် - ပေ ( ၂၀ x ၆၀ )၊ နှင်းဆီလမ်း၊ ပါမစ်မူရင်းတခြမ်း ၊ သိန်း ၁၅၅၀ ဈေးညှိပေးမည်။

၆။ တိုက်ခန်း ( ၁၅ ပေ ၅၄ ပေ ထပ်ခိုးပါ၊ အိပ်ခန်းသုံးခန်း ( ပြင်ဆင်ပြီး ) ၊အလုံမြို့နယ် ၊ စောရန်ပိုင်ရပ်ကွက်၊ ငုဝါလမ်း ( ပိုင်ရှင်အမည်ပေါက်စာအုပ်)၊ သိန်း ( ၂၅၀၀ ) ဈေးညှိပေးမည်။

၇။ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ Letyetsan Project ( သန်လျင်နည်းပညာတက္ကသိုလ်အနီး ) ၊ G မြေ၊ ( ၃၆၀၀ စတုရန်းပေ ) ၊ သိန်း ၆၂၀

၈။ ၈၆ ရပ်ကွက် - ပေ ( ၄၀ x ၆၀ )၊ (၁၇၁) ၊ ပါမစ် ( စည်ပင်၊အိုးအိမ် ( Clear ) ၊ သိန်း ၁၈၀၀

၉။ ၈၂ ရပ်ကွက် - ပေ ( ၂၀ x ၆၀ )၊ ( ၈၁၁ ) ၈၁၂ကပ်လျက်ခြမ်း ၊ ပါမစ် ( စည်ပင်၊အိုးအိမ် ( Clear ) ၊ သိန်း ၁၆၀၀

၁၀။ ၁၁၉ ရပ်ကွက် - ပေ ( ၄၀ x ၆၀ )၊ ( ၄၁၉ ၊ ၄၂၃ ) ထန်းတပင်တည့်‌ ပေါက် ၊ ပါမစ် ၊ တကွက် သိန်း ၃၅၀၀ ဈေးညှိပေးမည်။
၁၁။ တိုက်ခန်း ( ၁၂ ပေခွဲ x ၅၀ပေ )၊ တတိယထပ်၊ ဌာနာလမ်း၊ အလုံမြိုနယ်၊ သိန်း - ၁၈၅၀

🏡 SHWE THOON EAIN
Real Estate & Legal Services

✔ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်
✔ အိမ်ခြံမြေ အကြံပေးဝန်ဆောင်မှု
✔ ဥပဒေရေးရာ အကြံပေးဝန်ဆောင်မှု

📞 09 255 900 298
📞 09 788 770 349

"ယုံကြည်မှုဖြင့် ဝန်ဆောင်မှုပေးပြီး တန်ဖိုးရှိသော အိမ်ခြံမြေအခွင့်အလမ်းများကို ချိတ်ဆက်ပေးနေပါသည်။"

23/06/2026
23/06/2026

" အိမ်ကပြောသော ဇာတ်လမ်း" (Episode - 4 - ဇာတ်သိမ်းပိုင်း)

လောကနိယာမရဲ့ တိုက်ဆိုင်မှုတွေဟာ တခါတရံမှာ ဆန်းကြယ်လွန်းလှပါတယ်။ သက်မဲ့ဖြစ်တဲ့ ကျွန်တော့်ရဲ့ အုတ်နံရံဟောင်းတွေနဲ့ တိုင်မင်းကြီးဟာ နှစ်ပေါင်းများစွာ ဝှက်ဖုံးထားခဲ့တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးခဲ့ပြီးတဲ့နောက်၊ ဒီအမိုးအောက်မှာ အချစ်၊ အလွမ်း၊ အဆွေးနဲ့ မေတ္တာတရားတွေ ထုံမွှမ်းထားတဲ့ ဘဝဇာတ်လမ်းအသစ်တစ်ပုဒ်ဟာ ဝတ္ထုရှည်ကြီးတစ်ပုဒ်လို ခမ်းနားစွာ စတင်ခဲ့ပါတော့တယ်။

အိမ်ရှင်အသစ်ဖြစ်တဲ့ ကိုမျိုးနဲ့ မနှင်းတို့ဇနီးမောင်နှံဟာ ကျွန်တော့်ကို ဝယ်ယူပြီးတဲ့နောက် အမျှော်အမြင် ကြီးမားစွာနဲ့ ပြုပြင်ဆန်းသစ်မှု (Renovation) ကို စတင်လုပ်‌ဆောင်ခဲ့ကြပါတယ်။ သူတို့ဟာ အရင်လာကြည့်တဲ့ စီးပွားရေးသမားတွေလို ကျွန်တော့်ကို အလွယ်တကူ ဖြိုဖျက်ဖို့ မ‌တွေးခဲ့ကြပါဘူး။

"အိမ်ဟောင်းတစ်လုံးကို ပြုပြင်တဲ့အခါ ရှိပြီးသား သမိုင်းနဲ့ အနှစ်သာရကို မဖျက်ဆီးဘဲ၊ ခေတ်စနစ်နဲ့အညီ ခိုင်ခံ့အောင် ပေါင်းစပ်တတ်ဖို့ လိုတယ်။ ဒါဟာ အကုန်အကျ သက်သာရုံတင်မကဘဲ အိမ်ရဲ့ တန်ဖိုး ကိုပါ ရေရှည်အတွက် မြှင့်တင်ပေးရာ ရောက်တယ်။ ပြီးတော့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းရာရောက်သလို ကျွန်တော်တို့အတွက်အရမ်းအ‌‌ရေးကြီးတဲ့သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။ "

ရှေးဟောင်းရိုးရာအမွေအနှစ်ကိုတန်ဖိုးထားတဲ့ ကိုမျိုးက လက်သမားဆရာတွေကို သူလိုချင်တာကို လမ်းညွှန်ရင်း အမြဲပြောလေ့ရှိတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့ ရိုးရာသစ်သားတည်ဆောက်ပုံဟန်ကို ထိန်းသိမ်းပြီး အောက်ခံဖောင်ဒေးရှင်းကို ခေတ်မီစတီးရက်မတွေနဲ့ အခိုင်အမာ အားဖြည့်ခဲ့ကြပါတယ်။ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ကျယ်ကျယ်တွေ ဖွဲ့စည်းပြီး၊ ဂရန်မူရင်းကို ထိန်းသိမ်းပေးခဲ့တဲ့ "တိုင်မင်းကြီး" ကိုတော့ အိမ်ရဲ့ ဗဟိုချက်အဖြစ် အမြတ်တနိုး သစ်စေးသုတ်လို့ မွမ်းမံခဲ့ကြပါတယ်။ ကျွန်တော်ဟာ အိုမင်းရင့်ရော်ရာကနေ ခေတ်မီပြီး အနုပညာမြောက်တဲ့ မေတ္တာအိမ်ဂေဟာလေးတစ်ခုအဖြစ် အသက်ဝင်လာခဲ့ရပါတယ်။

အိမ်ကလေး လှလှပပ ပြီးစီးသွားတဲ့အချိန်မှာပဲ ယနေ့ခေတ် ကမောက်ကမ နိုင်ငံရေးအခြေအနေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ မတည်ငြိမ်မှုလှိုင်းတံပိုးတွေဟာ ကိုမျိုးတို့မိသားစုလေးဆီကို ရိုက်ခတ်လာခဲ့ပါတယ်။ နယ်မြို့လေးမှာ ကျန်ခဲ့တဲ့ ကိုမျိုးရဲ့ မိဘနှစ်ပါးဟာ လုံခြုံရေးအခြေအနေနဲ့ ကျန်းမာရေးချို့တဲ့မှုတွေကြောင့် ရန်ကုန်မြို့က ကိုမျိုးတို့ဆီကို ခိုလှုံဖို့ ရောက်ရှိလာခဲ့ကြရပါတယ်။

ကိုမျိုးရဲ့ မိခင်ကြီး ဒေါ်မြစင်ဟာ ရန်ကုန်ကို ဆေးလာကုရင်းကနေ လေဖြတ်ရောဂါအခံကြောင့် အိပ်ရာထဲလဲကာ မထနိုင်ဖြစ်သွားပြီး နာတာရှည်လူနာတစ်ဦး ဖြစ်သွားခဲ့ရပါတယ်။

ဒီနေရာမှာပဲ... စစ်မှန်တဲ့ မိဘမေတ္တာနဲ့ သားသမီးတို့ရဲ့ ကျေးဇူးသိတတ်မှုကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ သဘောဖြူလှသော ကွက်လပ်ဖြည့်သူတစ်ဦး ရှိနေခဲ့ပါတယ်။ အပြင်လောကမှာ စီးပွားရေးတွေ ကျပ်တည်းပြီး ရုန်းကန်နေရချိန်မှာ မိခင်ကြီးရဲ့ ဆေးဖိုးဝါးခက တစ်လထက်တစ်လ တိုးလို့သာနေတော့ ကိုမျိုးတစ်ယောက် ညဉ့်နက်သန်းခေါင်ယံအထိ စားပွဲခုံလေးမှာ ထိုင်ကာ စိတ်ညစ်နေရရှာတာပေါ့။

ချွေးမဖြစ်သူ မနှင်းက မိသားစုရဲ့ ဝင်ငွေထွက်ငွေကို စနစ်တကျ စီမံဆောင်ရွက်တဲ့ ခေတ်ပညာတတ် ထက်မြက်တဲ့အမျိုးသမီးတစ်ဦး။ သူမဟာ သူမချစ်ရတဲ့ လင်ယောက်ျားဖြစ်သူ၏ စိုးရိမ်ပူပန်မှု‌တွေကိုလျော့ပါးစေဖို့နဲ့ မျက်နှာမပျက်စေရအောင် မိမိတို့ရဲ့ ရှာဖွေစုဆောင်းထားတဲ့ ရွှေထည်၊ လက်ဝတ်ရတနာအဆင်တန်ဆာတွေကို လင်ယောက်ျားဖြစ်သူ ကိုမျိုးမသိအောင် တိတ်တဆိတ် ထုတ်ရောင်းပြီး ယောက္ခမဖြစ်သူရဲ့ ဆေးဖိုးဝါးခကို လစဉ် လိုလေသေးမရှိ သဘောထားကြီးကြီးနဲ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အုတ်နံရံတွေဟာ ထိုအမျိုးသမီးရဲ့ မွန်မြတ်လှတဲ့ အကြင်နာမေတ္တာတရားကို တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့ပါတယ်။

အလှပဆုံး အခန်းကဏ္ဍကတော့ ဖခင်ကြီး ဦးစံရဲ့ ဇနီးအပေါ်ထားတဲ့ မေတ္တာတရားပါပဲ။ အိုမင်းရင့်ရော်ပြီး အိပ်ရာထဲလဲနေတဲ့ ဇနီးသည်ရဲ့ လက်ကိုဆုပ်ကိုင်ထားရင်းက ဦးစံက ဇနီးဖြစ်သူ ဒေါ်မြစင်ကို နေ့တိုင်း အားပေးစကားပြောလေ့ရှိပါတယ်။

"မိစင်... မင်း ငါ့အနားမှာ ရှိနေပေးတာနဲ့တင် ငါ့အတွက်တော့ အားရှိပါတယ်။ ငယ်ငယ်က ငါ‌ နေမကောင်းဖြစ်တဲ့အခါတိုင်း မင်းရဲ့ပြုစုယုမှု‌တွေနဲ့အတူ ငါ‌ နေပြန်ကောင်းခဲ့တာချည်းပဲ။ အထူးသဖြင့် ကိုဗစ်ကာလတုန်းက အသည်အသန်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရတုန်းက နင်ကိုယ်တိုင်ဆေးရုံအထိလူနာစောင့်လုပ်ပြီး ဂရုတစိုက်ပြုစု စောင့်ရှောက်ပေးခဲ့လို့သာ ငါ အသက်ရှင်ခဲ့တာ။ နို့မို့စို မတွေးရဲစရာပဲ ... မိစင်။ အခုအချိန်မှာ ငါ မင်းကို ပြန်ပြုစုခွင့်ရတာကိုက ငါ့အတွက်ကံ‌ကောင်းခြင်းလက်‌ဆောင်တခုပါပဲ။ ဘာမှအားမငယ်နဲ့နော်၊ နေပြန်ကောင်းအောင်အတူကြိုးစားကြမယ် "

ဦးစံကိုယ်တိုင်လည်း ဒူးနာ၊ ခါးနာနေပေမယ့် ဇနီးသည်အတွက် ဆန်ပြုတ်လေး မှုတ်တိုက်တာ၊ စကားလေးတွေ တိုးတိုးကပ်ပြောတာနဲ့ ခင်ပွန်းက ဇနီးအပေါ်၊ ဇနီးက ခင်ပွန်းအပေါ် ထားရှိတဲ့ လှပတဲ့ သစ္စာတရားကို တွေ့မြင်ခဲ့ရပါတယ်။

ဒီမေတ္တာရေစင်တွေဟာ သမီးငယ်လေး ယွန်း (မြေးဖြစ်သူ) ဆီကိုပါ စီးဆင်းသွားဟန်တူပါတယ်။ အဖိုးနဲ့အဖွားကို ချစ်တဲ့ မြေးမလေးဟာ ကျောင်းပိတ်ရက်တိုင်း အဖွားအနားမှာ ထိုင်ပြီး ပုံပြင်တွေဖတ်ပြတယ်၊ ယပ်တောင်လေး ခတ်ပေးတယ်။ အဖိုးအဖွားတွေကလည်း မြေးမလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ပြီး —
"ငါ့မြေးလေး... လောကမှာ ဘယ်လောက်ပဲ မတရားမှုတွေနဲ့ ခေတ်စနစ်တွေဆိုးပါစေ၊ အမှန်တရားနဲ့ တရားမျှတမှုကိုပဲ မြတ်နိုးရမယ်နော်။ သူတစ်ပါးအပေါ် မေတ္တာထားရမယ်" ဆိုပြီး ဘဝသင်ခန်းစာတွေကို လက်ဆင့်ကမ်း ပေးခဲ့ကြပါတယ်။

ဒီလိုနဲ့ တစ်နှစ်လောက်အကြာ မိခင်ကြီး ဒေါ်မြစင်ဟာ ခင်ပွန်းဖြစ်သူရဲ့ အေးမြတဲ့ မေတ္တာ၊ သားသမီးတွေရဲ့ ကျေးဇူးသိတတ်မှု၊ မိသားစုဝင်အားလုံးရဲ့ မေတ္တာခြံရံမှု၊ အိမ်ဟောင်းလေးရဲ့ နွေးထွေးစွာ ဂရုစိုက်ပြုစုမှုအောက်မှာ အနာနဲ့ဆေးတွေ့ကာ နေပြန်ကောင်းလာခဲ့ပါတော့တယ်။

မိသားစုဝင်အားလုံးက ဝမ်းသာပျော်ရွှင်နေကြပါတယ်။ မိသားစုဝင်အားလုံးထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ပေါ့

ကျွန်တော်ဟာ အိမ်အိုလေးတစ်လုံးပါ။
ကျွန်တော့်ရဲ့ ဇာတ်လမ်းကတော့ ဒီမှာတင်ပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့အမိုးအကာအောက်က နွေးထွေးဖြူစင်တဲ့မေတ္တာတရားတွေ၊ အမှတ်တရတွေကတော့ ဒီမိသားစုလေးနဲ့အတူ နောင်နှစ်ပေါင်းများစွာအထိ ထာဝရ ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။ အိမ်ဆိုတာ... စျေးနှုန်းတစ်ခုတည်းနဲ့ တိုင်းတာလို့မရတဲ့၊ ဘဝနဲ့ မေတ္တာတရားတွေ စုဝေးရာ အရိပ်စစ်တစ်ခုပဲ ဖြစ်ပါတော့တယ်ဗျာ။
@အေးငြိမ်းမိုး

မိတ်ဆွေတို့အတွက်ကော... ဒီ "အိမ်ကပြောသောဇာတ်လမ်း" (၄) ပိုင်းလုံးမှာ ဘယ်အခန်းကဏ္ဍက ရင်ထဲကို အထိရှဆုံး ဖြစ်ခဲ့ပါသလဲခင်ဗျာ? Comment မှာ မိတ်ဆွေတို့ရဲ့ ခံစားချက်လေးကို မျှဝေပေးခဲ့ပါဦး။
🏡 SHWE THOON EAIN (ရွှေသွန်းအိမ်)
Real Estate & Legal Services
📞 09 255 900 298
📞 09 788 770 349
"ယုံကြည်မှုဖြင့် ဝန်ဆောင်မှုပေးပြီး တန်ဖိုးရှိသော အိမ်ခြံမြေအခွင့်အလမ်းများကို ချိတ်ဆက်ပေးနေပါသည်"

Address

Yangon

Telephone

+959780151279

Website

Alerts

Be the first to know and let us send you an email when Ponenya Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ponenya Engineering:

Shortcuts

Share