Future Light 11 PC

25/05/2026

"ရှင်သန်စေလိုသောစိတ်"
***********************
(အပိုင်း ၉)

ထိုအချိန်မှာပင် ဒုတိယထပ်မှ ထွင်းဖောက်ဝင်ရောက်နိုင်ရေး လုပ်ဆောင်နေသည့် ညီငယ် တပ်ဖွဲ့ဝင်များ မြေပြင်သို့ ပြေးဆင်းလာကြသည်။

Leader Sentry ၏ အချက်ပေးသံကိုလည်း ဆက်တိုက်ကြားနေရပြီး အချက်ပေးဝီစီသံများလည်း ဆူညံနေသည်။ အသင့်စောင့်ဆိုင်းနေသည့် အဖွဲ့(၃)နှင့် အနီးဝန်းကျင်တွင် ရှိနေသူများကလည်း ဝိုင်းအော်ကြသည်။

“တိုက်လှုပ်နေတယ်... ထွက်ခဲ့ကြတော့...”

“ဆရာရေ... လှုပ်နေနေပြီး ... တော်တော်ကြမ်းတယ်...”

“After Shock ... After Shock ...”

“မြန်မြန်ထွက်ကြ ... မြန်မြန်ထွက်...”

“ဘာဖြစ်တာလဲဟ..”

“After Shock လှုပ်တာဆရာ... ထွက်ရအောင်..”

“အေး...ထွက်ကြမယ်..”

အဆောက်အအုံ ပြင်ပသို့ရောက်ချိန်တွင် “ဆရာ... ဒီတခေါက် တော်တော် ကြမ်းတယ်ဆရာ..”

“အေး... လူစုံလား... ဘယ်သူဘာဖြစ်သေးလဲ..”

“အားလုံးစုံတယ်.. ဘယ်သူမှ ဘာမှမဖြစ်ကြဘူး ဆရာ..”

၃၀-၃-၂၀၂၅ ရက်နေ့၊ ၁၃ ၃၈ အချိန်ခန့်တွင် အင်အား ရစ်(ခ်)တာစကေး ၅.၂ အဆင့်ရှိ After Shock လှုပ်ခတ်ခြင်းကြောင့်ဖြစ်ပါသည်။

ယခု တစ်ခေါက်အပါ (၄) ကြိမ်မြောက် ပြန်လည် ထွက်ခွာ ရခြင်းဖြစ်ပါသည်။

လုပ်ငန်းလည်း ထင်သလောက် ခရီးမရောက်သလို တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျ မည်လည်း စိုးရိမ်ရသည်။

ဗိုက်လည်း ဆာနေကြပြီဖြစ်သဖြင့် After Shock ၏ အခြေအနေကို စောင့်ကြည့်ရင်း ‌နေ့လယ်စာ စားလိုက်ကြပါသည်။

နေ့လယ်စာ စားနေရင်း ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို တိုင်ပင်ကြရသည်။

“မင်းတို့ အဖွဲ့(၂)က ဘယ်လိုအခြေအနေရှိပြီလဲ... အဆင်ပြေရဲ့လား”

“လှေကားကနေ...ပြေးဆင်းလိုက်...ပြန်တက်လိုက်နဲ့ဆရာ...လှုပ်တဲ့အကြိမ်တိုင်း...တိုက်ကြီးက လိုက်ယိမ်းနေတာ... ဘယ်အချိန်ပြိုမလဲ မသိဘူး...”

“အဲလောက်တောင်ဆိုးလား... ငါတို့အထဲမှာတော့ သိပ်မလှုပ်သလိုပဲ...”

“ဆရာတို့က တိုက်ကြီး လိုက်လှုပ်နေတာကို မြင်မှ မမြင်ရတာ... ဆရာထွက်လာတော့ ဓာတ်ကြိုးတွေ လှုပ်နေတာတောင် ရပ်မှမရပ်သေးတာလေ...”

“အေး... ဟုတ်တယ်..”

“Leader Sentry အဖွဲ့ရော ဘယ်လိုလဲ.. ဘာလိုလဲ...”

“ဘာမှ မလိုဘူး ဆရာ... Battery လည်း ၁ ဘူး ကျန်သေးတယ်...”

“ဒါပေမယ့်ဆရာ... ကျွန်တော် လူချိန်းချင်တယ်..”

“ဘာလို့လည်းဟ..မင်းက..”

“Leader Sentry က အချက်ပေးသံ မြည်ချိန် ဆရာတို့ ပြန်မထွက်နိုင်မှာ စိတ်ပူတယ်... စောင့်ကြည့် ရတာ ရင်မောတယ်ဆရာ... အတူလိုက် ဝင်ရတာမှ တော်ဦးမယ်...”

“လုပ်စမ်းပါကွာ... ရင်မောလက်စနဲ့ ဆက်မောပေး...”

“ပြီးတော့... အမျိုးသမီး နှစ်ယောက် ကျွန်တော့်အနားလာပြီး..
အိန္ဒိယကဖြစ်မယ်.. တစ်ခါမှ မမြင်ဖူးတဲ့ ပစ္စည်းတွေလည်းပါတယ်..နဲ့လေ..”

“ဟား...ဟား... မင်းက အနဲတို့နဲ့တူနေတာကိုကွာ..ဟား..ဟား...”

“ကျွန်တော်က ရန်ကုန်ကလာတာလို့ ပြောလိုက်တယ်...ဟီး...”

“ပြီးတာပဲလေကွာ..”

“လမ်းသွား..လမ်းလာတွေကလည်း ကွက်ကြည့်.. ကွက်ကြည့်နဲ့.. ဆရာ..”

“မင်းကို... မင်းသားထင်လို့နေမှာပေါ့ဟ.. ဟား..ဟား..” တပည့်တွေ စိတ်ပေါ့ပါးသွားစေရန် တမင် အရွှန်းဖောက်ပေးခြင်းပင် ဖြစ်ပါသည်။

ဟိုတယ်ရှိ တာဝန်ရှိသူများစီစဉ်ပေးသည့် Lunch Box သည် အင်မတန်မှ ကောင်းမွန်ပါသည်။ သို့သော် တစ်ဇွန်း၊ နှစ်ဇွန်းမျှသာ ‌ကောင်းကောင်းစားလိုက်ရသည်။ ထိုစဉ် အမျိုးသမီးတစ်ဦးက

“ဆရာ... ဆရာ... ဆရာတို့ ကြားရတဲ့အသံက ကလေးသံလေးလားဟင်...”

“အဲလိုတော့ သဲသဲကွဲကွဲ မကြားရဘူးအစ်မ...လေသံလေးနဲ့... တိုးတိုးလေးပဲကြားရတာ..”

“ကလေးငိုသံတို့ ... ညည်းသံတို့ရော ... ကြားရလားဆရာ ... ကျွန်မရဲ့သမီးလေးတွေ အရမ်း ကြောက်နေ..ကြမှာ..”

မျက်ရည်ကလေး အဝိုင်းသားဖြင့် မေးလာသောမေးခွန်းများကို အရှိ၊ အရှိတိုင်း ပြန်ဖြေဖို့ အဆင်မပြေသလို ခေါင်းခါ၍ ပြဖို့ကိုလည်း ဝန်လေးနေမိသည်။

ကျွန်တော်တို့ ကြားခဲ့ကြရသည့် အသံသည် အမျိုးသမီးတစ်ဦး၏အသံဖြစ်ပါသည်။ ကျန်တစ်ဦးတစ်ယောက်၏ တုံ့ပြန်သံ၊ ညည်းတွားသံ၊ ငိုယိုသံ၊အချက်ပေးသံတို့ကို မကြားရသည်ကိုတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်အချင်းချင်းသာသိကြသည်။

“မြန်မြန်လေး... ကယ်ထုတ်ပေးပါနော်...”

“ကျွန်မရဲ့သမီးလေးတွေအတွက် မုန့်တွေဝယ်ထားတယ်... ဒီမှာကြည့်...ကြည့်... ကလေးတွေ အရမ်း ဆာနေကြမှာ ဆရာ၊ ကျွန်မ ... သူတို့နဲ့ အတူတူစားဖို့ ... စောင့်နေတာပါ...”

“ကျွန်တော်တို့ အမြန်ဆုံးကယ်ဆယ်နိုင်ဖို့ ... အကောင်းဆုံးကြိုးစားပေးပါမယ်..” လို့ ပြန် ပြောရုံမှတပါး တခြားပြောစရာ စကားလုံးများ ထွက်မလာတော့ပါ။

ကျွန်တော်တို့ တုံ့ပြန်သံကြားရပြီး Song Contact ရရှိသည့်နေရာတွင် ပိတ်မိနေသူများကို ရရှိထားသည့် အချက်အလက်တို့နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ အသံရှင်မှာ“အလုံ”မဟုတ်သလို “အားလုံ” လည်း မဟုတ်ပါ။

ဖြစ်နိုင်ခြေအများဆုံးသူမှာ ဟိုတယ်ဝန်ထမ်း “မအေးအေးမိုး” ဖြစ်ပြီး ကိုယ်ဝန်ဆောင်သည် တစ်ဦးဖြစ်ပါသည်။

ကျွန်တော်တို့ ရောက်မလာခင်တစ်ရက်ကပင် ဟိုတယ်သုံး ဆက်သွယ်ရေးစကားပြောစက်ဖြင့် အဆက်အသွယ်ရကြသည်။

စကားပြောစက်မှတစ်ဆင့် မည်သို့ မည်ပုံ ပိတ်မိနေကြောင်း၊ မည်သူတို့နှင့်အတူရှိကြောင်း သတင်းပေးခဲ့သူပင်ဖြစ်သည်။ အမြန်ဆုံး ကယ်ထုတ်ပေးရန် တောင်းဆိုထားသည်ကို ကျွန်တော်တို့ အချက်အလက်စုဆောင်းစဉ်ကပင် သိရှိထားပြီး ဖြစ်သည်။

ပျောက်ဆုံးနေသူ စာရင်းအရ Reception နှင့် Lobby တို့တွင် လူဦးရေ ၁၆ ဦး ၊ ၁၇ ဦး ပိတ်မိနေနိုင်သည်။

ကိုရှိုင်း (11 - PC)

16/05/2026

"ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၈)

“အားလုံရေ ... ဒီဖက်ကနေ ဓာတ်မီးထိုးနဲ့ ပြန်ထိုးကြည့်မယ်၊ အလင်းရောင်ကို မမြင်ရဘူး ဆိုရင် ၃ ချက် ခေါက်ပြပါ”

"ဒေါက် ... ဒေါက် ... ဒေါက်"

တခြားနေရာတွေကိုလည်း နေရာပြောင်းပြီး အမေးအဖြေလုပ်ကြည့်ပါသည်။ အလင်းရောင်ကို မမြင်ရကြောင်းသာ အကြောင်းပြန်ပါသည်။

ထို့ကြောင့် အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိ နိုင်သည့် အလုံပိတ်နေရာ တစ်နေရာတွင် ပိတ်မိနေသည်ကို အသေအချာပင် တွက်ဆနိုင်ပါသည်။

ထိုနည်းတူ ခြေ၊ လက်တို့ ကောင်းမွန်စွာ လှုပ်ရှားနိုင်မှု ရှိ မရှိ၊ ၎င်းနှင့်အတူပိတ်မိနေသူ အရေ အတွက်နှင့် ဒဏ်ရာရရှိထားမှု အခြေအနေတို့ကိုပါ ဆက်သွယ်မေးမြန်း နိုင်ခဲ့ပါသည်။

သူနှင့်အတူ စုစုပေါင်း ၅ ဦး ဟိုတယ် Reception တွင် ပိတ်မိနေပြီး ကျန်သူများမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားကြသည်။ အချင်းချင်း နောက်ဆုံးစကားပြောလို့ရခဲ့သည်မှာ မတ်လ ၂၉ ရက်နေ့ ညနေအထိသာ ဖြစ်ပါသည်။

ဟိုတယ်၏ Reception လည်း အောက်သို့ကျွံကျနေသည်ကိုပါ အတည်ပြုနိုင်ခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့မြင်တွေ့ရသည့် စတိုခန်းအတွင်း “V” ပုံစံ အတွင်း အစုလိုက် အပြုံလိုက် ပိတ်မိနေခြင်းကိုလည်း အတည်ပြုနိုင်ခဲ့ပါသည်။

တည်နေရာကို အတိအကျ အနီးစပ်ဆုံးအတည်ပြုနိုင်သည်နှင့် ကယ်ဆယ်ရေးလုပ်ငန်းကို အဖွဲ့ ၂ ဖွဲ့ ဖြင့် ပြိုင်တူစတင်လုပ်ဆောင်ပါသည်။

တစ်ဖွဲ့(၁)သည် မြေအောက်ထပ်(Basement)ရှိ စတိုခန်းအတွင်း ဝင်ရောက်နိုင်ရေးအတွက် လုပ်ဆောင်ပါသည်။

စတိုခန်းအတွင်း ရောက်ရှိသည်နှင့် “V” ပုံစံ ကျွံကျနေသည့် Concrete Slab ကို Breaking Method ဖြင့် ပက်လက်အနေအထားဖြင့် အောက်မှအပေါ်သို့ ထွင်းဖောက်၍ ကယ်ဆယ်နိုင်မည်ဖြစ်သည်။

Breaking Method ဆိုသည်မှာ ပိတ်မိနေသူ၏ အပေါ်ရှိ အမိုး၊ မျက်နှာကြက်၊ ကြမ်းခင်းကို အပေါ်မှအောက်သို့ ထွင်းဖောက်ဝင်ရောက်၍ ကယ်ဆယ်ဆယ်ရသည့် နည်းစနစ်ဖြစ်ပါသည်။

ပိတ်မိ နေသူ၏အပါ်ရှိ အမိုး၊ မျက်နှာကြက်၊ ကြမ်းခင်း တစ်ခုမဟုတ်တစ်ခုကို ထွင်းဖောက်ရနိုင်သလို အထပ်မြင့်အဆောက်အအုံဖြစ်ပါက ကြမ်းခင်းများ အထပ်ထပ်ရှိနေနိုင်ကိုလည်း ကြုံတွေ့ရတတ်ပါသည်။ ပိတ်မိနေသူ၏တည်နေရာသို့ အနီးစပ်ဆုံးထွင်းဖောက်ဝင်ရောက်ရပြီး ပိတ်မိနေသူ၏ အပေါ် တည့်တည့်မှ ထွက်ဖောက်ခြင်းမျိုး မဖြစ်စေရန်လည်း သတိပြုဆောင်ရွက်ရပါသည်။

တစ်ဖွဲ့(၂)သည် Reception ၏ အပေါ်တည့်တည့်ရှိ ဒုတိယထပ်၏ကြမ်းခင်းကို ထွင်းဖောက် နိုင်ရေးလုပ်ဆောင်ပါသည်။ ထိုမှတစ်ဆင့် ဒုတိယထပ်နှင့်ပထမထပ်ကြားရှိ အခြားသော အပျက်အစီး အတိုအစများကို ဆက်လက်၍ ရှင်းလင်းဖယ်ရှားရပါမည်။

Breaking Method ဖြင့်ပင် ကြမ်းခင်းများကို အပေါ်မှအောက်သို့ အဆင့်ဆင့်ထွင်းဖောက်ဝင်ရောက်၍ ပထမထပ်ကြမ်းခင်းကို ထွင်းဖောက် ပြီးသည်နှင့် မြေညီထပ်ကြမ်းခင်း၏ “V” ပုံစံအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်နိုင်မည်ဖြစ်ပါသည်။

အဖွဲ့(၁)သည် သန့်စင်ခန်းနံရံရှိ မှန်ဘလောက်တုံးများအားလုံးကိုခွဲ၍ ရှင်းလင်းဖယ်ရှားလိုက်လျှင် ၅ ပေခွဲ အမြင့်တွင် စတိုးခန်းအတွင်း အဝင်၊ အထွက်လုပ်နိုင်သည့် အထက်၊ အောက် ၁ ပေခွဲခန့် နှင့် ဝဲ၊ယာ ၄ ပေခန့်ရှိ အပေါက်ရရှိမည်။

၅ ပေခွဲ အမြင့်တွင် ရှိနေခြင်းကြောင့် အလွယ်တကူ အဝင်၊ အထွက် မလုပ်နိုင်ပါ။ သန့်စင်ခန်းနံရံ၏ အောက်ခြေမှထွင်းဖောက်ခြင်းနှင့် နံရံကိုဖြိုဖျက်ခြင်း ပြုလုပ် လျှင် ကြံ့ခိုင်မှုလျော့သွား၍ ရှိရင်းစွဲ Void နေရာကိုပါ ဆုံးရှုံးသွားနိုင်သည်။ အန္တရာယ်များပါသည်။

ဒေါက်ထောက်ထားသကဲ့သို့ရှိနေသည့် သန့်စင်ခန်းနံရံ၏ကြံ့ခိုင်မှုကိုမထိခိုက်စေဘဲ အခြားနည်းလမ်း ကို ထပ်မံစဉ်းစားရပါသည်။ အနီးရှိ အပြိုအပျက်များကို ရှင်းလင်း၍ “V” ပုံစံရှိရာ စတိုခန်းအတွင်း ဝင်ရောက်ရန်ဖြစ်ပါသည်။

ကွဲအက်ပြိုပျက်နေသည့် နံရံနှင့် ကျွံကျနေကြမ်းခင်းတို့ကို Demolition Hammer ၊ Engine Cutter တို့ဖြင့် ထွင်းဖောက်ပြီး သံချောင်းများကိုလည်း Engine Cutter ၊ Hydraulic Cutter တို့ဖြင့် ဖြတ်တောက်ကြပြန်သည်။ ထိုအချိန်မှာပင်

“ဆရာ ... ဆရာ .. ဒီမှာ နည်းနည်းလိုက်လာ သလိုပဲ..”

“ဟေ... ဘာလဲ..”

“ဒီမှာ ဆရာ... ဒီမှာ..”

“ဟာ... အေးဟ၊ ခဏရပ်ကြည့်..”

အခန်းကျဉ်းအတွင်း စက်သံများဖြင့် ဆူညံနေ၍ အချင်းချင်း အော်ပြောရသည်။ စက်များမှ ထွက်သော မီးခိုးနှင့် ထွင်းဖောက်၊ ဖြတ်တောက်ခြင်းကြောင့် ထွက်ရှိလာသည့် အမှုန်များကြောင့် ရှင်းလင်းပြတ်သားစွာ မမြင်တွေ့ရပါ။ အသက်ရှူပင် မဝဖြစ်ရပါသည်။ သေချာကြည့်လိုက်မှ ထွင်း ဖောက်မှုကြောင့် အပေါ်ဖက်ရှိကြမ်းခင်းသည် လိုက်ပါနိမ့်ဆင်းလာသည်ကို သတိထားမိခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေစဉ် အချိန်အတွင်းမှာပင် After Shock (၃)ကြိမ် ကြုံတွေ့ရပြီး အဆောက်အအုံ၏ကြံ့ခိုင်မှုသည်လည်း ပိုမိုလျှော့နည်း လာသောကြောင့်ဖြစ် သည်။

ကိုရှိုင်း (11 - PC)

09/05/2026

“ရှင်သန်စေလိုသောစိတ်"
***********************
(အပိုင်း ၇)

လျင်မြန်မှုကို ဦးစားပေးလျှင် လုံခြုံမှု အားနည်းသွားမည်ဖြစ်ပြီး လုံခြုံမှုကို ဦးစီးပေးလျှင် လျင်မြန်မှု အားနည်းသွားမည်ဖြစ်သည်။ ထိုအချိုး (ratio)ကို ကောင်းစွာနားလည်သဘောပေါက်ပါသည်။

အဆောက်အအုံ၏ အပြိုအပျက်များကြား ပိတ်မိနေသူ၏ အသက်ရှင်သန်ရေးသည် ၅၀ ရာခိုင်နှုန်းသာ ရှိပါသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် ၅၀ : ၅၀ ဖြင့် တစ်ဖက်နှင့်တစ်ဖက် အားပြိုင်နေချိန်ပင်ဖြစ်သည်။ အချိန်မရွေး ရှင်သန်နိုင်မှု ရာခိုင်နှုန်းသည် ယုတ်လျော့သွားနိုင်ပါသည်။

ကျွန်တော်တို့ တပ်ဖွဲ့ဝင်များ၏ အသက်ရှင်သန်ခြင်းသည် ၁၀၀ ရာခိုင်နှုန်းအပြည့်ရှိနေသေးအတွက် ကျွန်တော်တို့၏ အသက်ရှင်သန်နိုင်သော ၁၀၀ ရာခိုင်နှုန်းထဲမှ လုံခြုံမှုအတွက် ၂၅ ရာခိုင်နှုန်းကို အလျော့ခံလိုက်လျှင် ပိတ်မိနေသူ၏ အသက်ရှင်သန်ရေးသည် ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းသို့ ပြောင်းလဲလာနိုင်မည်ဖြစ်သည်။

တပ်ဖွဲ့ဝင်များ အားလုံး သိရှိနားလည်ထားကြသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်နည်းစနစ်တို့ကို ကိုယ်တိုင်သိရှိနားလည်ပြီးဖြစ်သော်လည်း မြေပြင်အခြေအနေအပေါ် မူတည်၍ ရှင်သန်ခြင်းအချိုး(ratio)ကို အလျှော့အတင်းထိန်းညှိကာ ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

မွန်းတည့်ချိန်တွင်တော့ အဝင်၊အထွက်လမ်းကိုချဲ့ထွင်ခြင်းနှင့်အတူ အဆောက်အအုံအတွင်း ပေ(၃၀)ခန့်အထိ ဝင်ရောက်နိုင်ခဲ့ပါသည်။ တုံ့ပြန်သံပေးခဲ့သည့် အသံရှင် ပိတ်မိနေသည့် နေရာဟု တွက်ဆ ထားသည့်နေရာသို့ ရောက်ပါသည်။

ထိုနေရာ၌ သန့်စင်ခန်း(Toilet)ရှိနေပြီး အလျား ၈ ပေ၊ အနံ ၆ ပေခန့်ရှိ အုတ်နံရံအခန်း အတွင်း ကြိတ်သားဖြင့်ကန့်ထားသော သန့်စင်ခန်း ၂ ခု ပါရှိသည်။ မတ်တပ်ပင် ရပ်နိုင်သည့် နေရာလွတ်(Void)တစ်ခုရှိနေသည်။ ကျွန်တော်တို့အားလုံး မတ်တပ်ရပ်ကြည့်ကြသည်။ လွတ်လပ်စွာ ခါးကြောဆန့်ကြသည်။

ရရှိထားသည့် သတင်းအချက်အလက်များအရ သန့်စင်ခန်းနှင့် ကပ်လျက်တွင် စတိုခန်းရှိရမည် ဖြစ်သည်။

ထို့ကြောင့် သန့်စင်ခန်းနံရံရှိ မှန်ဘလောက်တုံးများကို ဖြည်းဖြည်းချင်း ထုခွဲဖောက်ထွင်းကြရသည်။ မှန်ဘလောက်တုံးများ ဖယ်ရှားပြီး ကြည့်လိုက်သည်နှင့် စတိုခန်းကိုတွေ့ရပါသည်။

စတိုခန်း၌ အင်္ဂလိပ်အက္ခရာ(V)ပုံသဏ္ဌာန် ကျွံကျနေသည့် မြေညီထပ်၏ ကြမ်းခင်းကို မြင်တွေ့ရသည်။ စတိုခန်းနံရံများနှင့် ပစ္စည်းတင်စင်များသည် ‌ဒေါက်ထောက်ထား သကဲ့သို့ ရှိနေသဖြင့် လုံးလုံးလျားလျား ပြိုကျခြင်းမရှိဘဲ စတိုခန်း၏ အလယ်၊ ပစ္စည်းတင်စင်များ လွတ်နေသည့်နေရာသို့ အင်္ဂလိပ်အက္ခရာ(V)ပုံသဏ္ဌာန် ကျွံကျနေခြင်း ဖြစ်သည်။

မြေအောက်ထပ်ရှိ သန့်စင်ခန်းနှင့် ကပ်လျက်တွင် စတိုခန်းရှိနေပြီး စတိုခန်း၏ အပေါ် တည့်တည့် မြေညီထပ်တွင် ဟိုတယ်၏ Reception ရှိနေခြင်းကြောင့် ကျွန်တော်တို့ ရောက်နေသည့် နေရာသည် ပိတ်မိနေသူများနှင့်အနီးဆုံးနေရာတွင်ဖြစ်ပါသည်။

"V" ပုံစံ မြေညီထပ်ကြမ်းခင်းအတွင်း ပိတ်မိနေခြင်းဖြစ်နိုင်သည်။ ထို“V” ပုံစံ၏ အပေါ်တွင် ပထမထပ်ကြမ်းခင်းသည် အချပ်လိုက် ပိတ်မိ ကာရံထားသကဲ့သို့ ဖြစ်နေပြီး Void ရှိနေခြင်းကြောင့် အသက်ရှင်လျက်ရှိနေသည်ကို သုံးသပ်မိကြ သည်။

ပိတ်မိနေသူများ၏တည်နေရာကို အတည်ပြုနိုင်ရေးအတွက် ထပ်မံအသံပေး၍ အော်ခေါ်ကြရပြန်သည်။

“အားလုံရေ... အားလုံ ... ဒီဖက်က အသံကိုကြားရလား”

သည်တစ်ခါတော့ ချက်ချင်းပြန် မထူးတော့ပါ။

ကျွန်တော်တို့အဖွဲ့ စိုးရိမ်သွားကြသည်။ကျွန်တော်တို့ကြာနေကြလို့ တစ်ခုခုဖြစ်သွားပြီလား။ ကျွန်တော်တို့ လာ‌ရောက်ကယ်ဆယ်ခြင်းကို မျှော်နေသူအား လက်လွှတ် ဆုံရှုံးရပြီးလား။ လားပေါင်းများစွာဖြင့် စိုးရိမ်ပူပန်ကြရပြန်သည်။

“အားလုံရေ... အားလုံ ... ဒီဖက်က အသံကိုကြားရလား”

“လာကယ်ဖို့ရောက်နေကြပြီ... အသံပြန်ပေးပါဦး...”

“အားလုံရေ... အားလုံ ...”

ကျွန်တော်တို့ ၃ / ၄ ယောက် ဝိုင်းအော်ခေါ်ပြီး နားစွင့်ကြည့်မှ တုံ့ပြန်သံကို ကြားရသည်။

“ကြား ... တယ် ... အမြန်ဆုံးကယ်ပေးပါ...”

ကျွန်တော်တို့ သည်တစ်ခါ ကြားရသောအသံမှာ ပို၍ပင် တိုးသွားပါပြီ။ အနီးဆုံးနေရာကို ရောက်ရှိ နေသည့်တိုင်အောင် လေသံတိုးတိုးမျှပင်ကြားရပါတော့သည်။ ရေဓာတ်ပိုမို ဆုံးရှုံးလာသည့် အပြင် ပိုမိုအားနည်းလာသောကြောင့်ဖြစ်သည်။

အစားမစားရ၊ ရေမသောက်ရဘဲ ၄၈ နာရီဝန်းကျင် ကြာအောင် ပိတ်မိနေခြင်းကြောင့် ဖြစ်သည်။ အောက်ဆီဂျင်လည်း လုံလုံလောက်လောက် မရရှိခြင်းကြောင့်ဖြစ်သည်။

ထိုကြောင့် ဆက်လက်၍ စကားများများပြောခြင်း၊ အော်ဟစ်အကူအညီ တောင်းခံ ခြင်း မပြုစေဘဲ နီးစပ်ရာကိုသာ ၃ ချက် ပြန်ခေါက်ပြ၍ အချက်ပေးရန်ပြောရသည်။

“အားလုံရေ ဒီဖက်ကနေ နံရံကို ၃ ချက် ခေါက်လိုက်မယ်၊ ကြားရရင် နီးစပ်ရာကို ၃ ချက် ပြန်ခေါက် ပြပေး...”

ဒေါက် ... ဒေါက် ... ဒေါက် ဖြင့် ၃ ချက် ပြန်အချက်ပေးလာပါသည်။ အင်မတန်အားပျော့လှပါသည်။

အားတင်းထားပြီး အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူဖို့ ပြောရပါသည်။ ကျွန်တော်တို့ဖက်မှ မေးသမျှ ၊ ပြောသမျှကို နှုတ်ဖြင့်ပြန်လည် မဖြေကြားစေဘဲ သိရှိကြောင်းပြန်လည်ဖြေကြားရန်မှာ နံရံကို ခပ်မှန်မှန်ခေါက်ပြီး ပြန်လည်အချက်ပေး ဖြေကြားပေးရန်သာ မှာရပါသည်။

“အားလုံရေ ... ဒီဖက်ကနေ ဓာတ်မီးထိုးနဲ့ထိုးကြည့်မယ်၊ အလင်းရောင်ကို မြင်ရင် ၃ ချက် ခေါက်ပြပါ”

နံရံခေါက်သံ မကြားရပါ။

ကိုရှိုင်း (11 - PC)

04/05/2026

“ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၆)

ကျွန်တော်တို့သည် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်ရန်အတွက် အဖွဲ့အလိုက် တာဝန်ပြန်လည်ခွဲဝေကြရသည်။

Leader Sentry ဖြင့် ထောက်လှမ်းနေသည့်အဖွဲ့က ဟိုတယ်အဆောက်အအုံ၏ ထပ်မံတိမ်းစောင်းမှု ရှိ၊ မရှိကို တိုင်းတာထောက်လှမ်းပြီး ထူးခြားမှုရှိသည်နှင့် လက်ဆင့်ကမ်းသတင်းပေးပို့ရန် တပ်ဖွဲ့ဝင် ၅ ဦးအား တာဝန်ပေးပါသည်။

ကျန်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၀ ဦးတို့အား ၁၀ ဦး တစ်ဖွဲ့စီဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

တုံ့ပြန်သံရရှိခဲ့သည့်နေရာသည် ဟိုတယ် Reception နှင့်အနီးဆုံးဖြစ်သည်။ ကြိုတင်စုဆောင်း ရရှိထားသည့် သတင်းအချက်အလက်များအရ ဟိုတယ်၏ Reception နှင့် Lobby နေရာတွင်သာ အများစု ပိတ်မိနေကြခြင်းဖြစ်သည်။

ရှာဖွေရေးကယ်ဆယ်ရေးအဖွဲ့ ၃ ဖွဲ့ရှိသည့်အနက် ကျန် ၂ ဖွဲ့ကို အသင့်စောင့်ဆိုင်း‌စေပြီး အဆောက်အအုံ၏အခြေအနေကို စောင့်ကြည့်စေပါသည်။

ကျွန်တော်ပါဝင်သော အဖွဲ့က အဆောက်အအုံအတွင်း ထပ်မံဝင်ရောက်ခဲ့ကြပြီး ပိုမိုဝင်ရောက်နိုင်ရေးနှင့် အဝင်၊ အထွက်လမ်းကို ချဲ့ထွင်ရေး လုပ်ဆောင်သည်။

ကျွံကျနေသည့် မြေညီထပ်ကြမ်းခင်းနှင့် နံရံအစိတ်အပိုင်းတို့ကို ထွင်းဖောက်၊ ဖြတ်တောက် သင့်သည်ကို ထွင်းဖောက်၊ ဖြတ်တောက်ရပါသည်။

တချို့သော ထုတ်တန်း(Beam)များ ထပ်မံကျွံ မကျစေရန် ဟိုထရောလစ်သုံး ပင့်မ,ကိရိယာ ဖြစ်သည့် Hydraulic Ram ကို အသုံးပြု၍ ကားကို ဂျိုက်ထောက်အကဲ့သို့ ထောက်ထားရပါသည်။

တစ်ဦးချင်း တစ်ယောက်ချင်း၏ ဦးထုပ်တွင်ပါရှိသည့် ဓာတ်မီးအပြင် အဆောက်အအုံအတွင်း အလင်းရောင်ကောင်းစွာရရှိစေရေးအတွက် မီးမောင်း (Area Lighting)များကို အသုံးပြုကြရသည်။

သို့မှသာ တပ်ဖွဲ့ဝင်များ ကြောက်စိတ်နည်းပါးပြီး ယုံကြည်မှု ရှိရှိဖြင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

“ဆရာ ... Shoring မလုပ်တော့ဘူးလား၊ Shoring လုပ်မှ ပိုစိတ်ချမှာနော်”

“မလုပ်တော့ဘူးကွာ ... အချိန်သိပ်မရှိဘူး ... လိုအပ်တဲ့ နေရာတွေမှာ Hydraulic Ram ထောက်ထား ပြီးပြီပဲလေ...”

“ဟာ ... ဆရာကလည်း ... Hydraulic Ram က ၂ ချောင်း ၊ ၃ ချောင်းတည်းရယ်...”

“ငါပါ ပါတာတောင် မင်းတို့က ကြောက်နေတာလား ... ငါ့ကို မယုံလို့လား... မင်းတို့ မဝင်ရဲရင် အပြင်မှာ နေခဲ့ကြ..”

ခပ်မာမာ၊ ခပ်ပြတ်ပြတ် ပြောလိုက်တော့မှ ညီငယ်တပ်ဖွဲ့ဝင်များ ငြိမ်သွားတော့သည်။

“ဟုတ် ဆရာ ... ဝင်ပါမယ်ဆရာ..”

ယခုကဲ့သို့သော အဆောက်အအုံအပြိုအပျက်များအတွင်း ဝင်ရောက်လျှင် စတင်ဝင်ရောက် သည်နှင့် Shoring ကို မဖြစ်မနေ လုပ်ဆောင်ကြရပါသည်။

Shoring သည် ဒေါက်ထောက်ခြင်း သို့တည်းမဟုတ် ကျားကန်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထွင်းဖောက်ဝင်ရောက်ရာတွင် ပိတ်မိနေသူ ထံသို့ ရောက်သည်ထိ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်သကဲ့သို့ပင် ထွင်းဖောက်ခြင်းနှင့်အတူ Shoring ကိုပါ တစ်ပါတည်းလုပ်ကြရပါသည်။

သို့မှသာ ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် အကြောင်းအမျိုးမျိုး ကြောင့် အဆောက်အအုံထပ်မံပြုကျပါက ဝင်လမ်း၊ထွက်လမ်းသည် မပိတ်ဘဲကျန်ရှိနေမည်ဖြစ်သည်။

ဝင်ရောက်ကယ်ဆယ်သူရော ကယ်ဆယ်ခြင်းခံရသူပါ ဘေးကင်းလုံခြုံစွာ ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်သည်။ ထိုသို့ နှစ်ဦးနှစ်ဖက်စလုံး အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ စီမံဆောင်ရွက်နိုင်မှသာ ကယ်ဆယ်ရေးလုပ်ငန်းသည် ရာခိုင်နှုန်းပြည့် အောင်မြင်သည်ဟု သတ်မှတ်ပါသည်။

Shoring သည် သီအိုရီအရ မဖြစ်မနေ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ပင်ဖြစ်သည်။

မြေပြင်အခြေအနေတွင် အဆောက်အအုံအတွင်း၌ ပိတ်မိနေသည့်ကြာချိန်မှာ ၄၅ နာရီခန့် ကြာမြင့် နေပြီဖြစ်ပါသည်။

ကျွန်တော်တို့သည် ပိတ်မိနေသူနှင့် အပြန်အလှန် စကားပြောဆိုနိုင်ရုံသာ ရှိသေးသည်။ မျက်မြင်ကိုယ်တွေ့ မတွေ့ရှိရသေးပါ။ ဝင်လမ်း၊ ထွက်လမ်းကိုတောင် ချဲ့ထွင်၍ မပြီး သေးသည့် အခြေအနေတွင်သာ ရှိနေသေးသည်။

အနိမ့်အမြင့်အညီသည့် ဝင်လမ်း၊ ထွက်လမ်း တစ်လျှောက်နှင့် Shoring လုပ်ဆောင်ရန်မှာ သစ်သားတုံးများ များစွာလိုအပ်ပြီး မတူညီသည့် အတိုင်းအတာများအတိုင်းလည်း ဖြတ်တောက်ရမည်ဖြစ်သဖြင့် အချိန်ပေးရပါမည်။

ကိုရှိုင်း (11 - PC)

25/04/2026

"ရှင်သန်စေလိုသောစိတ်"
***********************
(အပိုင်း ၅)

ကျွန်တော်တို့သည် မီးငြှိမ်းရေးလုပ်ငန်းတွင်သာ အတွေ့အကြုံများနေပြီး ရှာဖွေကယ်ဆယ်ရေးတွင် အတွေ့အကြုံနည်းနေသေးကြောင်းကို ဤနေရာတွင်သက်သေပြနေပါသည်။

ငလျင်ဘေးဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို စာတွေ့သင်ယူထားကြသည်။ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားများတွင် သဏ္ဌာန်တူဖြစ်စဉ်ဖွင့် ဇာတ်တိုက်လေ့ကျင့်ခဲ့၊ သရုပ်ပြခဲ့ကြဖူးသည်။ ယခုတွင် မြေပြင်အခြေအနေအပေါ်မူတည်ပြီး စာတွေ့နှင့်လေ့ကျင့်ထားရှိမှုတို့ကို ပေါင်းစပ်၍ လက်တွေ့ ကျကျ ဆောင်ရွက်‌နေရခြင်းဖြစ်ပါသည်။

"သေချာအောင် နောက်တစ်မျိုး လုပ်ကြည့်လိုက်မယ်.. မင်းလည်း နားစွင့်ထား .. ငါလည်း နားစွင့် ထားမယ်..”

“ဟုတ် ဆရာ..”

“အားလုံရေ... ဒီဖက်က အသံကိုကြားရလား”

“ကြား ... တယ် ... အမြန်ဆုံးကယ်ပေးပါ...”

“ဒီဖက်ကနေ နံရံကို ၃ ချက် ခေါက်လိုက်မယ်၊ ကြားရရင် နီးစပ်ရာကို ၃ ချက် ပြန်ခေါက် ပြပေး...”

ကျွန်တော်က နံရံကိုခပ်မှန်မှန်ဖြင့် ၃ ချက်ခေါက်လိုက်ချိန်တွင် တစ်ဖက်မှကြားသိရကြောင်းကို အကြောင်းပြန်သည့်အနေဖြင့် ၃ ချက်ပြန်ခေါက်ပြီး အချက်ပေးပါသည်။

နှုတ်ထွက်ဖြင့် အကြောင်းပြန်သံ၊ လက်ဖြင့် နံရံ သို့မဟုတ် ကြမ်းခင်းကို ခေါက်၍ အချက်ပေးသံတို့ကြောင့် အမှန်တကယ် အသက်ရှင်လျက် ပိတ်မိနေသူဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ကြသည်။

“သေချာပြီ ... လူကွ လူ၊ အသက်ရှင်သေးတယ်...”

ဝင်လမ်းတစ်လျှောက်တွင် ဆင့်ကဲစောင့်ဆိုင်းနေသည့် ကျန်တပ်ဖွဲ့ဝင်များကိုလည်း အသက် ရှင်လျက် ပိတ်မိနေသူရှိသည်ကို အတည်ပြုနိုင်ကြောင်း လက်ဆင့်ကမ်း ပြောလိုက်ကြသည်။
ထို့အတူ ပိတ်မိနေသူကိုလည်း အားပေးစကားနှင့် လိုအပ်မှသာ အသံပေးဖို့၊ အားကုန်မခံဖို့ ပြောရသည်။

“အားတင်းထားပါ ... ကျွန်တော်တို့ အမြန်ဆုံးကယ်ပေးမယ်..”

အဆောက်အအုံအဝင်ဝ၌ စိတ်ပူပင်စွာဖြင့် စောင့်ဆိုင်းနေသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးတို့ထံ ဟိုတယ်အဆောက်အအုံအတွင်း အသက်ရှင်လျက် ပိတ်မိနေသူတစ်ဦးရှိသည်ကို အတည်ပြုနိုင်ကြောင်း သတင်းပို့ပါသည်။

ဆောင်ရွက်ရသည့် အဆောက်အအုံအတွင်း အခြေအနေနှင့် ကြုံတွေ့နိုင်သော အခက်အခဲများကိုပါ တစ်ပါတည်းသတင်းပို့၍ ထိခိုက်မှုအနည်းဆုံးဖြင့် အမြန်ဆုံးကယ်ဆယ်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ကြရပါသည်။

ကျွန်တော်တို့ကို လိုအပ်သလိုကူညီဆောင်ရွက်ပေးရန် လောလောလတ်လတ် သင်တန်းဆင်းထားသည့် အရာရှိငယ်များလည်းရောက်ရှိနေကြသည်။

လက်ထောက်မီးသတ်ဦးစီးမှူးလောင်း အမှတ်စဉ် (၂၃)မှ ညီငယ်များဖြစ်ကြပြီး တိုက်တိုက်ဆိုင်ဆိုင် မန္တလေးငလျင်ကြီးလှုပ်ခတ်သည့် မတ်လ ၂၈ ရက်နေ့မှာပင် သင်တန်းဆင်းကြသူများ ဖြစ်ကြပါသည်။ မိဘအိမ်၊ မိမိစခန်းသို့ပင် မပြန်ရသေး၊ မနား ရသေးဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီ‌ဆောင်ရွက်ရန်မန္တလေးသို့ ရောက်ရှိနေကြခြင်းဖြစ်ပါသည်။

ကျွန်တော်တို့နှင့်ပိတ်မိနေသူတို့အကြား အပြန်အလှန် Song Contact ရရှိသည်ကို သိရှိရ၍ ဟိုတယ်ရှိ တာဝန်ရှိသူများနှင့် ပိတ်မိနေသူများ၏ မိသားစုဝင်များကလည်း ဝမ်းသာအားရဖြစ်ကြသည်။ အမြန်ဆုံးကယ်ဆယ်နိုင်ရေးအတွက်လည်း များစွာမျှော်လင့်ထားကြသည်။

ပြန်လည်တုံ့ပြန်သံ မပေးနိုင်သူများလည်း အသက်ရှင်လျက်ရှိလိမ့်မည်ဟု သူတို့ ယုံကြည်ထားကြသည်။

“ဆရာ ... ဆရာတို့ ဒီတစ်ခါပြန်ဝင်ရင် ကျွန်တော်ပါလိုက်မယ် ...”

“လိုတာသာ ခိုင်း ... ကျွန်မလည်း လိုက်မယ် ဆရာ ...”

“အစ်ကိုတို့ ... အစ်မတို့က အထဲမှာ ပိတ်မိနေသူတွေကို အန္တရာယ်ကင်းအောင် ဝိုင်းပြီး ဆု တောင်းပေး... အထဲဝင်ပြီးကယ်ဆယ်ဖို့က ကျွန်တော်တို့တာဝန်သာထား... အစားလည်းစားကြ... ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ပြီး ... အန္တရာယ်ကင်းအောင်လည်းနေပေးနော်... အဲဒါဆို ကျွန်တော်တို့ကို ဝိုင်းကူတာနဲ့ အတူတူပဲ ... ”

“ဟုတ်ပြီလား ... Fighting နော်...”

“FIGHTING..”

မိသားစုဝင်များက သူတို့ပါ လိုက်ပါဝင်ရောက်လိုသည်အထိ ပူးပေါင်းဆောင်ရွက်လို ကြပါသည်။ ဆန္ဒများလည်း စောနေကြသည်။

အအောက်အအုံအတွင်း ဆက်လက် ဝင်ရောက်ရန်မှာ လုပ်ဆောင်ရမည်များ ကျန်ရှိသေးသည့်အပြင် အန္တရာယ်များသောကြောင့် တောင်းပန် တစ်လှည့်၊ ဖျောင်းဖျတစ်လှည့်ဖြင့် ပြောပြရသည်။

ကိုရှိုင်း (11 - PC)

17/04/2026

"ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၄)

ထိုသို့အဆောက်အအုံအတွင်း ပိတ်မိနေသူများကို အဖွဲ့အလိုက်ရှာဖွေခြင်းနှင့် အသံပေးဆက်သွယ်ခြင်းတို့ လုပ်ဆောင်နေချိန်တွင် After Shock လှုပ်ခြင်းတို့ကြောင့် လုပ်ဆောင်ချက်များ အားလုံးကို ခေတ္တရပ်နားကြရသည်။

ဆက်သွယ်ရေးစကားပြောစက်စနစ်များ ပြတ်တောက်နေသဖြင့် ရွှေ့လျားမှုထောက်လှမ်းကိရိယာမှ အချက်ပေးသံထွက်ပေါ်လာသည်နှင့် ဝီစီမှုတ်၍ အချက်ပေးခြင်း၊ တပ်ဖွဲ့ဝင်အချင်းချင်း လက်ဆင့်ကမ်းအချက်ပြခြင်းတို့ကိုလုပ်ဆောင်ရပါသည်။

After Shock လှုပ်ခတ် ချိန်တွင် လုပ်ဆောင်ချက်များ ရပ်နားပြီး အဆောက်အအုံအပြင်သို့ ထွက်လိုက်ကြ၊ ပြန်ငြိမ်သွားချိန်တွင် ပြန်လုပ်လိုက်ကြဖြင့် သံသရာလည်နေသည့်အတွက် လုပ်ငန်းတွင်ကျယ်မှု မရှိသည့်အပြင် ထိရောက်မှုလည်း နည်းပါးသည်။

ကျွန်တော်တို့၏ ဆောင်ရွက်ချက်များအပေါ် မိသားစုဝင်များကလည်း အားမလို၊ အားမရ ဖြစ်ကြရသည်။ ကျွန်တော်တို့ မရောက်ခင်ကပင် ကိုယ်တိုင်ထွက်ပေါက်ရှာပြီး ထွက်လာနိုင်သူများ ရှိကြသည်။ ဝန်ထမ်းအချင်းချင်း၊ မိသားစုဝင်အချင်းချင်း ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့သူများလည်းရှိသည်။

အနီးပတ်ဝန်းကျင်၌ နေထိုင်ကြသူများ၊ ဒေသခံအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်း သားများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် အသက်ရှင်လျက် ပိတ်မိနေသူများနှင့် ရုပ်အလောင်းများကို အချိန်တိုအတွင်း ကယ်ဆယ်ရွှေ့ထုတ်ပေးနိုင်ခဲ့ကြသည်။ ထိုသို့သောဝိုင်းဝန်း ကူညီကယ်ဆယ်ပေးခဲ့ကြသူတိုင်းကို လေးစားဂုဏ်ယူမိပါသည်။

ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရချိန်သည် အခက်အခဲဆုံးနှင့်အန္တရာယ်အများဆုံး အခြေအနေဖြစ်သောကြောင့် သတိကြီးစွာ လုပ်ဆောင်နေရခြင်းဖြစ်သည်။

လူအား၊ စက်ပစ္စည်းအားတို့ကိုအသုံးပြုပြီး ရှာဖွေရေးလုပ်ငန်းများကိုဆောင်ရွက်နေစဉ် နာရီဝက် တစ်ကြိမ် တပ်ဖွဲ့ဝင်အချင်းချင်း အချက်ပေး၍ ခေတ္တနားရသည်။ အသံအားလုံး ငြိမ်သွားချိန်တွင် Leader Hasty ဖြင့် ထောက်လှမ်းခြင်းနှင့်အတူ အော်ခေါ်၍ အသံပေးခြင်းဖြင့်လည်း တုံ့ပြန်အချက်ပေးသံကို ဝိုင်းဝန်း အာရုံစိုက်၍ နားထောင်ကြရသည်။

“အထဲမှာ လူရှိလား... မီးသတ်တပ်ဖွဲ့ကပါ... ကယ်ဆယ်ဖို့ရောက်နေတာပါ... ဒီဖက်က အသံကို ကြားရလား.. ကြားရရင် အကြောင်းပြန်ပါ..”

လေး၊ ငါး၊ ခြောက်ကြိမ် အော်ခေါ်ကြည့်သော်လည်း တုံ့ပြန်သံမကြားရသဖြင့် ဟုတ်ရော ဟုတ်ရဲ့လားဟူသော အဓိပ္ပာယ်ပါသည့် သံသယအကြည့်ဖြင့် ကနဦးသတင်းပေးသူ ကိုပိန်ကိုကြည့် လိုက်စဉ်

“ဆရာ ကျွန်တော် မညာပါဘူးဗျာ.. သူပြန်ထူးသံက အရမ်းတိုးနေလို့ မကြားရတာဖြစ်မယ်၊ ဟိုး..ရှေ့ နားလေးကဆို ကောင်းကောင်းကြားရနိုင်တယ် ဆရာ”

ကိုပိန် ထပ်မံညွှန်ပြသောနေရာသည် အပြိုအပျက်များအကြားကမြင်တွေ့ရပြီး လူတစ်ကိုယ်စာ ဝင်ရန်ပင်မဆံ့သည့် အပေါက်လေးသာရှိပါသည်။ TIC-Thermal Imaging Camera ဖြင့် ကြည့်သော်လည်း မတွေရှိရပါ။

ပြိုကျနေသည့် နံရံနှင့် ကြမ်းခင်းအပိုင်းအစများ အထပ်ထပ်ပိတ်မိနေသောကြောင့် အပူရှိန်အာရုံခံစနစ်က မထိရောက်ခြင်းဖြစ်နိုင်သည်။

ထို့ကြောင့်တုံ့ပြန်သံကိုကြားရနိုင်လောက်သည့်နေရာအထိ ဝင်ရောက်နိုင်ရန် ကျဉ်းမြောင်းသော ဝင်ပေါက်ရှိ အပျက်အစီး၊ အပိုင်းအစများကို ရှင်းလင်းဖယ်ရှားကြရသည်။

ဖြတ်တောက်တန်သည်များကို ဖြတ်တောက်ရေးသုံးကိရိယာများဖြစ်သည့် Hydraulic Cutter ၊ Engine Cutter နှင့် Bolt Cutter တို့ကို အလျဉ်းသင့်သလိုအသုံးပြု၍ ဖြတ်တောက်ကြရသည်။ ထွက်ရှိလာသည့် ခဲကျိုးများနှင့် အပျက်အစီးအပိုင်းအစများကိုပါ ဖယ်ရှားရှင်းလင်းကြရသည်။

ကိုပိန် ညွှန်ပြခဲ့သည့်နေရာသို့ရောက်သည်အထိ ၃ နာရီခန့်ကြာအောင် ဝမ်းလျားမှောက်လျက် ထွင်းဖောက်ရင်း တွားသွားဝင်ရောက်ကြရသည်။ ရောက်သည်နှင့် လုပ်ဆောင်ချက်အားလုံးကို ခေတ္တရပ်နားစေပြီး နာမည်ခေါ်ကာ အသံပေးကြသည်။

“အလုံရေ... အားလုံရေ... ဒီဖက်က အသံကိုကြားရလား၊ ကြားရရင် အကြောင်းပြန်ပါ” တပ်ဖွဲ့ဝင် အားလုံးလည်း နားစွင့်၍ တုံ့ပြန်သံကို နားထောင်ကြရပါသည်။

ကျွန်တော်နှင့်အတူပါရှိသည့် ညီငယ်တစ်ယောက်က “ဆရာ ကြားလိုက်လား၊ ကျွန်တော် အသံတိုးတိုးလေး ကြားလိုက်သလိုပဲ”

ကျွန်တော်က နှုတ်ခမ်းရှေ့လက်ညှိုးထောင်လျက် “ရှူး... တိုးတိုး... ငါလည်းကြားလိုက်တယ်၊ သေချာအောင် ထပ်ခေါ်ကြည့်လိုက်မယ်”

အသံလာရာသို့ တစ်ယောက်နှင့်တစ်ယောက် လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြစကားပြောရင်း နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ ထိုအချိန်တွင် အသက်ပင်ပြင်းပြင်းပင် မရှူရဲဘဲ နားစွင့်နေကြရသည်။

“အလုံရေ ... အားလုံရေ ... ဒီဖက်က အသံကိုကြားရလား... ကြားရရင် အကြောင်းပြန်ပါ.. မီးသတ်ကပါ... လာကယ်တာပါ..”

“ကြား ... ရတယ် ... အမြန်ဆုံး ... ကယ်ထုတ်ပေးပါ...”

ဟုတ်ပါသည်။ အသက်ကို ဖြည်းဖြည်းချင်းရှူ၍ အာရုံစိုက်ပြီး နားထောင်နေချိန်မှာပင် အပြို အပျက်များကြားက အားကုန်အော်၍ အသံပြန်ပေးနေပြီး အကူအညီတောင်းနေခြင်းဖြစ်သည်။

သူ့မ အနေဖြင့် အားကုန်အော်သော်လည်း ကျွန်တော်တို့ဖက်က လေသံမျှ တိုးတိုးလေးသာ ကြားရသည်။ နံရံနှင့် အပျက်အစီးများခြားနေသည်။ အချိန်ကြာကြာ ပိတ်မိနေသူဖြစ်သည့်အလျှောက် ရေဓာတ် ဆုံးရှုံးပြီး အားနည်းနေသူဖြစ်၍လည်း အသံကုန်အော်ဟစ် အကူအညီတောင်းသော်လည်း တိုးတိုး လေးသာ ကြားနေရပါသည်။

“ဆရာ.. ကျွန်တော်တို့ ကြားရတဲ့အသံက.. လူသံပါနော်..”

“လူသံမို့လို့ မင်းနားလည်တာပေါ့ဟ၊ ဘယ်သတ္တဝါက လူလိုစကားပြောမှာလဲ”

“မသိဘူးလေ ဆရာ၊ ကျွန်တော်က ဟိုဟာ ဒီဟာလားလို့၊ ကြက်သီးတောင် ထလာသလိုပဲ..ဟီး...”

ကျွန်တော်က ညီငယ်၏ ဦးထုတ်ကို ခေါက်လိုက်ရင်းဖြင့် “မင်းနဲ့ကွာ .. ပေါက်ကရ..”

ကျွန်တော်တို့ ဝမ်းလျားမှောက်လျက်တီးတိုးပြောနေခြင်းဖြစ်ပါသည်။ သူပြောမှ ကျွန်တော်ပါ နည်းနည်းဒွိဟဖြစ်သွားရသည်။

ကျွန်တော်တို့ ရောက်ရှိနေသည့်နေရာသည် မှောင်မည်းနေသည့်အပြင် အေးစိမ့်စိမ့် ဖြစ်နေ သည်။ ကိုယ်စီပါရှိသည့် ဓာတ်မီး (Personal Search Light) အသုံးပြုပြီး ဖြည်းဖြည်းချင်း ခက်ခဲစွာ တွားသွား ဝင်ရောက်ခဲ့ရသည်။

ပုပ်အဲ့အဲ့အနံ့ကလည်း နှာခေါင်းမခံသာအောင်ဖြစ်သည်။ အပေါ်ဖက် ကြမ်းခင်း၏ အက်ကွဲကြောင်းမှတစ်ဆင့် စိမ့်ကျနေသည့် အရည်များ၏ အနံ့ဖြစ်သည်။ ရံဖန်ရံခါ ကျွန်တော်တို့ ကိုယ်ပေါ်သို့ ကျတတ်ပြီး တွားသွားရင်းဖြင့် ဖိမိ၊ ကိုင်မိတတ်သေးသည်။

ယခုလို ကြုံတွေရချိန်တွင် ဝေခွဲရခက်ခဲစေခြင်းမှာ အထူးအဆန်းတော့ မဟုတ်ပါ။

ကိုရှိုင်း (11 - PC)

10/04/2026

"ရှင်သန်စေလိုသောစိတ်"
***********************
(အပိုင်း ၃)

ကျွန်တော်တို့သည် အန္တရာယ်၏ သက်ရောက်မှုအနည်းဆုံးနေရာဖြစ်သော ဟိုတယ်အဆောက် အအုံ၏ နောက်ဖက်ခြမ်းရှိမြေအောက်ထပ်မှ စတင်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအချိန်တွင် အဆောက်အအုံအတွင်းပိတ်မိသူများ၏ မိသားစုဝင်များနှင့်ဆွေမျိုးများက သူတို့ ငှားရမ်းထားသည့် ဘက်ဟိုး(Backhoe)ကိုပါ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်စေလိုကြသည်။

အဆောက်အအုံအတွင်း အသက်ရှင်လျက် ပိတ်မိနေသူ ကျန်ရှိနေပါက ယန္တရားကြီးများ အသုံးပြု၍ ဖြိုဖျက်လို့ မရကြောင်း၊ မလိုလားအပ်ဘဲ ပိတ်မိနေသူကို ဒဏ်ရာအနာတရ ရရှိစေနိုင်ကြောင်း၊ ပိတ်မနေသူ၏အသက်ကိုပါ ဆုံးရှုံးစေနိုင်ကြောင်း စသည့်အချိန်မတိုင်မီ ယန္တရား သုံး၍ ဖြိုဖျက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းပြရသည်။ သို့သော်မည်သို့ရှင်းပြရှင်းပြ လက်မခံကြပါ။

“ရှင်က ဘာလဲ.. အချိန်စွဲချင်တာလား၊ငွေလိုလား...ရှင်တို့ မလုပ်ရင် ကိုယ့်ဘာသာလုပ်မယ်..”

“မင်းက ဘာကောင်မို့လို့လဲ၊ အခုလို ယန္တရားမသုံးဖို့ မင်းမှာတားခွင့်ရှိလား၊ မင်းက ဘာသုံးပြီး ကယ်မှာလဲ...”

“အထဲမှာ ပိတ်မိနေတာ ကြာနေပြီနော်... သေကုန်ရင် မင်းတို့ကြောင့်ပဲ..”

ယန္တရားမောင်းသူကလည်း စက်နှိုးပြီး အသင့်အနေအထားဖြင့် ရှိနေသည်။

“ဒီမှာမလိုဘူးဆိုရင် တခြားနေရာ သွားလိုက်တော့မှာနော်... ဝိုင်းငှားထားကြတာ... ရောက်လက်စနဲ့မို့ တခြားမသွားတာ” လို့ပင် ဆေးလိပ်ဖွာလျက် ပြောလိုက်သေးသည်။

“အကို ... ခင်ဗျား သူတို့ပြောတာ ဂရုစိုက်မနေနဲ့ လုပ်စရာရှိတာ မြန်မြန်သာ လုပ်ဗျာ..”

ကျွန်တော်တို့ကို ထောက်ခံသူမှာ အဆောက်အအုံပြိုကျချိန်တွင် အနီးပတ်ဝန်းကျင်မှ ဝိုင်းဝန်း ကူညီ ကယ်ဆယ်ပေးခဲ့သူများထဲမှ “ကိုဖြိုး” ဆိုသူ အရပ်သားတစ်ဦးပင်ဖြစ်သည်။

ဘယ်လိုမှ ရှင်းပြ၊ ဖျောင်းဖျ၍ မရသည့်အဆုံး ညှိနှိုင်းမှုတစ်ခုလုပ်ကြရသည်။ “လက်ရှိငှား ထားသည့် ယန္တရားများကို အသုံးပြုမည်၊ သို့သော်အဆောက်အအုံကို လုံးဝမထိခိုက်စေဘဲ အနီးနားရှိ အပျက်အစီး၊ အပိုင်းအစများကိုသာ ရှင်းလင်းဖယ်ရှားရမည်။” ထိုသို့ ညှိနှိုင်းခြင်းကိုတော့ လက်ခံပေးကြသည်။ ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်များနှင့် Ambulance များအတွက် ဝင်လမ်း၊ ထွက်လမ်းနှင့် ချည်းကပ်လမ်းသာအောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအလိုက် Leader Sentry ဖြင့် ဟိုတယ်အဆောက်အအုံ ထပ်မံ တိမ်းစောင်းမှု ရှိ၊ မရှိကို တိုင်းတာထောက်လှမ်းကြသည်။

ဟိုတယ်အဆောက်အအုံကို အခန်းဖွဲ့များအလိုက် ပုံကြမ်း(Drawing)ရေးဆွဲရသည်။ Leader Hasty ဖြင့် အခန်းဖွဲ့များအလိုက် ပိတ်မိနေသူများ၏ နှလုံးခုန်သံ၊ ကိုယ်လက်လှုပ်ရှားသံ၊ အချက်ပေး သံတို့ကို ထောက်လှမ်းရှာဖွေခြင်းနှင့်အတူ Searching Camera ဖြင့် နံရံအက်ကွဲကြောင်းများ၊ အပေါက်ငယ်များမှတစ်ဆင့် ‌ကြည့်ရှုရှာဖွေကြသည်။

အဆောက်အအုံအတွင်း ဝင်ရောက်၍ ကယ်ဆယ်နိုင်ရန်အတွက်လည်း ထွင်းဖောက်၊ ဖြတ်တောက်ရေးသုံး ကိရိယာများဖြစ်သည့် Engine Cutter ၊ Hydraulic Rescue Tools နှင့် Demolition Hammer (Vibrator)တို့ဖြင့် တစ်ဖွဲ့ကိုလည်း အသင့်အနေအထားဖြင့် စောင့်ဆိုင်းထားရှိပါသည်။

ကိုပိန် ညွှန်ပြသည့် အသက်ရှင်လျက် ပိတ်မိနေသူရှိသည်ဟူသောနေရာတွင်လည်း အပြင်ဖက်မှအသံပေးကြည့်ကြသည်။

ကိုရှိုင်း (11 - PC)

03/04/2026

“ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၂)

ဒေသခံတစ်ဦးဖြစ်သည့်အပြင် ဟိုတယ်အဆောက်အအုံ ပြိုကျသည်နှင့်တစ်ပြိုင်နက်တည်းမှာပင် ဝိုင်းဝန်းကူညီ ကယ်ဆယ်ပေးခဲ့သူ များထဲက တစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့အဖွဲ့က သူ့ကို နာမည်ပင်မမေးတော့ပဲ "ကိုပိန်"လို့သာ မှတ်ထားလိုက်ကြသည်။ တစ်ဆက်စပ်တည်းမှာပင် ကိုပိန်က လက်ညှိုးညွှန်ပြလျက်

“ဒီအပြိုအပျက်တွေထဲမှာ အသက်ရှင်တဲ့သူ ရှိသေးတယ်ဆရာ၊ အဆောက်အအုံက ထပ်ပြို လာလို့ ကျွန်တော်တို့လည်း မဝင်ဝံ့တော့တာနဲ့ ထပ်မဝင်ဖြစ်တော့တာဗျ..”

“သေချာလို့လား၊ သေချာမှ ပြောပါဗျာ၊ မဟုတ်ရင်...”

ကျွန်တော့်စကားပင် မဆုံးလိုက်ပါ။ ကိုပိန်က သူ့ကိုယ်သူ ယုံကြည်မှုရှိစွာဖြင့်

“ဟုတ်တယ် ဆရာ၊ သေချာတယ်၊ မယုံရင် သူ့နာမည်ကို ခေါ်ကြည့်ပါလား”

“သူ့နာမည်က ဘယ်လိုခေါ်လဲ”

“နာမည်ရင်းတော့ မသိဘူးဆရာ၊ အလုံဆိုလား၊ အားလုံဆိုလားပဲ”

ကျွန်တော်တို့ အပြန်အလှန် စကားပြောဆိုနေသည်ကို ကြားရသည်နှင့် တစ်ယောက်ပြီး တစ်ယောက် ကျွန်တော်တို့အနားသို့ အလျှိုလျှိုရောက်လာကြသည်။

ဟိုတယ်အဆောက်အအုံ အပြို အပျက်များအကြား ပိတ်မိနေသူများ၏ မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များပင်ဖြစ်သည်။ ထိုသူများမှာ အိပ်ရေးဝဝ မအိပ်ရသေးသည့်အပြင် အချိန်ကြာကြာငိုထားကြ သောကြောင့် မျက်လုံးများ မို့အစ်နေကြသည်။

“ဆရာတို့ရယ် ကျွန်မ သမီးလေးကို ကယ်ပေးကြပါ”

“ကျွန်တော့် အမျိုးသမီးကို ကယ်ပါဦးဗျာ...”

“ကျွန်မ ယောက်ျားရော ... သမီးလေး ၂ ယောက်ပါ ပိတ်မိနေကြတာ... သူတို့တွေ အသက်ရှင် နေသေးတယ်၊ မြန်မြန်သာ ကယ်ပေးပါရှင်”

“ကျွန်တော်တို့ ဝန်ထမ်းကလေးတွေ ပိတ်မိနေတာပါ ဆရာ၊ ဆရာတို့ကို မျှော်နေတာပါ။ အမြန်ဆုံး ကယ်ပေးကြပါဗျာ”

“ရှင်တို့က အခုမှ ရောက်လာကြတာလား... ရန်ကုန်နဲ့မန္တလေးကို ဘယ်လိုလာလို့ ဒီလောက် တောင် ကြာနေရတာလဲ၊ ရှင်တို့ နောက်ကျလို့ မသေသင့်ဘဲ သေကုန်တော့မယ်”

အားလုံးက ပူဆွေးမှုကိုယ်စီဖြင့်မျှော်လင့်ချက်ကြီးစွာ တစ်ယောက်တစ်ပေါက် ဝိုင်းအုံပြောကြသည်။ စိုးရိမ်စိတ်များကြောင့် ဂရုဏာဒေါသောဖြင့် ရန်တွေ့သူများကလည်း ရန်တွေ့ကြပါသည်။ တကယ်တော့ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်များကလည်း အမြန်ဆုံးရောက်အောင် လာချင်ကြသူများ၊ အမြန်ဆုံး အသက်ရှင်လျက် ကယ်ဆယ်ပေးချင်ကြသူများသာ ဖြစ်ပါသည်။

ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ လမ်းပိုင်းအများစု သည် အက်ကွဲကြောင်းကြီးများဖြစ်သွားကြသည်။လှိုင်းတွန့်သဏ္ဌာန်ဖြင့် ပျက်စီးသွားသည်များလည်းရှိသည်။

တံတားများလည်း ကျိုးသည်က ကျိုး၊ တံတားအဆက်များ နိမ့်ကျသည်က နိမ့်ကျ၊ ချော်ထွက် သည်က ချော်ထွက် ဖြစ်ကုန်ကြသည်။ နေ့‌ရောညပါသတိကြီးစွာဖြင့် ဖြည်းဖြည်းမှန်မှန် မောင်းနှင်ကြရခြင်းကြောင့်သာ တန်ဖိုးရှိသည့်အချိန်များ ယုတ်လျော့သွားရခြင်းဖြစ်ပါသည်။

တပ်ဖွဲ့ဝင်များအားလုံး မျက်တောင်ပင်မခတ်ရဲဘဲ အခက်အခဲများကြားမှ မရမက ရောက်အောင် လာခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ရှင်းပြမနေတော့ဘဲ စိတ် အေးအေးထားရန်နှင့် အကောင်းဆုံးနည်းလမ်းဖြင့် အမြန်ဆုံး ကြိုးစားပေးမည်ဖြစ်ကြောင်းပြောပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ပါတော့သည်။

ကိုရှိုင်း (11 - PC)

28/03/2026

"ရှင်သန်စေလိုသောစိတ်"
***********************
(အပိုင်း ၁)

နေ့လယ်နေ့ခင်း အေးအေးလူလူ ကော်ဖီသောက်ရင်း ရုံးအလုပ်များကို လက်စသတ်နေချိန် ရုတ်တရက် ခေါင်းက မိုက်ခနဲဖြစ်သွားပြီး မူးသွားသည်။ Screen Time များလို့လား ဒါမှမဟုတ် ပူပြင်းသော ရာသီဥတု‌ကြောင့်လားဟုပင် ထင်မိလိုက်ပါသည်။

ရုံးအသုံးအဆောင် ပစ္စည်းတချို့ ပြုတ်ကျပြီး၊တပည့်ဖြစ်သူက ငလျင်လှုပ်ခြင်းဖြစ်ကြောင်း အော်ဟစ် သတိပေးသံကို ကြားလိုက်တော့မှ ငလျင်လှုပ်ခြင်းဖြစ်ကြောင်း သတိထားမိလိုက်တော့သည်။ မရှေးမနှောင်းမှာပင် ဆက်သွယ်ရေးစကားပြောစက်မှတစ်ဆင့် ထွက်ပေါ်လာသည့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ အသံကိုပါ ကြားလိုက်ရပါသည်။

“စန္ဒာမှ နှင်းပန်း...အသံကောင်းလား...၊ စန္ဒာမှ နှင်းပန်း.. အသံကောင်းလား.. နှင်းပန်း..”

“နှင်းပန်းမှ စန္ဒာ အသံ ၅ ပါ..”

“သီတာ.. ညောင်ကမာပြုတယ်... မန္တလေးကို ကယ်ဆယ်‌ရေးထွက်ဖို့ အမြန်ဆုံး ပြင်ဆင်ပါ.. ဒါပဲ..”

“နှင်းပန်း ရထား ၉၆ ပါ..”

မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်ကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက စကားပြောစက်မှတစ်ဆင့် အကြောင်းကြားလာခြင်းဖြစ်သည်။ တပ်ဖွဲ့ဝင်နှင့် ပစ္စည်းကိရိယာများ အမြန်ဆုံးစုဖွဲ့ကာ Yangon Region Public Transport Committee -YRTC မှ Mini Bus ၂ စီးဖြင့် မန္တလေးသို့ ထွက်ခွာခဲ့ကြပါသည်။

ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မန္တလေးသို့ ရောက်ရှိချိန်တွင် တစ်ချိန်က Smart City အဖြစ် ခန့်ထည်စွာရပ်တည်ခဲ့သည့် မန္တလေးမြို့သည် မြို့ပျက်ကြီးအဖြစ် ရုတ်ခြည်းပြောင်းလဲသွားသည့်မြင်ကွင်းကို အံ့ဩစွာမြင်တွေ့လိုက်ရသည်။

ကြည်ညိုဖွယ်ရာ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ခိုင်ခံ့သောတိုက်တာ အဆောက်အအုံများ၊ လှပတင့်တယ်သော ဟိုတယ်ကြီးများ ပြိုကျပျက်စီးနေပြီ ဖြစ်သည်။ မြင်ရသူတိုင်း၏ ကြည်နူးဖွယ်ရာမြင်ကွင်းအားလုံးကို အင်အား ရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြီးက ဝမ်းနည်းကြေကွဲဖွယ်အသွင်ဖြစ်အောင် တခဏအတွင်း ပြောင်းလဲပစ်လိုက်ခြင်းပင်ဖြစ်သည်။

ပင်မမြေငလျင်(Main Shock)လှုပ်ခတ်အပြီး ၁၁ မိနစ်ခန့်အကြာတွင် အင်အား ရစ်(ခ်)တာ စကေး ၇.၅ အဆင့်ရှိ နောက်ဆက်တွဲမြေငလျင်(After Shock) ထပ်မံလှုပ်ခတ်ခြင်းသည် အပြိုပေါ် အပျက်ဆင့်ကာ ပျက်စီးဆုံးရှုံးမှုကို ပိုမိုဖြစ်ပေါ်စေခဲ့ပါသည်။

အဖျက်စွမ်းအားကြီးများပြီး အန္တရာယ်အရှိဆုံးသောငလျင်ဘေးနှင့် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ လိုက်ရသူ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက "၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်"ကို အမြဲအမှတ်ရနေလိမ့်မည်ဖြစ်သည်။ ရင်နင့်ကြေကွဲစရာအဖြစ်ဆိုးကြီးကို မည်သို့မျှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်ပေ။

မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ကိုယ်တိုင်ပင် မန္တလေးမြို့သို့ ရောက်ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အနီးကပ်တိုက်ရိုက်ကွပ်ကဲဆောင်ရွက် လျက်ရှိပါသည်။

ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား ပြိုပျက်နေသည့် Great Wall Hotel အဆောက် အအုံသို့ တာဝန်ပေးစေလွှတ်သဖြင့် အဆိုပါဟိုတယ်သို့ မတ်လ ၃၀ ရက်နေ့ နံနက်စောစောတွင် ရောက်ရှိနေခြင်းဖြစ်ပါသည်။

Great Wall Hotel သည် သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံ ဖြစ်ပြီး အထပ်အားဖြင့်(၈)ထပ်ပါရှိသည်။ ဟိုတယ်အဆောက်အအုံ၏ နောက်ကျောဖက်မှသာမြင်တွေ့ နိုင်သည့် တစ်ဝက်တစ်ပျက် မြေအောက်ထပ်(Semi Basement)ပါရှိနေသည်ကို တွေ့ရပါသည်။ မြေအနိမ့်အမြင့်မညီညာသည့် လျှောစောက်မြေတွင် တည်ဆောက်ထားခြင်းကြောင့်ဖြစ်သည်။

ဟိုတယ်အဆောက်အုံကို ရှေ့ဖက်မှ ကြည့်လျှင် ဒုတိယထပ်၏ ကြမ်းခင်းက ပထမထပ်၏ ကြမ်းခင်းပေါ်တွင် ထပ်လျက် ပြိုကျနေသည်။ ပထမထပ်၏ ကြမ်းခင်းသည် မြေညီထပ်တွင် ရောက်နေပြီး လမ်းပုခုံးသားနှင့် တညီတည်းနီးပါးဖြစ်နေသည်ကို မြင်တွေ့ရပါသည်။

မြေညီထပ်ကြမ်းခင်း၏ အစိတ်အပိုင်းအများစုသည် မြေအောက်ထပ်သို့ ကျွံကျနေသည်။ ကျန်ရှိနေသေးသည့် (၆)ထပ်သည် ရှေ့မျက်နှာစာ၏လက်ဝဲဖက်သို့ ၂၅ ဒီဂရီခန့် တိမ်းစောင်းလျက် စီစီရီရီဖြင့်ထပ်ထားသည့် စာအုပ်များ ငိုက်ဆိုက်ကျနေသကဲ့သို့ မြင်တွေ့ရသည်။ ရှေ့ဖက်မှ ဝင်ရောက်ကယ်ဆယ်ရန်မှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။

ထိုသို့သော အခြေအနေတွင် ပိတ်မိနေသူများရှိရာသို့ ဝင်ရောက်နေစဉ် မှားယွင်းသော လုပ်ဆောင်ချက် အနည်းငယ်ပြုလုပ်မိလျှင် သို့မဟုတ် After Shock ထပ်မံလှုပ်ခတ်လျှင် ဝင်ရောက် ကယ်ဆယ်သူရော ကယ်ဆယ်ခံရသူပါ အသက်ပေးလိုက်ရမည့် အနေအထားပင် ဖြစ်သည်။

တပ်ဖွဲ့ဝင်နှင့် စက်၊ ပစ္စည်းကိရိယာများကို အချိုးကျခွဲဝေကြသည်။ အဖွဲ့အလိုက် တာဝန်ခွဲ‌ဝေ ပေးပြီး မည်သို့မည်ပုံဝင်ရောက်ရှာဖွေကယ်ဆယ်မည်ကို အချင်းချင်းတိုင်ပင်နေကြစဉ် ခပ်လှမ်းလှမ်းမှ လူတစ်ယောက်လမ်းလျှောက်လာသည့် အသံကို ကြားလိုက်ရသည်။ အနီးသို့ ရောက်သည်နှင့်

“ဟာ... ဆရာတို့ရောက်လာပြီလား..ရန်ကုန်မီးသတ်တွေလာမယ်ဆိုလို့ မျှော်နေတာ တကယ် ရောက်လာတာပဲ”

ကျွန်တော်တို့ ရောက်ရှိလာမည်ကို ကြိုတင်ပြီး သတင်းရထားဟန်ရှိသည်။ ထိုသို့လာရောက် နှုတ်ဆက်သူမှာ ကိုယ်ခန္ဓာပိန်ပိန်သေးသေးဖြင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးပင်ဖြစ်သည်။ စကားဆက်စပ်ပြောရင်း၊ ဟိုတယ်နှင့်သက်ဆိုင်သည့်အချက်အလက်တချို့ကို မေးမြန်းရင်းဖြင့် ထိုသူသည် စည်ပင်သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။

ကိုရှိုင်း (11 - PC)

#ကျန်ရှိနေသည့်အပိုင်းများကို_အပတ်စဉ်တင်ဆက်ပေးသွားပါမည်။

Address

Yangon

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+95 01 666912

Website

Alerts

Be the first to know and let us send you an email when Future Light 11 PC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Light 11 PC:

Share