12/10/2024
သုညတန်ဖိုးဖြစ်သော နေရာ။
ဒီစာလေးကို စာအုပ်တစ်အုပ်မှာ တွေ့လိုက်မိတယ်။ "ပင်လယ်ရေအောက်မှာ ကျနေတဲ့ ခဲတစ်ကျပ်သားနဲ့ ရွှေတစ်ကျပ်သားဟာ တန်ဖိုးအတူတူပါပဲ"တဲ့။
အဲဒါလေးကို ဖတ်ပြီး အခုလို အတွေးလေးပေါ်လာတယ်။
တန်ဖိုးဆိုတာ ပါတ်ဝန်းကျင်မှာ မူတည်ပါတယ်။ ရွှေတစ်ကျပ်သားဟာ ခဲတစ်ကျပ်သားထက် အများကြီး တန်ဖိုးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲဒါက ပင်လယ်ရေမျက်နှာပြင်အထက်က လူတွေနေတဲ့နေတဲ့ နေရာမှာပါ။ လူတွေမရှိတဲ့ပင်လယ်ရေအောက်မှာ တန်ဖိုးသိသူ မရှိလို့ ဘယ်ဟာဖြစ်ဖြစ် တန်ဖိုး အတူတူပါ (သို့မဟုတ်) သုညတန်ဖိုးပါ။
အာဏာရှင်အစိုးရတွေဟာ လူတွေကို တန်ဖိုး အတူတူပဲလို့ သတ်မှတ်ကြပါတယ်။ တရုတ်နိုင်ငံမှာ မော်စီတုံးလက်ထက် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ကွန်မြူနစ်အစိုးရက ပညာတတ်လူတွေကို ဖမ်းပြီး အလုပ်ကြမ်းလုပ်ခိုင်းတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလဲ ခမာရွတ်လို့ ခေါ်တဲ့ ကမ်ပူးချားကွန်မြူနစ်အစိုးရက ပညာတတ်တွေကို ဖမ်းပြီး လယ်ထွန်ခိုင်းတယ်။ ဘာဖြစ်လို့ သူတို့ ဒီလို လုပ်ကြတာလဲ။ အာဏာရှင်နဲ့ သူ့အသိုင်းအဝိုင်းလူတွေက လွဲရင် ကျန်လူတွေအားလုံးကို တန်ဖိုးမဲ့အောင်၊ သုညတန်ဖိုးဖြစ်အောင် လုပ်လိုက်တာပါ။
အချုပ်ပြောရရင် အာဏာရှင်အစိုးရတွေဟာ ပညာတန်ဖိုး၊ လူ့တန်ဖိုးဆိုတာကို နားမလည်သူ၊ အလေးမထားသူများ ဖြစ်ကြပါတယ်။ အာဏာရှင်အစိုးရဟာ တိုင်းပြည်ကို ချောက်ထဲမကျအောင် ကူညီရင်း ပင်လယ်ရေအောက်ထဲ ပို့ပေးတတ်ကြတယ်။
ဗန်းမော်သိန်းဖေ
၂၈-၀၇-၂၀၁၆