Future Light 11 PC

Call Directions Contact the business
19/08/2026

"ရှင်သန်စေလိုသောစိတ်" (အစ ~ အဆုံး)
**************************************

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၂
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၃
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၄
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၅
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၆
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၇
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၈
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၉
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၀
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၁
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၂
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၃
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၄
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၅
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၆
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၇
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၈
https://www.facebook.com/share/p/19PmCBwPgC/?mibextid=wwXIfr

"ရှင်သန်စေလိုသောစိတ်" အပိုင်း ၁၉ ~ ဇာတ်သိမ်းပိုင်း
https://www.facebook.com/share/p/1DCzPzTKSR/?mibextid=wwXIfr

17/08/2026

“ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၁၉-ဇာတ်သိမ်း)

After Shock ၏ အခြေအနေနှင့် အဆောက်အုံတည်ငြိမ်မှုကို စောင့်ကြည့်ခဲ့ကြသည်။ မိုးလင်း သွားသည့်အခါ လုပ်ငန်းခွင်ပြန်လည်မစတင်မီ ပင်ပန်းထားကြသော ညီငယ်တပ်ဖွဲ့ဝင်များကို နံနက်စာ ကောင်းကောင်းကျွေး၍ ဂုဏ်ပြုမည်အတွေးဖြင့် သိပ္ပံလမ်းရှိ “သန်းကြွယ်” လက်ဖက်ရည် ဆိုင်သို့ ရန်ကုန်မှပါလာသည့် YRTC မှ Mini Bus (၂)စီးဖြင့်ပင် သွားခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ငလျင်ကြောင့်ပိတ်ထားခြင်းဖြစ်ပြီး ကျွန်တော်တို့သွားရောက်သည့် နေ့မှာပင် ဆိုင်ပြန်လည်ဖွင့်ခြင်း ဖြစ်ပါသည်။ထိုနေ့မှစတင်၍ ရန်ကုန်ပြန်သည့်နေ့အထိ နေ့စဉ်နံနက်စာကို “သန်းကြွယ်” လက်ဖက်ရည်ဆိုင်က ဂုဏ်ပြုဧည်ခံခဲ့ပါသည်။

လက်ဖက်ရည်ဆိုင်မှ လုပ်ငန်းခွင်ထဲပြန်ဝင်ရန် အပြန် Mini Bus ပေါ်တွင်
“ဆရာဝင်လို့ ကျွန်တော် လိုက်ဝင်တာ ဆရာ.. ကြောက်စရာကြီး”
“ဆရာ ကျွန်တော့်ကို မင်းအရင် ထွက် မင်းအရင်ထွက်ဆိုပြီး အတင်းတွန်းထုတ်တာ”
“ကျွန်တော်တော့ ကိုယ့်ကိုယ်ကိုယ် သေပြီထင်တာ.. ဟီး..”
“ဟိတ်ကောင်..မင်းက..ရှေ့ဆုံးက ပြေးတာလေ..”
“ဆရာ .. ကျွန်တော့် ဓာတ်မီးအထဲမှာ ကျန်ခဲ့တယ်” တစ်ယောက်တစ်ပေါက် ပြောကြပါသည်။
ကျွန်တော်က “ငါက သတ္တိကောင်းလွန်းလို့ မဟုတ်ဘူးဟ.. မင်းတို့ချည်းပဲဆို စိတ်မချလို့ ဝင်တာ.. ငါလည်း ကြောက်တာပေါ့ဟ..”
ပြီးတော့ “မင်းတို့ ငါ့ကို အပြင်မြန်မြန်ရောက်စေချင်တာထက် မကြည်လို့ အတင်း ဒရွတ်တိုက် ဆွဲထုတ်တာမှတ်လား.. ဟား... ဟား...”
ဟား... ဟား... ဟား...
အပြန်လှန် ရယ်စရာ ဟာသတွေပြောရင်း အမောတွေကို ပြေပျောက်စေခဲ့ပါသည်။

ယနေ့တိုင် အမှတ်တရရှိနေဆဲဖြစ်ပါသည်။ အသက်ဘေးနဲ့ကြုံရချိန် အတူတကွရှိနေသူများကို မေ့ထားနိုင်မည့် သူသည် ဤကမ္ဘာပေါ်တွင် ရှိလိမ့်မည်မထင်ပါ။

အနည်းငယ် တည်ငြိမ်မှုရှိသည်နှင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ၃၁-၃-၂၀၂၅ ရက်နေ့၊ ၀၈ ၂၅ အချိန်နှင့် ၁၀ ၂၀ အချိန်တို့တွင် မိန်းကလေးငယ် နှစ်ဦး၏ရုပ်အလောင်းတို့ကို အောင်မြင်စွာထုတ်ပေးနိုင်ခဲ့သည်။

သေဆုံးသူများဖြစ်သည့်အလျှောက် စကားပြော၍မရသလို ညည်းတွားသံလည်း မထွက်တော့ပါ။ သို့သော် သူတို့သည် မသေဆုံးမီ အချင်းချင်းမည်မျှ စကားပြောခဲ့ကြသနည်း၊ မည်မျှ အားပေး ခဲ့ကြသနည်း၊ မည်မျှ ညည်းတွားခဲ့ကြသနည်း၊ ကယ်ဆယ်သူတို့ရောက်အလာကို ငိုကြွေးရင်း၊ ညည်း တွားရင်းဖြင့် မျှော်လင့်ခဲ့ကြလေသလား ကျွန်တော်တို့ အတိအကျမသိနိုင်ခဲ့ပါ။

ကျွန်တော်တို့သည် သူတို့၏အသက်ကို အချိန်မီမကယ်တင်နိုင်ခဲ့သော်လည်း သူတို့၏အရှက်သိက္ခာကိုမထိခိုက် လေအောင်၊ သူတို့၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ယုတ်လျော့ကျန်ရစ်ခဲ့မှု မရှိရလေအောင်၊ သူတို့၏ လက်ဝတ်ရတနာလေးများ မပျောက် ပျက်ရလေအောင် အလေးထားဆောင်ရွက်ပေးခဲ့ကြပါသည်။

ရုရှားနိုင်ငံ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ၁၀ ရက်မြောက်နေ့တွင် Great Wall Hotel အဆောက်အအုံကို အန္တရာယ်ကင်းစွာ ဖြိုဖျက်ရှင်းလင်းနိုင်ခဲ့ပါသည်။

အပြိုအပျက်များ ကြားမှတွေ့ရှိသော မည်သည့်တန်ဖိုးရှိပစ္စည်းကိုမဆို အာဏာပိုင်အဖွဲ့အစည်းများ၏‌ရှေ့တွင် ပိုင်ရှင်ထံ စနစ်တကျ အပ်နှံခြင်းအပြင် တပ်ဖွဲ့ဝင်များကိုပါ ယုံမှားသံသယမရှိစေရေးအတွက် အများပြည်သူ ရှေ့မောက်တွင် စစ်ဆေးရှာဖွေခြင်း ခံယူခဲ့ကြပါသည်။

အပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်းနှင့်အတူ ရုပ်အလောင်းများ ဆက်လက်ရှာဖွေထုတ်ပေးခဲ့ပါသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ၁၄ ရက်မြောက်နေ့တွင် မနှင်းနှင်းရွှေ၏ အမျိုးသား၊ သမီး နှစ်ယောက်နှင့်အိမ်အကူလေးတို့၏ ရုပ်အလောင်းများကိုဖော်ထုတ်ပေးနိုင်ပြီး ၁၅ ရက်မြောက်နေ့တွင် ရုပ်အလောင်း ၆ လောင်း ကိုပါ ဖော်ထုတ်၍ စနစ်တကျအပ်နှံပေးနိုင်ခဲ့ပါသည်။

မိခင်လောင်းတစ်ဦးဖြစ်သူ မ‌အေးအေးမိုးသည် သူ့၏ ရင်သွေးငယ်ကလေး အသက်ရှင်နိုင်ရန် သူ ကိုယ်တိုင် အသက်မဆုံးရှုံးရလေအောင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခဲ့ရသည်။

မိခင်ဝမ်းထဲ မှာပင် ရှိနေသေးသည့် ရင်သွေးငယ်လေးသည်လည်း သူကိုယ်တိုင် အားသွန်ခွန်စိုက် မစွမ်းဆောင်နိုင် သေးသည့်တိုင်အောင် သူနှင့်သူ၏ မိခင် အသက်ရှင်သန်နိုင်ရေးအတွက် ဆုတောင်းပေးနေလိမ့်မည်။ မိခင်ကို သတိပေး နေလိမ့်မည်ဖြစ်ပါသည်။

မိဘတိုင်း၊ သားသမီးတိုင်း၊ ညီအစ်ကို မောင်နှမတိုင်း၊ ဆွေမျိုးသားချင်းတိုင်း၊ အိမ်နီးနားချင်း အသိမိတ်ဆွေတိုင်း၊ လုပ်ဖော်ကိုင်ဖက်တိုင်းသည် မိမိတို့၏ မိဘတိုင်း၊ သားသမီးတိုင်း၊ ညီ အစ်ကို မောင်နှမတိုင်း၊ ဆွေမျိုးသားချင်းတိုင်း၊ အိမ်နီးနားချင်း အသိမိတ်ဆွေတိုင်း၊ လုပ်ဖော်ကိုင်ဖက်တိုင်းကို အသက်ရှင်သန်လျက် ဘေးကင်းလုံခြုံစွာ တွေ့မြင်လိုကြပါသည်။

ထိုသို့ အပြန်အလှန် နှီးနွယ်နေခြင်းသည် မေတ္တာတရားတို့ဖြင့်လွမ်းခြုံထားသည့် အလွန်မွန်မြတ်သောနှီးနွယ်မှုပင်ဖြစ်ပါသည်။

မွေးဖွားရာဒေသ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ အသားအရောင်၊ ဓလေ့ထုံးတမ်း စသည့်များစွာသော မတူကွဲပြားမှုများရှိကြသည့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင် များတွင် တာဝန်ထက်ပိုသည့်တစ်ခုတည်းသောတူညီမှုမှာ "ရှင်သန်စေလိုသောစိတ်"ပင် ဖြစ်ပါသည်။

“ရှင်သန်စေလိုသောစိတ်”သည် တပ်ဖွဲ့ဝင််တိုင်း၏ နှလုံးသားထဲတွင် အစဉ်ကိန်းအောင်းလျက်ရှိသည့်အလျှောက် အရေးကြုံလာလျှင် ပြည်သူလူထုအတွက် မိမိတို့၏အသက်ကိုပင် စွန့်လွှတ်ရဲကြခြင်းဖြစ် သည်။ ပြည်သူလူထုကို “ရှင်သန်စေလိုသောစိတ်” ရှိကြသည့် တပ်ဖွဲ့ဝင်များသည် မိမိကိုယ်တိုင် သာမက မိမိ၏တပ်ဖွဲ့ဝင်များ အသက်ရှင်ရပ်တည်နိုင်ရေးကိုပါ အစဉ်တစိုက် ကြိုးပမ်းအားထုတ် တတ်ကြသူများဖြစ်ကြပါသည်။

ထို့ကြောင့်လည်း များစွာသောပြည်သူလူထုသည် ကျွန်တော်တို့တပ်ဖွဲ့ဝင်တိုင်းကို ဘေးကင်း လုံခြုံစွာ တာဝန်ထမ်းဆောင်စေလိုသော ဆန္ဒအပြည့်ရှိကြသည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်တွင် “ရှင်သန်စေလိုသောစိတ်”ဖြင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြသူ တစ်ဦးချင်း၊တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ပြုရေးသား တင်ဆက်လိုက်ရပါသည်။

ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါသည်။ ။

ကိုရှိုင်း (11 - PC)

08/08/2026
08/08/2026

“ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၁၈)

အသက်ရှင်သူအား ကယ်ဆယ်ပြီးဖြစ်၍ ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များလည်း သူတို့၏ စုရပ်စခန်းအသီးသီးသို့ ပြန်နားကြပါသည်။
ကျွန်တော်တို့၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ပင် မနားနိုင်သေးဘဲ မျှော်လင့်ချက် များဖြင့် တောင်းဆိုနေကြသော ပူဆွေးသောကရောက်နေကြသည့် မိသားစုဝင်များကို နှစ်သိမ့်စကား ပြောပါသည်။ ပိတ်မိနေသူအားလုံးကို အချိန်မီကယ်ဆယ်နိုင်ရေးအတွက် ကျွမ်းကျင်ပြီး အတွေ့အကြုံ များသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကိုယ်တိုင် လူအင်အားသုံး၍ ရှာဖွေခြင်း၊ လေ့ကျင့်သား ပြည့်ဝသည့် Canine-K9 များဖြင့် ရှာဖွေခြင်း၊ ခေတ်မီနည်းပညာမြင့် Wall Through Detector များဖြင့် ထောက်လှမ်းရှာဖွေခြင်းတို့ ဆောင်ရွက်ခဲ့ကြသော်လည်း မအေးအေးမိုး တစ်ဦးတည်းသာ အသက်ရှင်ကျန်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ ဘက်ပေါင်းစုံမှ အတည်ပြုပြီး အမြန်ဆုံး ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ရှည်လျားစွာ ရှင်းပြရသည်။ မျှော်လင့်ချက်အများကြီး မထားကြရန်နှင့် အဆိုးဆုံးအတွက် ကြိုတင်ပြင်ထားပေးကြရန် နှစ်သိမ့်ပြောကြားပြီး ကျွန်တော်တို့ ကိုလည်း ရုပ် အလောင်းများ ဆက်လက်ထုတ်ပေးရန် တာဝန်ပေးပါသည်။
ကျွန်တော်အပါ ၁၀ ဦးအဖွဲ့ ပြန်ဝင်ကြပါသည်။ Dead Body Bag နှင့် Stretcher တို့ကိုလည်း တစ်ပါတည်း ယူဆောင်သွားပါသည်။
“လာကွာ... ညီတို့.. ဒီအပေါက်ကနေကြည့် ... ဒီအပေါက်ဝနားမှာ တစ်ယောက် ... အပေါ် ဖက်မှာ သုံးယောက်... တွေ့လား..”
“ဟုတ်..ဆရာ..”
“ထုတ်လို့လွယ်တာကို အရင်ထုတ်ကြမယ်...”
“ဟုတ်.. နည်းနည်းတော့ လန့်တယ်နော်..ဆရာ..”
“ဟေ.. မင်းတို့ကြောက်နေရင် ငါပဲလုပ်တော့မယ်..”
“နေပါ..နေပါ..ဆရာ... ကျွန်တော်တို့ လုပ်ပါ့မယ်..”
“ဒီထဲမှာ.. မအေးမိုး..ဘယ်လိုများ နေနိုင်လဲ မသိဘူးနော်..”
“သားသမီးဇောကြောင့်နေမှာပေါ့ကွာ..”
အလင်းရောင် မှိန်ပြပြအောက်တွင် ရုပ်အလောင်းများကို ကိုင်တွယ်ရသည့် အထိအတွေ့မှာ အေးစက် ပျော့အိပြီး အပုပ်နံ့ထွက်နေသည့်အရည်များလည်း စိုစွတ်နေသဖြင့် အင်မတန်ကြောက်ရွံ့ ထိတ်လန့်စရာပင် ဖြစ်ပါသည်။
တစ်နာရီအတွင်းမှာပင် မိန်းကလေးငယ် နှင့် ယောက်ျားတစ်ဦး၏ ရုပ်အလောင်း တို့ကို ဆက်တိုက် ထုတ်ပေးနိုင်ခဲ့ပါသည်။ ဟိုတယ် ဝန်ထမ်းများဖြစ်ကြပြီး လူငယ်များ ဖြစ်ကြပါသည်။ ဝိညာဉ်မဲ့ခန္ဓာကိုယ်ကို မိဘများ၊ ညီအစ်ကိုမောင်နှမများက ပွေ့ဖက်ပြီး ငိုကြွေးနေကြသည်။ သူတို့၏ အသွေးအသား၊ သူတို့၏ မျှော်လင့်ချက်၊ သူတို့၏ အားကိုးရာလေးများ ဆုံးရှုံးသွားရသောကြောင့်ဖြစ် သည်။
အသက်ရှင်သူတို့နှင့်၎င်းတို့၏ မိသားစုဝင်များက ဝမ်းသာလွန်း၍ ကျသောမျက်ရည်၊ အသက်မဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ရပြီး ၎င်းတို့၏ သွေးသား၊ ၎င်းတို့၏ မျှော်လင့်ချက်၊ ၎င်းတို့၏ အားကိုးရာတို့ ဆုံးရှုံးလိုက်ရ ခြင်းအပေါ် လက်မခံချင်ဘဲ လက်ခံပေးလိုက်သည့်အတွက် ဝမ်းနည်းပူဆွေးရလွန်း၍ ကျသောမျက်ရည် တို့ကို ခွဲခြားမြင်တွေ့ခဲ့ရပါသည်။
အားလုံးကို အသက်ရှင်လျက်ကယ်ထုတ်ပေးချင်၊ ဘေးကင်းလုံခြုံစေချင်ခဲ့ကြပြီး အချိန်မီ မကယ်ဆယ်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါသည်။
ပြည်သူလူထုကို ပိုမိုအလုပ်အကျွေးပြုနိုင်ဖို့ လိုအပ်ချက်များ များစွာရှိနေသေးသည်။ ပိုမိုကောင်းမွန်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်စေဖို့ ပိုမိုကြိုးစားအားထုတ်ရပေဦးမည်။
ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေစဉ် ၀၂ ၃၀ အချိန်ခန့်တွင် ဟိုတယ်အဆောက် အအုံ ထပ်မံ တိမ်းစောင်းပြီး မြေညီထပ်ကြမ်းခင်းသည် Basement အတွင်းသို့ ကျွံကျပါသည်။ Slab မှ ခဲကျိုး၊ ခဲစများ ကျလာသည်ကိုပင် အချင်းချင်းစနောက်နေသည် သို့မဟုတ် သရဲခြောက်နေသည်ဟု ခွဲခြား၍မရခင်မှာပင် အပြင်မှအော်ဟစ်သတိပေးသံ၊ ခေါ်သံများကြောင့်သာ အပြင်ကိုထွက်ရတော့မည့် အခြေအနေကို ချက်ချင်းသတိဝင်ခဲ့ကြခြင်းဖြစ်ပါသည်။ ၆ လက်မခန့် ကျွံကျသွားပါသည်။
“ဘယ်သူ.. ခဲနဲ့ပေါက်နေတာလဲကွ.. ပင်ပန်းရတဲ့ကြားထဲ..”
“ဟ... ဟိတ်ကောင်တွေ အပေါ်က Slab ကြီး နိမ့်ဆင်းလာပြီ ထွက်... ထွက်... မြန်မြန် ထွက်ကြ..”
“လာ..ဆရာ... ဆရာ အရင်ထွက်..”
“မင်းတို့ အရင်ထွက်... ငါပြောနေတယ်... မြန်မြန်ထွက်ကြလို့..”
ညီငယ်တပ်ဖွဲ့ဝင်များကို အော်ဟစ်၍ အရင်ထွက်ခိုင်းရသည်။ နောက်ဆုံးမှ ထွက်လာသည့် ကျွန်တော့်ကို ထွက်ပေါက်မရောက်ခင် ပြန်စောင့်နေကြပြီး လက်နှစ်ဖက်ကို တစ်ယောက်တစ်ဖက် စီစွဲပြီး အပြင်ရောက် သည်အထိ ဆွဲထုတ်သွားကြသည်။
“လာ..ဆရာ..”
“အား... လား.. ဖြည်းဖြည်းလုပ်ပါကွ..”
ကျွန်တော်တို့ တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းခဲ့ကြပါသည်။ အထဲတွင် ပိတ်မိ၍ ကျန်ရစ် ခဲ့ခြင်းမရှိသည်ကို လူပြန်စစ်စရာ မလိုလောက်အောင်ပင် သေချာပါသည်။ ငိုကြွေးပူဆွေးနေကြသည့် မိသားစုဝင်များကပင် ကျွန်တော်တို့ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေကြကြောင်း သူတို့၏ မျက်ဝန်း ထဲတွင် အထင်သား မြင်တွေ့နေရသည်။

ကိုရှိုင်း (11 - PC)

07/08/2026

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုများအား မီးသတ်ဦးစီးဌာန၏ Official TikTok Account ဖြစ်သော MFSD Official တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.tiktok.com/?_r=1

01/08/2026

"ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၁၇)

မအေးအေးမိုးအား အနည်းငယ် လှုပ်ကြည့်စေပြီး ပိမိညပ်မိနေခြင်းမရှိသဖြင့် သူမ၏ ပုခုံး နှစ်ဖက်ကို ဂျိုင်းအောက်မှပင့်မကာ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ကြပါသည်။ ဒဏ်ရာရရှိထားမှု ရှိ မရှိကို မျက်မြင်စစ်ဆေးခြင်း၊ မေးမြန်းခြင်းတို့ပြုလုပ်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့် ဒဏ်ရာမျှမရှိပါ။ ကိုယ်ဝန်နှင့်ပတ်သက်၍လည်း ထိခိုက်မှု လက္ခဏာ မတွေ့ရှိပါ။ အနီးအနားတွင် အသင့်ရှိ နေသည့် ဟိုတယ်သုံး ပုဝါများဖြင့် မအေးအေးမိုး အား လုံခြုံအောင်ပတ်ပေးရပါသည်။ လူနာထမ်းစင် (Stretcher)ပေါ်တွင် စနစ်တကျတင် ဆောင်ကြရပါသည်။ Basement အတွင်းရှိ ဟိုတယ်စတိုခန်း အတွင်းမှသန့်စင်ခန်း၊ သန့်စင်ခန်းမှ အဝင်၊ အထွက်လမ်းကြောင်း တစ်လျှောက်၊ အဝင်၊အထွက် လမ်းကြောင်းမှ အဆောက်အအုံပြင်ပ ဘေးကင်းလုံခြုံသည့်နေရာအထိ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်ကာ ရွှေ့ထုတ်ခဲ့ကြရသည်။
မအေးအေးမိုး ပိတ်မိနေချိန် နာရီ ၆၀ ဝန်းကျင်တွင် ဘေးကင်းလုံခြုံစွာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နေ့ရက်၊အချိန်တို့ဖြင့် အတိအကျဖော်ပြရပါလျှင် ၃၁-၃-၂၀၂၅ ရက်နေ့၊ ၀၀ ၄၀ အချိန်တွင် အသက်ရှင်လျက် ဘေးကင်းလုံခြုံစွာ ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ Operation Hour ၁၈ နာရီ ကြာမြင့်ခဲ့သည့် Mission တစ်ခုဖြစ်ပင်သည်။ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ၁၈ နာရီ အတွင်း After Shock (၇)ကြိမ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။
အဆောက်အအုံပြင်သို့ရောက်သည်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ လူအုပ်ကြီးက အားရ ဝမ်းသာစွာဖြင့် ဆီးကြိုဂုဏ်ပြုကြပါသည်။ မအေးအေးမိုး သည်လည်း သူမ ချစ်ရသော သူမ၏ အမျိုးသား၊ မိသားစုဝင်များနှင့်ပြန်တွေ့ခွင့်ခြင်းအပေါ် ဝမ်းသာလွန်း၍ မျက်ရည်များပင် အလိုလိုစီးကျ လာသည်ကို တွေ့မြင်ရပါသည်။ အမျိုးသားဖြစ်သူနှင့် မိသားစုဝင်များသည်လည်း မျက်ရည်များ ကျ လျက်ပင်ဖြစ်သည်။ လောကကြီးကို လက်မြှောက်အရုံးပေးလိုက်ရတော့မည့် အခြေအနေမျိုးတွင် ပြန်လည် ဆုံစည်းခွင့်ရရှိသွားကြသည့် မိသားစုကိုကြည့်၍ လုပ်ဖော်ကိုင်ဖတ်များနှင့်အတူ အနီးရှိ လူအုပ်ကြီးကိုပါ ဝမ်းသာမှုများ ကူးစက်စေပါသည်။
ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည်လည်း ဝမ်းသာပီတိ ဖြစ်ကြရပါသည်။ အားကိုးကြီးစွာ အကူအညီတောင်းခံနေသူကို လက်လွှတ်ဆုံးရှုံးရမှာ အကြောက်ဆုံးပင် ဖြစ်ပါသည်။ မိသားစုဝင်များနှင့်အတူ ကျွန်တော်တို့ တပ်ဖွဲ့ဝင်များသည်လည်း ထပ်တူစိုးရိမ်ပူပန်ခဲ့ကြရပါသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် မရမက ကယ်ဆယ်နိုင်ရန် ဆန္ဒပြင်းပြခဲ့ကြပါသည်။ မကယ်ဆယ် နိုင်လိုက်ပါက တစ်သက်လုံး ယူကျုံးမရ ဖြစ်နေရတော့မည်မှာ အမှန်ပင်ဖြစ်သည်။ အမြန်ဆုံး ကယ်ပေးဖို့ ရှိသမျှအားအင်ကို ညှစ်ထုတ်ပြီး အော်ဟစ် အကူအညီတောင်းခံနေသည့် မိခင်လောင်း တစ်ဦး၏ အသံသဲ့သဲ့လေးကို နားထဲတွင် ပြန်လည်ကြားယောင်နေပြီး ကိုယ့်လိပ်ပြာက ကိုယ့်ကို ပြန်လည်ခြောက်လှန့်နေ့သည့်အဖြစ်မျိုးနှင့် တစ်သက်လုံးကြုံတွေ့ခံစားနေရမည့်ဘဝမှ လွတ်မြောက် ခဲ့ရခြင်းဖြစ်ပါသည်။
ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်‌ရေး တပ်ဖွဲ့ဝင်များ၏ Professional ဆန်ဆန် ဦးဆောင် လုပ်ဆောင်ခဲ့မှု၊ မြန်မာနှင့် တရုတ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု၊ ရုရှား စကားပြန် ဗိုလ်ကြီး ကျော်ဇောလွင် ၏ ရဲရဲဝံ့ဝံ့ဖြင့် အနီးကပ်လိုက်ပါ ဆောင်ရွက်မှု၊ မအေးအေးမိုး၏ ဇွဲ၊ သတ္တိရှိမှုနှင့်အတူ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ လုပ် ဆောင်ချက်များအပေါ် လိုက်ပါပူးပေါင်းပါဝင်ပေးမှုတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်း အောင်မြင်ခဲ့ ရခြင်းဖြစ်ပါသည်။ မအေးအေးမိုး ကို သာမက သူမ၏ ရင်သွေးငယ်လေးကိုပင် တစ်ပါတည်း ကယ်ဆယ်နိုင်လိုက်ခြင်း ဖြစ်ပါသည်။
မအေးအေးမိုး ဖြစ်ကြောင်း အတည်ပြုပြီးသည့်တိုင်အောင် သူတို့၏သွေးသားရင်းချာ မိသားစု ဝင်များ ဖြစ်လေမလား မျှော်လင့်ချက်ဖြင့် လာရောက်ကြည့်ရှု အတည်ပြုသူများ ရှိကြပါသည်။ အဆောက်အအုံအတွင်း ကျန်ရှိနေသူများကိုလည်း အမြန်ဆုံးကယ်ထုတ်ပေးရန် ငိုယိုပြီးတောင်းဆို ကြသည်။ ကျွန်တော်တို့အနေဖြင့် မျှော်လင့်ချက်ကြီးစွာဖြင့် အကူအညီတောင်းခံနေကြသူများ၏ မိသားစုဝင်များသည် အသက်မရှင်နိုင်တော့ကြောင်းကို မည်သို့မျှ ပြောမထွက်ခဲ့ကြပါ။
အသင့်စီမံထားရှိသည့် Ambulance ဖြင့် မအေးအေးမိုးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ကိုရှိုင်း (11 - PC)

11/07/2026

“ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၁၆)

ရုရှား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မြေအောက်ထပ်အတွင်းသို့ ဝင်ရောက်သည့် လူဦးရေကို ၁၀ ဦး ထက် ပိုမို မဝင်ရောက်ရန် တားဆီးပါသည်။ Confined Space ဖြစ်သည့် အလျှောက် အောက်ဆီဂျင်ကို ချွေတာသုံးစွဲရန်အတွက်ဖြစ်ပါသည်။ သို့မှသာ အချိန်ကြာမြင့်စွာ ပိတ်မိနေသူအတွက် အောက်ဆီဂျင် လုံလောက်မည်ဖြစ်သည်။ အဝင်၊ အထွက်ပေါက်မှာပင် ရုရှား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပိတ်၍ထိုင်ထားလိုက်တော့သည်။
ကျွန်တော် ပြန်လည်ဝင်ရောက်သွားချိန်တွင် Concrete Slab ကိုပင် အပေါက် ဖောက်ထားနိုင်ပြီ ဖြစ်ပါသည်။ ရုရှားစကားပြန်ဗိုလ်ကြီးလည်း လူချိန်းထားသည်ကိုတွေ့ရပါသည်။ ပထမဝင်ရောက်သူမှာ ဗိုလ်ကြီး ထက်အာကာလင်း ဖြစ်ပြီး ယခုဝင်ရောက် လုပ်ဆောင်နေသူမှာ ဗိုလ်ကြီး ကျော်ဇောလွင် ဖြစ်ပါသည်။ ရုရှားစကားပြန် ဗိုလ်ကြီးနှင့် မအေးအေးမိုးတို့သည်ပင် အပြန်အလှန်စကား ပြောနေကြပြီ ဖြစ်ပါသည်။ ရုရှား အဖွဲ့အသုံးပြုသော ပစ္စည်းကိရိယာများမှာ သေးငယ်သောပစ္စည်းဖြစ်သော်လည်း အင်မတန်ကောင်းမွန်ပါသည်။ Confined Space သုံးပစ္စည်းကိရိယာများဖြစ်သည့်အလျှောက် ဆူညံသံ မရှိပါ။ တုန်ခါမှုလည်း နည်းပါးပါသည်။ ကိုင်တွယ်အသုံးပြုရန် ပေါ့ပါးလွယ်ကူသည့်အတွက် Confined Space အတွင်း ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပင်ပန်းနွယ်နယ်မှုနည်းပါးစွာ လုပ်ဆောင်နိုင်သည်။ ထိုသို့ကောင်းမွန်သောပစ္စည်းကိရိယာများ အသုံးပြုထွင်းဖောက်သည့်တိုင် လက်တစ်ချောင်းဝင်သာ ရုံမျှ အပေါက်တစ်ပေါက်ရရုံပင် ခက်ခဲစွာဖောက်ရပါသည်။ လက်သီးဆုတ်စာ ကွန်ကရစ်တစ်တုံး ထွက်ရန်အတွက် အနည်းဆုံး နာရီဝက် / ၄၅ မိနစ် အချိန်ပေးရပါသည်။ ကွန်ကရစ်ကြားမှ ထွက်ရှိ လာသည့် သံချောင်းများကိုလည်း ဖြတ်တောက်ရသေးသည်။
“အစ်မ ... ခြေလက် နည်းနည်းလှုပ်ကြည့်ပါဦး..လှုပ်လို့ရလား..”
“ဟုတ်.. ရတယ်..”
“အစ်မ..မျက်နှာနားက ပိုက်ကို လှမ်းယူလို့ရလား..”
“ဟုတ်..ရတယ်”
ရေသန့်ဘူးတွင် Drip ပိုက်တပ်၍ ရေတိုက်နေခြင်းဖြစ်ပါသည်။
“အစ်မ..ရပြီနော်...ခဏနေမှ ထပ်သောက်နော်..”
“နည်းနည်း...သောက်ချင်သေးတယ်..”
“ခဏလေးနော်..အစ်မ..ခဏနေရင် ထပ်တိုက်ပါမယ်”
မအေးအေးမိုး၏ အသံသည် ကြည်လင်လာသည်ကို သတိထားမိပါသည်။ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ သူနှင့်အနီးဆုံးသို့ ရောက်ရှိနေသည်ကို ကောင်းကောင်းသိနေခြင်းကြောင့်ဖြစ်သည်။ ယုံကြည်မှု အပြည့်ရှိသွားခြင်းကြောင့် ဖြစ်ပါသည်။ မအေးအေးမိုး ဖြစ်ကြောင်းနှင့် ကိုယ်ဝန် ၅ လကို လွယ်ထားရသည်မှာ မှန်ကန်ကြောင်း ဗိုလ်ကြီး ကျော်ဇောလွင် ၏ ပြန်လည်ပြောကြားမှုဖြင့် အတည် ပြုနိုင်ခဲ့ပါသည်။ ထို့အပြင် မအေးအေးမိုး၏ လုပ်ဖော်ကိုင်ဖက် ၄ ဦး၏ ရုပ်အလောင်းများကိုပါ တစ်ပါတည်း တွေ့ရှိရကြောင်း သိရှိရသည်။
ဗိုလ်ကြီး ကျော်ဇောလွင် က အားပေးစကားနှင့် လိုက်ပါပူးပေါင်းပါဝင်ပေးဖို့ မအေးအေးမိုးအား ပြောဆိုနေသံများ၊ မအေးအေးမိုး၏ရေတောင်းသောက်သံ၊ မအေးအေးမိုးထံမှ ရေပိုက်ကို ပြန်တောင်း သံ တို့ကိုနှင့် Concrete Slab ကို ထွင်းဖောက်သံ၊ ရုရှားကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အချင်းချင်း တိုင်ပင် ဆွေးနွေး သံ၊ဗိုလ်ကြီး ကျော်ဇောလွင်နှင့် ရုရှားကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တို့အကြား ညှိနှိုင်းပြောဆိုသံ တို့ကိုပါ ဆက်တိုက်ကြားနေရသည်။ လုပ်ဆောင်ချက်များသည်လည်း ဆက်တိုက်ဖြစ်သည်။
အဆောက်အုံအတွင်း အလင်းရောင်ရရှိရန်အတွက် အသုံးပြုထားသည့် Area Lighting များ သည်လည်း Battery အားလျှော့လာစ ပြုလာသည်။ တစ်နေကုန်၊ တစ်ညလုံးသုံးထားခြင်းကြောင့် ဖြစ်ပြီး အလင်းရောင် မှိန်ပြပြသာ ကျန်ပါတော့သည်။
မအေးအေးမိုး၏ အောက်ရှိရုပ်အလောင်းကို ဦးစွာထုတ်ပြီး မအေးအေးမိုးအား ဆက်လက် ကယ် ထုတ်ရန် လုပ်ဆောင်ခဲ့ကြသည်။ Dead Body Bag ပင် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ သို့သော် ရုပ်အလောင်းမှာလည်း အခြားအပျက်အစီးများနှင့်ပိ၍ညပ်နေသဖြင့် ထုတ်ရန်ခက်ခဲပါသည်။ နောက်ဆုံးတွင် မအေးအေးမိုးအား မျက်စိမှိတ်စေ၍ မျက်နှာပေါ်သို့ ပုဝါအုပ်ထားပြီး မလွတ်ကင်း သည့် Slab နှင့် အပျက် အစီးအပိုင်းအစတချို့ကို ဖြတ်တောက်ဖဲ့ထုတ်ခဲ့ကြပါသည်။ လူတစ်ကိုယ်စာ ထွက်နိုင်သည်အထိ အပေါက်ကို ချဲ့ထွင်ခဲ့ကြသည်။
ဗိုလ်ကြီး ကျော်ဇောလွင်က မအေးအေးမိုးအား ရေထပ်တိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ရေကို စိတ်ကြိုက် သောက်စေပါသည်။
“အစ်မ... ရေ ဝအောင်သောက်လို့ရတယ်နော်... သီးတော့ မသီးစေနဲ့ဦး...”
“ဟုတ်ကဲ့ပါရှင်...”
“ရေသောက်လို့ ပြီးပြီလား..”
“ဟုတ်ကဲ့... ကျွန်မကို အပြင်မထုတ်ကြသေးဘူးလား..”
“အခု.. အစ်မကို အပြင်ထုတ်ဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပြီ...”
“အစ်မ... ခြေလက်တွေ ထပ်လှုပ်ကြည့်ပါဦး..”
“ဟုတ်..လှုပ်လို့ရတာ..”
“တစ်ခုခုနဲ့ ညပ်နေတာ.. ငြိနေတာမျိုးရှိလား...”
“မရှိဘူးရှင့်..”
အဆောက်အအုံပြင်ပတွင်တော့ ဆရာဝန်၊ သူနာပြုနှင့် Ambulance အသင့်ပြင်ခိုင်းထား ပြီး ဖြစ်ပါသည်။ မအေးအေးမိုး၏ အမျိုးသားနှင့် မိသားစုဝင်များကိုလည်း အတည်ပြုပေးနိုင်‌ရေးအတွက် Ambulance အနီးတွင်ခေါ်ယူထားပါသည်။ ကျန် မိဘ၊ ညီအစ်ကို မောင်နှမများ၊ မိသားစုဝင် များနှင့် ဆွေမျိုးသားချင်းများ၊လုပ်ဖော်ကိုင်ဖက်များကလည်း မျှော်လင့်ချက်ကိုယ်စီဖြင့် အသင့်စောင့် နေကြ ပါသည်။ ကန့်သတ်ဧရိယာအတွင်း ဝင်ရောက်မလာအောင်ပင် ဖျောင်းဖျ၍ တားဆီးထားရသည်။

ကိုရှိုင်း (11 - PC)

04/07/2026

"ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၁၅)

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် အဆောက်အအုံ၏ နောက်ဖက်ခြမ်းမှ ဒုတိယထပ်သို့ တက်ကြည့်ကြသည်။ ကျွန်တော်တို့ စဉ်းစားခဲ့ကြသည့် ပထမ နည်းလမ်းအတိုင်း ထွင်းဖောက်ဝင်ရောက် ကယ်ဆယ်နိုင်ရန်ဖြစ်သည်။
ကျွန်တော်တို့ ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးခေါင်းဆောင်တို့သည် ပူးပေါင်းကယ်ဆယ်မည့် နည်းလမ်းနှင့် အစီအစဉ်တို့ကို တိုင်ပင်ကြသည်။ မြေအောက်ခန်းရှိစတိုခန်းအတွင်း ဝင်ရောက်ပြီး “V” ပုံစံ ကျွံကျနေသည့် Slab ၏ အောက်ခြေထောင့်ချွန်ကို ဖြတ်တောက်၊ ထွင်းဖောက်၍ ဝင်ရောက်ကယ်ဆယ်မည့် နည်းလမ်းကို အတည်ပြု ရွေးချယ်လိုက်ကြသည်။ ကျွန်တော်တို့၏ ဒုတိယနည်းလမ်းအတိုင်းပင် ဖြစ်ပါသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး၊ ရုရှားစကားပြန်ဗိုလ်ကြီး ၁ ဦး၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး၊ တရုတ် စကားပြန် ၁ ဦး၊ မြန်မာနိုင်ငံမှ ကျွန်တော်အပါအဝင် တပ်ဖွဲ့ဝင် ၂ ဦး၊ ပေါင်း ၁၀ ဦးဖြင့် စုဖွဲ့လိုက် ပါသည်။ သည်တစ်ကြိမ်တွင်တော့ ကျွန်တော်က ဦးဆောင် လုပ်ဆောင်ရခြင်း မဟုတ်ပါ။ ရုရှား ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
အဝင်၊ အထွက် လမ်းကြောင်းတစ်လျှောက်၌ အသင့်ထားရှိပြီးဖြစ်သည့် Area Lighting များ ရှိပါသည်။ Mini Searching Camera အပြင် Confined Space ကယ်ဆယ်ရေးသုံး Battery Drill Machine ၊ Battery Hand Glider ၊ Battery Hand Vi****or နှင့် Mini Bolt Cutter တို့ကို တစ်ပါတည်း ယူဆောင်ကြပါသည်။
“V”ပုံစံ Concrete Slab ကို Battery Drill Machine ဖြင့် ဖြည်းဖြည်းချင်း ဖောက်ကြည့်သည်။ Mini Searching Camera ဖြင့် ပိတ်မိနေသူ၏ အခြေအနေကို ကြည့်ရှုရန်ဖြစ်သည်။ Concrete Slab ပေါက်သွားသော်လည်း Mini Searching Camera ဖြင့် ကြည့်၍ မရပါ။ တချို့သော အတားအဆီး များကြောင့် ဖြစ်ပါသည်။ Slab အပေါ်ဖက်ကို Drill Machine ဖြင့် ထပ်မံဖောက်၍ Mini Searching Camera ဖြင့် ကြည့်သည့်အခါတွင် ဦးခေါင်းကို မြင်တွေ့ရပါသည်။ စကားပြန် ဗိုလ်ကြီးမှ တစ်ဆင့် ပိတ်မိနေသူကို စကားပြောရင်း ဦးခေါင်းကို လှုပ်ကြည့်ခိုင်းပါသည်။ ဦးခေါင်းလှုပ်သည်ကို Camera မှတစ်ဆင့်မြင်တွေ့ရသည့်အတွက် ထွင်းဖောက်ကယ်ဆယ်နိုင်ရေး ဆောင်ရွက်ပါတော့သည်။ အသင့် ရှာဖွေ စုဆောင်းပြီးဖြစ်သည့် ၄ လက်မပတ်လည် သစ်သားတုံးကိုလည်း လိုအပ်သည့် အရှည်အတိုင်း ဖြတ်တောက်ပါသည်။ ဖြတ်တောက်ပြီး သစ်တုံးနှင့်တူတို့ကို လက်ဆင့်ကမ်းသယ်ယူပြီး “V”ပုံစံ Slab ၏ တစ်ဖက်တစ်ချက်စီကို ဒေါက်ထောက်ပါသည်။
ကျွန်တော်နှင့် Song Contact ရရှိခဲ့သူသည် အင်မတန်စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သောကြောင့် ဝမ်းသာရပါသည်။ ထိုသို့ စိတ်ဓာတ်ကြံ့ခိုင်ရန်မှာ သူမ၏ ဝမ်းဗိုက်ထဲမှ ရင်သွေးငယ်က ဆက်တိုက် တွန်းအား ပေးနေသောကြောင့်ဖြစ်သည်။ ရင်သွေးငယ်အပေါ်ထားရှိသည့် မိခင်တစ်ဦး၏မေတ္တာ တရား ကြီးမားမှုကြောင့် ဖြစ်သည်။ ရင်သွေးငယ်ကို ရှင်သန်လိုသောစိတ်ကြောင့် မိမိကိုယ်တိုင်က အသက်မဆုံးရှုံးရလေအောင် ကြိုးစားရခြင်းကြောင့်ဖြစ်သည်။ မိခင်တစ်ယောက်၏ သတ္တိကြောင့်ပင် ဖြစ်သည်။ မိခင်တစ်ဦး၏ မေတ္တာတရားကြီးမားပုံကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အမေ့ကို တမ်းတ လွမ်းဆွပ်၍ မျက်ရည်များပင် ဝဲမိပါသည်။
ထိုအချိန်တွင် ကျွန်တော့်ကို ဒုတိယညွှန်ကြားရေးမှူးချုပ်က အပြင်သို့ခေါ်သဖြင့် ပြန်ထွက်ရပါ သည်။ အဆောက်အအုံအပြင် အရောက်တွင် တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဝင်လမ်း၊ ထွက်လမ်း တစ်လျှောက် Shoring လုပ်ရန် ပြင်ဆင်နေကြပြီး ရုရှားရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်လည်း ပြင်းပြင်းထန်ထန်ဆွေးနွေးနေကြပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်က “Shoring လုပ်ဖို့ လို မလို ပြောစမ်း တပည့်...”
“မလိုပါဘူး အဘ... အခုချိန်က ပိတ်မိနေသူအတွက် အရမ်းအရေးကြီးနေလို့ Shoring လုပ်ဖို့ အတွက် အချိန်ပေးလို့ မဖြစ်ပါဘူးခင်ဗျ..”
“မင်း..သေချာလား..”
“သေချာပါတယ်..အဘ”
ရုရှား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့်နေရာတွင် Shoring လုပ် ထားပြီးဖြစ်သည့်အတွက် Shoring ထပ်မလုပ်တော့ဘဲ အမြန်ဆုံးကယ်ဆယ်နိုင်ရေးကိုသာ ဦးစားပေး၍ ပူး‌ပေါင်းလုပ်ဆောင်ပေးကြရန် ဆွေးနွေးကြပါသည်။ ကျွန်တော်လည်း တရုတ်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖက်လှည့်ကာ “Now.. Golden Hour.., No Need Shoring!” ဟု အော်ပြောမိလိုက် သေးသည်။
“ကျောက်ခဲ ကျောက်ခဲချင်း ခတ်မိလျှင် အမှန်မီးပွင့်၏။ ဒေါသ ဒေါသချင်း ခတ်မိလျှင် ရန်မီး ပွင့်၏။ ပညာ ပညာချင်း ခတ်မိလျှင် ဉာဏ်မီးပွင့်၏။” ဆိုသကဲ့သို့ ကျွန်တော်တို့ (၃)နိုင်ငံပေါင်း ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ငြင်းခုန်ဆွေးနွေးခဲ့ကြခြင်းသည် ဉာဏ်မီးကိုသာ ပွင့်စေခဲ့ပါ သည်။ နောက်ဆုံးတွင် ဝင်လမ်း၊ ထွက်လမ်း တစ်လျှောက် Shoring မလုပ်တော့ဘဲ အမြန်ဆုံး ကယ်ဆယ်နိုင်ရေးကိုသာ ပူး‌ပေါင်းလုပ်ဆောင်ကြရန် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြသည့် အကောင်းဆုံး ရလဒ်တစ်ခုကို ရရှိခဲ့ကြပါသည်။

ကိုရှိုင်း (11 - PC)

26/06/2026

“ရှင်သန်စေလိုသောစိတ်”
***********************
(အပိုင်း ၁၄)

ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးနေသည်ကို အနီးတွင် လာရောက်နားထောင်နေသူများလည်း ရှိသည်။ ပိတ်မိနေသူများ၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေမျိုးသားချင်းများပင် ဖြစ်သည်။ ဝမ်းသာ အားရဖြင့် စိတ်အားထက်သန်နေကြသည်။
“ဆရာ... ဒီတိုင်းဆို သိပ်မကြာတော့ဘူးပေါ့နော်...”
“ဗိုလ်ကြီး...မြန်မြန် ကယ်ထုတ်ပေးဖို့ ပြောပေးပါဗျာ..”
“ကျွန်မ သမီးလေးတွေနဲ့ တွေ့ရတော့မှာပေါ့်နော်... မြန်မြန်သာ ကယ်ပေးကြပါရှင်... ကလေး တွေ အရမ်းကြောက်နေ ကြတော့မှာ...”
“ဆရာ... လိုအပ်တာသာ ပြောပါ... ကျွန်တော့် တပည့်တွေ အပြင်မြန်မြန်ရောက်ဖို့က အဓိက ပါပဲ..”
“ဆရာ...ဆရာ...ကျွန်တော့အိတ်လေး ယူပေးလို့ရပြီလား..”
“ဗိုလ်ကြီး...ဝိုင်းကူပြောပေးပါဦး... Passport တွေပါလို့ပါရှင်...”
သူတို့၏ တန်ဖိုးထားရသည့်၊ အလေးထားရသည့်အလျှောက် ပြန်လည်ရယူလို၍ အကူအညီ ‌တောင်းခံနေသူများလည်း ရှိကြသည်။
သိပ်မကြာခင်မှာပင် ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကြ သည်။ အင်ဂျင်နီယာနှင့် ဆရာဝန်များလည်းပါသည်။ K-9 နှစ်ကောင်လည်း တစ်ပါတည်းပါလာ ကြသည်။ ဦးစွာ ကန့်သတ်ဧရိယာသတ်မှတ်၍ “DO NOT CROSS” စာတမ်းပါ Tape များ တားလိုက် ကြသည်။ K-9 ဖြင့် အသက်ရှင်လျက်ပိတ်မိနေသူ၏ နေရာအတိအကျကို အတည်မပြုခင် လူအားဖြင့် အရင်ရှာကြည့်ကြသည်။ K-9 ဝင်၊ ထွက်နိုင်မည့်လမ်းကြမ်းများကိုလည်း တစ်ပါတည်း ကြည့်ရှုလေ့လာ ကြသည်။
ရုရှားနိုင်ငံမှတပ်ဖွဲ့ဝင်များ ရှာဖွေရေးလုပ်ငန်းစတင်သည်နှင့် Leader Sentry ကို မူလအတိုင်း ပြန်လည်ထောက်လှမ်းထားရန် အဖွဲ့ခေါင်းဆောင်အား မျက်ရိပ်ပြလိုက်သည်။
ထိုသို့ ဆောင်ရွက်နေစဉ်မှာပင် တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ထပ်မံ ရောက်ရှိလာကြသည်။ ထပ်မံရောက်ရှိလာသည့် တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ၏ Uniform တွင်လည်း INSARAG စာတမ်းပါ Logo ကို မြင်တွေ့ရသဖြင့် ပိုမိုအားတက်ရပြန်သည်။ ရုရှားနိုင်ငံကရော တရုတ်နိုင်ငံကပါ INSARAG Classified ဝင် ရှာဖွေကယ်ဆယ်ရေးအသင်းများကို စေလွှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ သူတို့အချင်းချင်း တွေ့လိုက်သည်နှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ သည်။ တူရကီနိုင်ငံငလျင်တွင် အတူပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ဖူးကြသည်။ နှစ် နိုင်ငံလုံးမှ တပ်ဖွဲ့ဝင်များသည် အတွေ့အကြုံများပြီး လေ့ကျင့်သားပြည့်ဝနေသူများဖြစ်ကြပါသည်။
ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက K-9 ဖြင့် အသက်ရှင်လျက် ပိတ်မိနေ သူများကို ပထမဦးစွာ ရှာဖွေပါသည်။ ပိုမိုတိကျသေချာစေရန် K-9 ကို နှစ်ကောင်သုံးပြီး ပထမ တစ်ကောင်ဖြင့် ရှာဖွေထားခြင်းကို ဒုတိယတစ်ကောင်ဖြင့် ထပ်မံအတည်ပြုပါသည်။
တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကလည်း ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ K-9 ဖြင့် ရှာဖွေအတည်ပြုထားခြင်းအပေါ် အဆောက်အအုံ တစ်ခုလုံးကို ဓာတ်မှတ် ရိုက်သလိုပင် အသက်ရှင်လျက်ပိတ်မိနေသူအား ထောက်လှမ်းရှာဖွေသည့်ကိရိယာ (Wall Through Detector)အသုံးပြု၍အတည်ပြုလိုကြသည်။ အဆောက်အအုံအတွင်း ပိတ်မိနေသူနှင့် မှားယွင်း၍ ထောက်လှမ်းမိခြင်း မဖြစ်စေရန်အတွက် ဝင်ရောက်နေသည့် တပ်ဖွဲ့ဝင်များအားလုံး(K-9 အပါ) အပြင်ထွက်ပေးရသည်။ Wall Through Detector ၏ Wave (လှိုင်း)နှင့် လွတ်ကင်းသည်အထိ ရှောင်ပေးရပါသည်။ အအောက်အအုံအတွင်း အသက်ရှင်လျက် ပိတ်မိနေသူများကို Wall Through Detector ဖြင့် ‌ထောက်လှမ်းရှာဖွေကြသည်။
အဆောက်အအုံတစ်ခုလုံးကို K-9 ၊ Wall Through Detector တို့ဖြင့် လွှမ်းခြုံရှာဖွေပြီးသည့် အခါ အဆောက်အအုံတစ်ခုလုံးတွင် တစ်ဦးတည်းသာ အသက်ရှိလျက်ကျန်ရှိသည်ကို အတည်ပြု နိုင်ခဲ့ ပါသည်။ ကျွန်တော်တို့ ကယ်ဆယ်ရွှေ့ထုတ်နိုင်ရေး ဆောင်ရွက်နေသည့်နေရာတွင် ဖြစ်သည်။
ကန့်သတ်ဧရိယာအတွင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသာ ရှိသည့်အတွက် အသက်ရှင် လျက် တစ်ဦးတည်း ကျန်ရှိသည်ကို တခြားမည်သူမျှ မသိလိုက်ကြပါ။

ကိုရှိုင်း (11 - PC)

Address

Yangon

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+95 01 666912

Website

Alerts

Be the first to know and let us send you an email when Future Light 11 PC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Light 11 PC:

Shortcuts

Share