WOW-Whispers of Observer's Wisdom

WOW-Whispers of Observer's Wisdom Mathematics, Science, English Language, Philosophy, Technology, Education and Spirituality

Probability, ကမ္ဘာ့ဖလား နဲ့ ဟောကိန်းရှင်လေး ရေဘဝဲ Paul (၂၀၁၃ ခုနှစ်က ရေးခဲ့တာ။ ဇော်ဂျီဖောင့်ကနေ ယူနီကုတ် ပြောင်းထားတာ )P...
11/06/2026

Probability, ကမ္ဘာ့ဖလား နဲ့ ဟောကိန်းရှင်လေး ရေဘဝဲ Paul (၂၀၁၃ ခုနှစ်က ရေးခဲ့တာ။ ဇော်ဂျီဖောင့်ကနေ ယူနီကုတ် ပြောင်းထားတာ )

Program တစ်ခုရေးပြီး 1 ကနေ တစ်သန်း အထိ ကဏန်း တခုကို random ခေါက်လိုက်မယ်။ ဘယ်ကဏန်းပဲကျကျ တော်ရုံတန်ရုံ အံ့သြကြမှာ မဟုတ်ပါဘူး။ 111111 လိုမျိုး 123456 လိုမျိုး ကဏန်းကျရင်တော့ နည်းနည်း အံသြချင် အံ့သြမယ်။ ထားတော့။

အိပ်မက်တခု မက်တယ်။ “ဟေ့ကောင်၊ မင်းအိပ်မက်ထဲက အတိုင်းဖြစ်လား” လို့ မေးရင် မဖြစ်ဘူး။ နောက်တယောက်ကို မေးရင်လည်း မဖြစ်ဘူး။ နောက်တယောက်လည်း မဖြစ်ဘူး။ ထူးထူးဆန်းဆန်း တယောက်က အိပ်မက်ထဲက အတိုင်း အပြင်မှာပါ လိုက်ဖြစ်တယ်ဆိုပါဆို့။ ဖြစ်နိုင်ချေကို သချာၤနည်းနဲ့ ဥပမာပေးပြီး တွက်ပြရလွယ်အောင် အိပ်မက်အတိုင်း ဖြစ်လာစရာ အဖြစ်အပျက်က ၁ ခု ရှိနေပြီး အိပ်မက်အတိုင်း မဟုတ်တဲ့အဖြစ်အပျက်က ၉၉ ခု ရှိတယ်ဆိုပါစို့။ ဒါဆိုရင် လူအယောက်တရာမှာ တယောက်က အိပ်မက် အတိုင်းဖြစ်တော့မယ်။ လူတသန်းရှိရင် အယောက် တသောင်းက အိပ်မက် အတိုင်းဖြစ်တော့မယ်။ အဲဒီ့လူတသောင်းစုမိသွားရင်၊ သူတို့ရဲ့ အသံတွေ စုမိသွားရင် အိပ်မက်အတိုင်း ဖြစ်တယ်ဆိုတဲ့ အယူအဆတွေ ထွက်လာတော့မယ်။ ဟို လူပေါင်း ကိုးသိန်းကိုးသောင်းက အိပ်မက်အတိုင်း မဖြစ်တာကိုကျတော့ မမြင်ကြတော့ဘူး။ ထူးဆန်းတာ ထူးခြားတာက လူ့စိတ်ကို ထိခိုက်လွယ်တယ်လေ။

လူဆိုတာ ဖြစ်လာရင် ကားတိုက်သေမယ်၊ မိုးကြိုးပစ်သေမယ်၊ ရောဂါနဲ့သေမယ် အဲလိုဖြစ်နိုင်ချေတွေ ရှိနေမှာပဲ။ percentage အရ ဥပမာ လူဆယ်သန်းမှာ တယောက် မိုးကြိုး ပစ်ခံရလို့ သေမယ်ဆိုပါစို့။ လူပေါင်းသန်းခြောက်ထောင် ပြီးတော့ သမိုင်းနဲ့ချီပြီး ကြည့်လိုက်ရင် မိုးကြိုးပစ်ခံရလို့ သေတဲ့လူလည်း နည်းမှာ မဟုတ်ပါဘူး။ မိုးကြိုးပစ်ခံရပြီး သေတဲ့ လူကလည်း လူဆိုတော့ လူပီပီ ကောင်းတာရော မကောင်းတာရော လုပ်ခဲ့လိမ့်မယ်။ အဲဒီ့တော့ အဲဒီ့လူ မကောင်းတာလုပ်ခဲ့တာ တခုခုနဲ့ ချိတ်ပြီးတွေးလိုက်ကြရော။ အဲဒါနဲ့ ဒါလုပ်ရင် မိုးကြိုးပစ်ခံရတယ် ဆိုတဲ့ အယူအဆတွေ ပေါ်လာတော့တာပဲ။ တကယ်က သူ့လိုပဲ နည်းတူ လုပ်ပြီး ဘာမှမဖြစ်တဲ့သူတွေ အများကြီး ရှိတာကိုတော့ လျစ်လျူ ရှုထားကြတယ်လေ။

အိပ်မက်ကိစ္စတွေ အကြားအမြင် ကိစ္စတွေကို ပြန်တွေးကြည့်ရင် အိပ်မက်အတိုင်း မဖြစ်တာ၊ အကြားအမြင်တွေ မှားတာ တွေက များပေမယ့် တခုလေး မှန်ရင်ပဲ လူတွေက တန်းတန်းစွဲ လုပ်ကြ၊ တအံ့တသြ လုပ်ကြတာကိုး။ မှားတဲ့ အရာတွေကိုတော့ မေ့နေကြတယ်။ ဒီလိုပဲ ပရိတ်ရွတ်လို့ ဘေးကင်းတယ်၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ အလိုပြည့်သွားတယ်၊ ဂါထာရွတ်လို့မီးကွင်းသွားတယ်ဆိုတာက သူ့ဘာသာသူ random နံပါတ် ထဲက ကဏန်းတခု ကျသလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာမျိုးပါ။ အခေါက်တိုင်း ရာနှှုန်းပြည့် ပရိတ်ရွတ်လို့ ဘေးကင်း၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ ဆုတောင်းပြည့်၊ ဂါထာရွတ်လို့ မီးကွင်းသွားမှသာ အမှန်တရားလို့ ပြောလို့ ရမှာပေါ့။ မှားတဲ့ ၉၉ ရာခိုင်နှှုန်းကို လျစ်လျူရှှုပြီး မှန်တဲ့ တစ်ရာခိုင်နှှုန်းကိုပဲ စိတ်ဝင်စားပြီး အမှတ်ပြည့်ပေးရင်တော့ အမြဲတမ်း အမှတ်တရာ အပြည့် ပေးနေရတော့မှာပေါ့။

ကမ္ဘာ့ဖလားမှာ ရေဘဝဲက ဆက်တိုက်မှန်သွားတယ်ဆိုတာ၊ တချို့လူတွေ ရှေ့ဖြစ်ဟောတာ မှန်သွားတယ်ဆိုတာကလည်း ကဏန်းတွေ random ခေါက်တာ 1111111 ကဏန်းကို တိုက်တိုက်ဆိုင်ဆိုင် ကျသလိုပဲ သူတို့လည်း probability တခုအရ မှန်သွားနိုင်တာပဲလေ။ မှန်တိုင်း ကိုးကွယ်ရတော့မှာလား။

တကယ်ဆို အဲလို တဖွဖွ အထူးအဆန်းလုပ်ပြောနေကတည်းက အဲဒါက အမှန်တရား မဟုတ်ဘူးဆိုတာကို ပြနေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်။ နက်ဖန်စာမေးပွဲစစ်မယ်လို့ ဆရာမက ပြောပြီး နောက်နေ့တကယ်စစ်ရင် အဲဒါက reality ဆိုတော့ ဘယ်သူမှ အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ ဖြစ်နိုင်ချေနည်းလွန်းသွားတဲ့ အခါမှာသာ တဖွဖွနဲ့ အထူးအဆန်းအဖြစ် ပြောနေကြတာပါ။ အိပ်မက်တိုင်းသာ တကယ်ဖြစ်တယ်၊ လူတိုင်းရဲ့ အိပ်မက်တွေကသာ မှန်နေကျဆို ဘယ်သူမှ အဲဒါကို အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ တခါတခါမှ ကွက်မှန်သွားမှသာ “မှန်တယ်ဟဲ့” ဘာညာနဲ့ အထူးအဆန်း လုပ်ပြောနေရတာကိုက တကယ့်အမှန်တရား မဟုတ်မှန်း၊ ဖြစ်နိုင်ချေအရမ်းနည်းနည်းလေးထဲက တိုက်တိုက်ဆိုင်ဆိုင် တခုဖြစ်သွားမှန်းကို ဝန်ခံရာတောင် ကျပါသေးတယ်။
ဒါကြောင့် ရေဘဝဲ သူ့ဘာသာသူ ဘယ်လောက်မှန်မှန်၊ ဘယ်သူတွေ အကြားအမြင် ဘယ်လောက်မှန်မှန် တကယ်တော့ မှန်နိုင်ချေလေး probability လေး ရှိနေတာမို့ အံ့သြစရာ မလိုပါဘူး။ probability အရ ရာနှှုန်းပြည့်လည်း တခါတခါ ဖြစ်နိုင်တယ်လေ။ ရေဘဝဲ မှန်သွားတယ်ဆိုတာကလည်း ဖြစ်နိုင်တာပဲ။ အံစာတုံးခေါက်မယ် ဆိုပါစို့။ ခေါက်တဲ့လူတွေထဲမှာ အားလုံးက တစ်ကနေ ခြောက် ကျချင်တာ ကျနေပြီးတော့ တယောက်တည်းက ကွက်ပြီး သူခေါက်သမျှ အခေါက်တိုင်းမှာ ၁ တွေချည်း ကျတာလည်း ဖြစ်နိုင်ချေ ရှိနေတာပဲ။ ရေဘဝဲကလည်း အဲဒီ့လူနဲ့ တူတာပေါ့။

ဒါကြောင့် တချို့ကိစ္စတွေဟာ ဘယ်လောက်ပဲ ထူးဆန်းနေနေ ဖြစ်နိုင်ချေများစွာထဲက တခုဖြစ်သွားတာမို့ အံ့သြ စရာတော့ မရှိပါဘူး။ ဖြစ်နိုင်ချေ အရမ်းနည်းလွန်းလို့သာ ကျနော်တို့ အရေးတယူ ပြောနေရတာဖြစ်ပြီး အဲလိုအရာမျိုးက Universal Truth အဖြစ် လက်ခံဖို့ ပိုပြီး အလှမ်းဝေးလှကြောင်းပါ။
[[ကမ္ဘာ့ဖလားမှာ မှန်အောင်ဟောခဲ့တဲ့ ရေဘဝဲ နဲ့ ပတ်သတ်တဲ့ အကြောင်းက သချာၤနဲ့ ရှင်းပြလို့ ရပါတယ်။ 0 ကနေ 127 အထိ ကဏန်းတွေ Random ခေါက်တာ “127” ကျတာကို လူတွေ အံ့သြနေကြတဲ့ သဘောပါပဲ။ စုစုပေါင်း ရေဘဝဲ ဟောတာက ခုနစ်ပွဲမို့လား။ တစ်ပွဲချင်းစီ ကြည့်ရင်တော့ မှန်ဖို့က ၅၀ ရာခိုင်းနှှုန်း အထိ ရှိတယ်။ ခုနစ်ပွဲဆက်တိုက်ကျတော့ ၅၀ ရာခိုင်နှှုန်း မဟုတ်တော့ဘူး။ “မှားမှားမှားမှားမှားမှားမှား” (၇ပွဲမို့လို့ ၇ခု) “မှားမှားမှားမှားမှားမှားမှန်” ကနေ “မှန်မှန်မှန်မှန်မှန်မှန်မှန်” အထိ ဖြစ်နိုင်ချေတွေကို တွဲလိုက်ရင်….ကွန်ပျူတာသမားဆို မှားကို 0 ထား မှန်ကို 1 ထားရင် “0000000” “0000001” စသည်ဖြင့် တွဲလိုက်ရင် Two to the power 7 ကို ရလိမ့်မယ်။ အဲဒါက ၁၂၈။ ဖြစ်နိုင်ချေက ၁၂၈ ခုမှာ တခုဆိုတော့ သိပ်မဆန်းပါဘူး။ လူ ၁၂၈ ယောက်မဲနှှိုက်တာ တယောက် ပေါက်သွားသလောက်ပါပဲ။ ထီပေါက်တာလောက်တောင် မထူးဆန်းဘူး။ အဲဒါကို လူတွေ အံ့သြနေတာ။ ၁၂၇လို့ ပြောရတာက 0 ကနေ စထားလို့။]]

[[မရှင်းရင်တော့ သုံးပွဲကို စဉ်းစားကြည့်။ 0 က မှားတာ။ 1 က မှန်တာ။ 000 001 010 011 100 101 110 111 .....111 က အကုန်မှန်တာ။ သုံးပွဲတည်းဆိုတော့ Two to the Power 3= 8]]

(ကောင်းကင်ကို)

19/05/2026

( ကံရာဇာငယ် ဆင်ဒရုမ်း )

တဘဝလုံးတလျှောက် ဒိတ်ထားတဲ့ အရာနဲ့
ညလုံးပေါက် အိပ်မထားတဲ့ ကဗျာ
နှလုံးသားချင်း ဆိုင်မိခိုက် ပေါ်လာတဲ့ အရာဟာ
ဒေသနာလား
ဝေဒနာလား။

AI ခေတ်ကြီးထဲက
ကမ္ဘာတလွှားမှာ
မည်ကာမတ္တ ဘုရားတွေ
မတည်ခင်ကတည်းက ပြိုနေကြတယ်။

အုတ်မြစ်မှာ လေခို နေပေမဲ့
ဆုတ်ခေတ်မှာ ရွှေလို တောက်ပ
မြွေလိုပေါက်ပြ ကြမယ့် ဘုရားတွေ။

ပညာရှာမှီးမှုကို
ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲတော်နဲ့ နှိုင်းဖူးတယ်။
တချို့က ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားပြီး ငွေလာရှာတာ
တချို့က ပွဲတော်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဂုဏ်လာရှာတာ။
မြတ်နိုးသူ တချို့ကသာ ပွဲတော်ကို လာလေ့လာကြတဲ့ observer

တကယ်တမ်းကျ
သဘာဝလောက အပေါ်
ပိုက်သာဂိုးရပ်စ်လည်း observer
ဗုဒ္ဓလည်း observer
လောက်ဇူးလည်း observer

ပိုက်သာဂိုးရပ်စ်ရေ
နှစ်ထောင်ချီကြာ ခေတ်ကမို့
ခေတ်မမီ ဂိုဏ်းဆိပ်သင့်တာတွေ ရှိပေမယ့်
တကယ်တမ်းကျ
အလုံးစုံမျှဝေတဲ့ ဘုံစနစ်ကို စခဲ့တာမှာ
ခင်ဗျားတို့က နှစ် ၂၀၀၀ ကျော်တောင် စောခဲ့တယ်။
ပစ္စည်းဥစ္စာတွေပဲ ဘုံထားခဲ့တာမဟုတ်။
ရှာဖွေတွေ့ရှိသူအမည်တွေကိုပါ ဘုံထားခဲ့တာမျိုး
သမိုင်းမှာ အရမ်း ရှားပါးခဲ့။

ဂြိုဟ်တွေကသာ နေကိုပတ်နေကြောင်း
ဟီလီယိုဆန်းထရစ် မော်ဒယ်ကို တင်ပြရုံနဲ့
အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့ သိုးမည်း
ဂျော်ဒါးနိုး ဘရူနိုဟာ
ကမ္ဘာ့ တော်လှန်ရေးဘုရားတဆူလိုပဲ။

ရာဇဝင်တခုထဲမှာ အာခီမီးဒီးစ်က ဆိုတယ်
လူကို သတ်ချင်သတ်
စက်ဝိုင်းတွေကို မနှောင့်ယှက်ပါနဲ့တဲ့။

တချို့ကျောင်းသားတွေက ပြောတယ်။
Pure maths သင်တာ ဘာအတွက်လဲတဲ့
အဲဒီမေးခွန်းကလည်း နှစ်ပေါင်း ၂၀၀၀ ကျော် နောက်ကျနေပါတယ်။
ခက်လွန်းတဲ့ ဂျီဩမေတြီ သင်ယူလို့ ဘာပြန်ရမှာလဲ ဆိုတဲ့ ရှေးခေတ် ကျောင်းသားအတွက်
"ဟေ့.... သင်္ချာသင်တာကနေ အကျိုးအမြတ် ပြန်ရဖို့
မျှော်နေတဲ့ကောင်ကို ဒင်္ဂါးလေးတပြား ပေးလိုက်ပါ" လို့
ယူကလစ်က ပြောခဲ့တယ်။

ရာဘာကို သန့်စင်ဖို့ကြိုးစားသလိုနဲ့
စိတ်ဝိညာဉ်ကို သန့်စင်ဖို့ ကြိုးစားသွားရှာတဲ့ ရူးရူးမူးမူးသမား
Charles Good Year
အကြိမ်ကြိမ် အကြွေးတင် အကျဉ်းကျခဲ့တာပေါ့။

မြန်မာပြည်က နွမ်းပါးတဲ့ သင်္ချာသမားရဲ့ အပြုံးနဲ့
မီးခံသေတ္တာတလုံး ဝယ်လိုက်သတဲ့
ရွှေတွေငွေတွေ ထည့်ဖို့မဟုတ်
သင်္ချာစာအုပ်တွေကို အမြတ်တနိုးသိမ်းဖို့။

ဟိန္ဒူဘုရား
ခရစ်ရှနားက ပြောတယ်။
အလုပ်တခုကို လုပ်တဲ့အခါ
ရလဒ်ကို မကြောင့်ကြဘဲ
ဘုရားကို ပူဇော်သလို မြတ်မြတ်နိုးနိုး လုပ်ပါတဲ့။

ဒီတော့...
ပညာကို ချစ်သူလို သဘောထားပါ
သင်္ချာကို ချစ်သူလို သဘောထားပါ
ချစ်သူလေးနဲ့ နေ့တိုင်းထိတွေ့လိုက်စမ်းပါ။
အချစ်သီချင်းတွေ နားထောင်တဲ့အခါ
ပညာကို... ချစ်သူလေးလို မြင်ယောင်လိုက်
ဒါမှမဟုတ် သင်္ချာကို ချစ်သူလေးလို မြင်ယောင်လိုက်ပေါ့
နားညဉ်းအောင် ဘာဒုက္ခမှလည်း မပေး
သံသယ မေးခွန်းတွေလည်း လာမေးမှာ မဟုတ်။

တခုတော့ ရှိတာပေါ့
သူ့အတွက် ရင်းလိုက်ရတဲ့ ဘဝမှာ
စီးပွားရေး သမားတွေလို ငွေလည်း ပြန်မရ
အဆိုတော်တွေလို လက်ခုပ်သံလည်း ပြန်မရ
လူသားချစ်သူဆီကလို အနမ်းတွေလည်း ပြန်မရ

သင်္ချာတွေထဲမှာ ကိန်းဝပ်နေတဲ့ ရှာရအခက်ဆုံး အလှအပကို
လောကရဲ့ ပျမ်းမျှလူသားတွေက
အနုပညာလို့တောင် မြင်ပေးကြမှာ မဟုတ်ဘူး။

စီးပွားရေးသမားတွေက
ဉာဏ်ရည်စစ် လုံးဝ သုံးစရာမလိုဘဲ
ဉာဏ်ရည်တု သုံးပြီး စီးပွားရှာနည်း သင်တန်းတွေ ဖွင့်နေချိန်
AI ပညာရှင်လိုလို ငွေတွေသဲ့ယူနေကြချိန်မှာ
ညီလေးရေ
AI ရဲ့ အခြေခံ အီကွေးရှင်း
y = mx + c ဆိုတာကနေ
ဉာဏ်ရည်တု ဖြစ်လာသည်အထိ
အလှအပတွေ၊ ဒဿနတွေကို လိုက်ခံစားနေတဲ့မင်းကို
ဈေးကွက်စီးပွားရေးစနစ်ကြီးက
AI သမားအဖြစ်တောင် အသိအမှတ်ပြုမှာ မဟုတ်ဘူး။

ပညာသမားဟာ စကားပြောဖော် ရှားပါးလာတယ်။
သူများနဲ့ စကားပြောဖို့ နေနေသာသာ
ကိုယ့်ဘဝကတောင် ကိုယ့်ကို နားမလည်ဘူး ဖြစ်လာမယ်။

ညီလေးရေ
နိချရဲ့ Übermensch ဓားကိုသွေး
Amor fati လို့ပဲ တွေးလိုက်ပါ။
စကားပြောဖော် မရှိတဲ့အခါ
ပိုက်သာဂိုးရပ်စ်လို ဂီတ နဲ့ စကားပြောပါ။
စိန့်ဖရန့်စစ်လို့ ပန်းပွင့်တွေနဲ့ စကားပြောပါ။
တက်စ်လာလို ခိုလေးတွေနဲ့ စကားပြောပါ


ကမ္ဘာကြီးတခုလုံး
ကံရာဇာငယ် ဆင်ဒရုမ်းနဲ့။

ကောင်းကင်ကို (May 19 )

( မန်ချက်စတာ ဆရာဝန်လူသတ်သမားရဲ့ အမှု စုံစမ်းစစ်ဆေးမှုကို  statistics သင်္ချာက ဘယ်လို ပံ့ပိုးပေးခဲ့လဲ။)လွန်ခဲ့တဲ့လေးလ လော...
15/05/2026

( မန်ချက်စတာ ဆရာဝန်လူသတ်သမားရဲ့ အမှု စုံစမ်းစစ်ဆေးမှုကို statistics သင်္ချာက ဘယ်လို ပံ့ပိုးပေးခဲ့လဲ။)

လွန်ခဲ့တဲ့လေးလ လောက်က ဆရာဝန် အတုတွေ ပေါ်ခဲ့သတဲ့။ ဒေါက်တာဘွဲ့ မရသေးဘဲ လက်မှတ်အတုတွေနဲ့ လိမ်ပြီး လုပ်စား ကြသတဲ့။ ဆရာဝန် အတု-အစစ်ခွဲနည်းတွေတောင် ဟာသလုပ်ပြီး ရေးယူခဲ့ကြရတယ်။ ဆရာဝန်ယောင်ဆောင်တဲ့ လူလိမ်တွေကို ကျားဖြန့် ဆရာဝန် လို့ ခေါ်ကြတာပေါ့။ အဲဒီကောင်တွေက တွမ်ဟင့်တို့ လီယိုနာဒိုတို့ သရုပ်ဆောင်ထားကြတဲ့ Catch Me If You Can ရုပ်ရှင်ကို ဖြစ်လာစေတဲ့ Frank William Abagnale Jr လို တော်ကြလို့တော့ မထင်။ လိမ်တဲ့အခါ သုံးတဲ့ tool တွေ ပိုများလာပေမယ့် ခေတ်ကြီးကိုက အပေါ်ယံတွေများတဲ့ တနပ်စားတွေများတဲ့ ကံရာဇာငယ် ခေတ်ကြီးကိုး။ ထားပါတော့။

ခုရေးမယ့် ဆရာဝန်ကတော့ ဆရာဝန် အတုမဟုတ်။ ဆရာဝန်အစစ်။ ဒါပေမယ့် လူတွေ အများကြီးကို ဆေးထိုးသတ်ခဲ့တဲ့ ဆရာဝန် လူသတ်သမား။ ၁၉၇၅ ခုနှစ် ကနေ ၁၉၉၈ အတွင်းမှာ အနည်းဆုံး လူနာပေါင်း ၂၁၅ ယောက်ကို ဆေးထိုးသတ်ခဲ့တဲ့ ဆရာဝန်။ သူဆေးထိုးသတ်တာ ခံရတဲ့ victimတွေထဲက တယောက်ဆီကနေ အမွေအဖြစ် ငွေ တချို့တဝက်ရဖို့ သေတမ်းစာ အတုလုပ်လိုက်ရော။ တခြား victim တွေ ဆီကနေတော့ သူက အဲလို မလုပ်ဖူးဘူး။ အဲဒီလို အလုပ်ခံရတဲ့ victim အမျိုးသမီးရဲ့ သမီးက ရှေ့နေ ဖြစ်နေပြီး အဲဒီ ဆရာဝန်ကို သံသယ စဝင်ပြီး စစ်ဆေးကြတာပါ။ အဲဒီ ဆရာဝန်ရဲ့ ကွန်ပျူတာကို analysis လုပ်ကြည့်တဲ့အခါမှာ victim တွေရဲ့ ရောဂါကို အရှိထက်ပိုပြီး ဆိုးသယောင် နောက်ကြောင်းပြန်ပြီး ပြင်ထားတာတွေ တွေ့ရပါတယ်။

(မန်ချက်စတာ ယူနိုက်တက်)

သူ့နာမည်က Harold Shipman။ သူက မန်ချက်စတာ အခြေစိုက် ဆရာဝန် ဆိုတော့ သူက မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်များ ဖြစ်နေမလားလို့ ရုတ်တရက် တွေးမိပြီး ရှာကြည့်သေးတယ်။ :D ယူနိုက်တက် ပရိသတ် ဖြစ်ကြောင်း မတွေ့ရပေမယ့် ၂၀၀၉ ခုနှစ်တုန်းက ယူနိုက်တက် နဲ့ လီဗာပူး ဘောလုံးပွဲမှာ မန်ယူအိမ်ကွင်းမှာ လီဗာပူး ပရိသတ်တွေက “"There's only one Harold Shipman" ဆိုတဲ့ ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးခဲ့ကြပါသေးတယ်။ အဓိပ္ပါယ်ကတော့ အဲဒီ လူသတ်သမား ဆရာဝန်ရဲ့ လူနာတွေက မန်ချက်စတာ မြို့ကမို့ လီဗာပူး လူဆိုး ဘောလုံးပရိသတ်တွေက victim တွေကို လှောင်ပြောင်တိုက်ခိုက်တဲ့ သဘောပါ။ လီဗာပူး ဖန်ဆိုးတွေကတော့ မြူးနစ် လေယာဉ်ပျက်ကျမှု ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း အဲလို ဟစ်ကြွေးကြတာပါပဲ။

(Statistical Analysis)

ဒါပေမဲ့ ရေးချင်တာက ဆရာဝန် အတုအစစ် ခွဲနည်းလည်း မဟုတ်ပါ။ ယူနိုက်တက် နဲ့ လီဗာပူး အကြား အငြိုးအတေးတွေလည်း မဟုတ်ပါ။ လူသတ်သမား ဆရာဝန်ရဲ့ အမှုကို တခြားနည်းတွေအပြင် statistics သင်္ချာ ရဲ့ data analysis သုံးပြီး ပူးပေါင်းဖော်ထုတ်ခဲ့တဲ့ အကြောင်းပေါ့။ Analysis လုပ်ထားတဲ့ အရာတွေကိုတော့ data visualization နဲ့ presentation လုပ်ကြပါတယ်။

တခြားအချက်အလက်တွေ အရရော statistics အရရော လူသတ်သမား ဆရာဝန်ကို ဘယ်လို မျက်နှာဖုံး ခွာချလိုက်သလဲဆိုတော့ Data Analyst တွေက "statistical anomalies" (ပုံမှန် normal ကနေ ကွဲထွက်နေတဲ့ စာရင်းအင်း မူမမှန်မှုတွေကို) လိုက်ရှာကြရပါတယ်။

Harold Shipman ရဲ့ အမှုမှာ မသင်္ကာစရာ ဖြစ်နေတဲ့ သက်သေတွေထဲမှာ "statistical anomalies"လည်း ပါတယ်။ အဲဒါတွေကို line graph နဲ့ scatter plot တို့က သက်သေခံနေပါတယ်။

၁။ သေဆုံးချိန် ပြ line graph

Analysis လုပ်ဖို့ ကြိုးစားတဲ့ အခါမှာ မေးခွန်းတွေလည်း မေးတတ်ရပါတယ်။ မေးခွန်းတခုကတော့ သူ့လူနာတွေ တနေ့တာရဲ့ ဘယ်အချိန်မှာ သေသွားခဲ့ကြတာလည်း ဆိုတဲ့ မေးခွန်းပါ။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တင်ပြခဲ့တဲ့ အထဲမှာ အပေါ်လွင်ဆုံး Data Visualization ကတော့ လူနာတွေရဲ့ "သေဆုံးချိန်" ကို ဖော်ပြထားတဲ့ graph ပါပဲ။

ပုံမှန် အနေအထား - သာမန် ဆရာဝန် တယောက်ရဲ့ လူနာတွေ သေဆုံးချိန်ဟာ အချိန်မရွေး ဖြစ်နိုင်ပြီး ပုံသေ မရှိပါဘူး။ ကျပန်း ပျံ့နှံနေမှာပါ။

Shipman ရဲ့ ပုံစံ - Shipman ရဲ့ Data ကို analysis လုပ်ပြီး ထွက်လာတဲ့ graph ရဲ့ ရလဒ်ကအရမ်း ကွဲပြားနေပါတယ်။ သူ့လူနာတွေ သေဆုံးချိန်က မွန်းလွဲပိုင်းမှာ သေဆုံးတာ ရာခိုင်နှုန်း အများဆုံး ဖြစ်နေပြီး line graph ရဲ့မျဉ်းက ထောင်တက်နေတာကို တွေ့ရပါတယ်။ ပုံ (၂) ကိုကြည့်ပါ။ တခြားဆရာဝန်တွေရဲ့ လူနာတွေ သေဆုံးချိန်တွေနဲ့ ယှဉ်ပြထားတဲ့ line graph ပါ။ တခြားဆရာဝန်တွေရဲ့ လူနာတွေ သေဆုံးချိန်မှာတော့ ထူးထူးခြားခြား ထောင်တက်နေတဲ့ graph မျဉ်းကို မတွေ့ရပါဘူး။ ဒီလိုဖြစ်တာဟာ သာမန်တိုက်ဆိုင်မှုထက် အကြောင်းရင်း တခုခု ရှိနေဖို့က အများကြီး ပိုဖြစ်နိုင်ခြေ ရှိတဲ့သဘောပါ။ graph ထဲက အချက်အလက်တွေက ဘာပြနေသလဲဆိုတော့ သူ အိမ်တိုင်ရာရောက် ဆေးကုပေးတဲ့ (home visit) အချိန်တွေမျိုးမှာမှ လူနာတွေက သိသိသာသာ ပိုသေဆုံးနေကြတာပါ။ ရှေးတုန်းက ရုပ်ရှင်ထဲကလို “စကားပြောသော အသည်းနှလုံး” မဟုတ်ဘဲ “စကားပြောသော data” တွေပေါ့။

၂။ Scatter Plot

နောက်ထပ်မေးခွန်း တခုကတော့ ဘယ်လိုမျိုး လူအမျိုးအစားကို သူသတ်ခဲ့တာလဲ၊ ဥပမာ ဘယ်အသက်အရွယ်တွေကို သတ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါ။
ပုံ (၁) မှာတော့ လူနာတွေရဲ့ အသက်နဲ့ သေဆုံးတဲ့ ရက်စွဲကို scatter plot နဲ့ ပြထားတာပါ။ အစက်တခုစီရဲ့ အရောင် အနု/အရင့်က gender ကွဲပြားမှုကို ပြထားတာပါ။ ပြီးတော့ ဘေးဝင်ရိုးပေါ်မှာက victim တွေရဲ့ အသက်အပိုင်းအခြား ၄၀ ကနေ ၉၀ ကျော်အထိ ကို ပြထားပြီး၊ အောက်ဘက်မှာတော့ ခုနှစ်တွေကို ပြထားတာပါ။ ပြီးရင် Bar-chart နဲ့လည်း ထပ်ဆင့် ပြထားပါသေးတယ်။

ညာဘက်က Bar-chart ကို ကြည့်မယ်ဆိုရင် သေဆုံးသူ လူနာ အများစုဟာ ၇၀ နဲ့ ၈၀ အရွယ်ကြားတွေကို တွေ့ရမှာပါ။ ဒါပေမဲ့ အလယ်က scatter-plot ထဲက အစက်အပြောက်တွေကို ကြည့်မယ်ဆိုရင်တော့ အစပိုင်းမှာ အသက်ကြီးကြီး victim တွေချည်းပဲ ဖြစ်နေရာကနေ ကြာလာတာနဲ့ အမျှ ၄၀ ကျော်တွေပါ ပါလာတာကို တွေ့ရမှာပါ။ သူ အတင့်ရဲလာပြီး ပိုငယ်တဲ့ သူတွေကိုပါ သတ်ရဲလာတဲ့ သဘောပေါ့။

ပုံ (၁) ရဲ့ အပေါ်က Bar-chart မှာ ၁၉၉၂ ခုနှစ် ဝန်းကျင်လောက်မှာတော့ လူသတ်မှု လုံးဝမရှိခဲ့ဘဲ ကွက်လပ် ဖြစ်နေတာကို ထင်ထင်ရှားရှား တွေ့ရမှာပါ။ အဲဒီအချိန်က သူဟာ တခြားဆရာဝန်တွေနဲ့ တွဲပြီး ဆေးခန်း ဖွင့်နေချိန်ပါ။ သံသယ ဝင်ခံရမှာစိုးလို့ သူငြိမ်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ တယောက်တည်း ခွဲထွက်ပြီး သီးသန့် ဆေးခန်းဖွင့်လိုက်တဲ့ အချိန်မှာတော့ သေသူနှုန်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ သေဆုံးသူနှုန်းကလည်း ကျပန်း ဖြစ်မနေဘဲ ၁၉၉၃ နောက်ပိုင်းမှာ သိသိသာသာ များလာတဲ့ သဘောပါ။
Victim တွေထဲကနေမှ မီးမသင်္ဂြိုလ်ခဲ့တဲ့ သူ့လူနာဟောင်း ၁၅ ယောက်ရဲ့ အလောင်းတွေကို ပြန်တူးဖော် စစ်ဆေးတော့ သေစေနိုင်တဲ့ ပမာဏရှိတဲ့ Diamorphine တွေကို တွေ့ရပါတယ်။

ပြစ်မှု ထင်ရှားကြောင်း တွေ့ရပြီး သူ့ကို ထောင်ဒဏ် တသက် ချလိုက်ကြပါတယ်။

သူဟာ (ရက်စက်ပြီး) သူ့အတွက်လည်း အန္တရာယ်များတဲ့ စွန့်စားမှုကြီးတွေကို ပြုလုပ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ရုပ်အလောင်း တလောင်းတည်းကို Post-mortem ခွဲစိတ်စစ်ဆေးမှု လုပ်လိုက်တာနဲ့ သူ လူသတ်ထားတဲ့ အဖြစ်မှန် ပေါ်သွားမှာမို့လို့ပါ။ ဒါပေမယ့် လူနာတွေက အသက်ကြီးနေကြသလို သဘာဝအတိုင်း သေဆုံးတယ်လို့ ထင်ခဲ့ရတာကြောင့် အဲဒီတုန်းက ဘယ်အလောင်းကိုမှ ခွဲစိတ်စစ်ဆေးတာမျိုး မလုပ်ခဲ့ကြပါဘူး။ ဒါကြောင့် နှစ်ကာလတွေ အကြာကြီးတောင် သွေးရိုးသားရိုးလို့ ထင်နေခဲ့ကြတာပါ။

သူ ဘာကြောင့် အဲလို လူတွေသတ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သူက ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ တရားခွင်မှာလည်း သူက စကား တလုံးမှ မပြောခဲ့ပါဘူး။ သူ့မိသားစု အပါအဝင် ဘယ်သူ့ကိုမှလည်း သူက ဝန်ခံခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ သူ့မိန်းမ ပင်စင်ခံစားခွင့် ရရှိမယ့် အချိန်နဲ့ အံကိုက်မှာပဲ သူက ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ Dame Janet Smith က နောက်ပိုင်းမှာ ခုလို ပြောခဲ့ပါတယ်။ "အဲဒီ ဖြစ်ရပ်ဟာ ပြောမပြနိုင်လောက်အောင်၊ မစဉ်းစားနိုင်လောက်အောင်၊ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးလွန်းတယ်လို့ ကျနော် ခံစားနေရတုန်းပါပဲ။ သူ့ရဲ့ ဆေးအိတ်ထဲမှာ လူသတ်လက်နက် (ဆေးထိုးအပ်တွေ) ကို ထည့်ပြီးတော့၊ သိပ်ကို ဂရုစိုက်တတ်တဲ့ ဆရာဝန်ကြီး တယောက်လို ဟန်ဆောင်ပြီး၊ သူက နေ့စဉ်နဲ့အမျှ လူနာတွေကို လိုက်ကြည့်ခဲ့ပြီး သူလိုလာတဲ့အခါမှာ အဲဒီလူသတ်လက်နက်ကို သူက သွေးအေးအေးနဲ့ ထုတ်သုံးခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Shipman ရဲ့ ရက်စက်မှု အသေးစိတ်ကိုတော့ တမှုချင်းစီရဲ့ သက်သေ အထောက်အထားတွေနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့်၊ statistics သင်္ချာကတော့ Shipman ဘယ်လို ကျူးလွန်ခဲ့ကြောင်း ပေါ်လွင်ပြီး နားလည်စေဖို့ အတိုင်းအတာတရပ်အထိ ပံ့ပိုးပေးခဲ့ပါတယ်။

(ကောင်းကင်ကို)
David Spiegelhalter ရဲ့ The Art of Statistics ကို အဓိက ကိုးကားပြီး ရေးထားတာပါ။

သင်္ချာသင်ပုန်းလေးTrigonometryတွေပါတဲ့ ဒီသင်္ချာ သင်ပုန်းလေးက မနှစ်တုန်းက ကျွန်တော်ကိုယ်တိုင် ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ ဒီသ...
09/04/2026

သင်္ချာသင်ပုန်းလေး

Trigonometryတွေပါတဲ့ ဒီသင်္ချာ သင်ပုန်းလေးက မနှစ်တုန်းက ကျွန်တော်ကိုယ်တိုင် ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ ဒီသင်ပုန်းလေးက ဘယ်နိုင်ငံက ကျောင်းက သင်ပုန်းဖြစ်မယ် ထင်လဲ။

တကယ်ကတော့ ကမ္ဘောဒီးယားနိုင်ငံ genocide ပြတိုက်မှာ ပြထားတဲ့ သင်ပုန်းပါ။ Tuol Sleng Genocide Museum ပါ။ ဘာလို့ အဲဒီ သင်ပုန်းလေး ရှိနေရတာလဲ ဆိုတာကို ပြောရရင် တကယ်တော့ ဝမ်းနည်းစရာကောင်းပါတယ်။ ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီတွေ လက်ထက်မှာ ကျောင်းလေးကို နှိပ်စက်တဲ့အကျဉ်းထောင်အဖြစ် ပြောင်းပြီး အသုံးပြုခဲ့လို့ပါ။ ကျောင်းလေးကနေ ညှဉ်းပန်းနှိပ်စက်ရာ အကျဉ်းစခန်းဖြစ်၊ ပိုပေါ့တို့ ပြုတ်သွားပြီး နောက်ပိုင်းမှာတော့ အကျဉ်းစခန်းကနေ ပြတိုက်ဖြစ်သွားပြီး အသွင်သုံးခုပေါ့။
စာသင်ခန်းအကျယ်တွေကို အကန့်တွေ ခွဲပြီးတော့ လူတယောက်ချင်းစီ လှဲလို့ရရုံလောက် အကျဉ်းခန်းငယ်လေးတွေအဖြစ် ပြောင်းလိုက်တယ်။ ပြီးတော့ အခန်းထဲမှာ သံခြေကျင်းနဲ့ပဲ တချိန်လုံးထားတာမျိုး။ နည်းမျိုးစုံနဲ့ ရက်ရက်စက်စက် နှိပ်စက်တယ်။ သတ်ကွင်းထဲကို မပို့ခင် အထိပေါ့။ ကျောင်းကစားကွင်းထဲက တိုင်တွေမှာ အကျဉ်းသားတွေကို ဇောက်ထိုးဆွဲ ချည်နှောင်ပြီး နှိပ်စက်တယ်။

နှိပ်စက်မှုတွေက ဘယ်လောက် လက်သံပြောင်သလဲဆိုတော့ စုစုပေါင်းအကျဉ်းသား တသောင်းခွဲလောက်ထဲမှာ ၇ ယောက်ကနေ ၁၂ ယောက်လောက်၌ဲ အသက်ရှင် ကျန်ခဲ့တာပါ။ ပညာဗဟုသုတ ရှာရမယ့် အထက်တန်းကျောင်း အသွင်ကနေ ပညာတတ်တွေကို နှိပ်စက်တဲ့ အကျဉ်းထောင်၊ အများပြည်သူကို နှိပ်စက်သတ်ဖြတ်တဲ့ အကျဉ်းထောင် ဖြစ်သွားခဲ့တာပါ။ မိဘတွေနဲ့ အတူ နိ့စို့အရွယ် ကလေးတွေ အပါအဝင် ကလေးတွေကိုပါ မိသားစုလိုက် ဖမ်းတာမျိုးပါ။ လူကြီးတွေကိုရော ကလေးတွေကိုရော Killing filed ဆီ ပို့ပြီး သတ်တာပါ။ အဲဒီ အကျဉ်းစခန်းက ကလေးအများစုပါ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ပိုပေါ့တို့ သတ်လိုက်တဲ့ လူဦးရေဟာ တနိုင်ငံလုံးရဲ့ လေးပုံတပုံခန့် (25 ရာခိုင်နှုန်းခန့်) ပါ။ မြင်သာအောင် ဥပမာ ပေးရရင် မြန်မာနိုင်ငံရဲ့ ခုချိန် လူဦးရေ လေးပုံတပုံဆို ၁၂ သန်းခွဲလောက်တောင် ရှိမှာပါ။ အဲဒီတုန်းက ပိုပေါ့တို့ သတ်ခဲ့တာက တသန်းခွဲ ကနေ နှစ်သန်းကျော်ကြား ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ လူဦးရေ ရှစ်သန်းလောက် ရှိခဲ့တယ်ဆိုတော့ ၂၅ ရာခိုင်နှုန်းက နှစ်သန်းပေါ့။
အထက်တန်းကျောင်းလေးကနေ နှိပ်စက်ညှဉ်းပန်းတဲ့ အကျဉ်းစခန်း ဖြစ်လာခဲ့သလိုပဲ၊ ကျောင်းဆရာ တယောက်ကလည်း လူ အစုလိုက် အပြုံလိုက် သတ်သူ ဖြစ်လာတာပါ။ အစောပိုင်းမှာတော့ ပိုပေါ့က ကြင်နာတတ်တဲ့ ကျောင်းဆရာ လို့ သူ့တပည့်ဟောင်း တချို့က ပြောခဲ့ကြတာပါ။

ပိုပေါ့တို့ အုပ်စုမှာ ထူးဆန်းတာ တခုက မင်းအောင်လှိုင်တို့နဲ့ နည်းနည်းကွာပါတယ်။ မင်းအောင်လှိုင်တို့ကတော့ အကျိုးစီးပွားသက်သက် အတွက်ပဲ။ ပိုပေါ့တို့မှာလည်း (အထူးသဖြင့် နောက်ပိုင်းမှာ) အကျိုးစီးပွား အတွက်တော့ ပါလာမှာပါ။ အစပိုင်းမှာတော့ ဝါဒအပေါ် သူတို့ရဲ့ အစွန်းရောက် အနက်အဓိပ္ပါယ်ကောက်ပြီး ဝါဒရူး ရူးတာက ပိုများခဲ့မယ် ထင်တယ်။ ဒီနေရာမှာ ပိုပေါ့ လုပ်ရပ်ဟာ မာ့က်စ်ဝါဒ၊ ကွန်မြူနစ် ဝါဒနဲ့တော့ တိုက်ရိုက် မဆိုင်ပါဘူး။ မာ့က်စ်က လူတွေ အစုလိုက် သတ်ဖို့ မပြောခဲ့သလို ကလေးတွေကိုလည်း မသတ်ခိုင်းခဲ့ပါဘူး။ ဝါဒအပေါ် သူတို့ရဲ့ အကောက်အယူလွဲမှု၊ အစွန်းရောက်မှုနဲ့ပဲ ဆိုင်ပါမယ်။ မင်းအောင်လှိုင်တို့နဲ့ ဘာကွာသလဲဆိုတော့ မင်းအောင်လှိုင်တို့က အိမ်ကျယ်ပါ။ သူတို့ကို ဒုက္ခပေးမယ့် တရုတ်တို့၊ အနောက်နိုင်ငံတို့ကို မတို့ထိ ရဲပါဘူး။ မသတ်ရဲပါဘူး။ ပိုပေါ့တို့ သတ်ခဲ့တဲ့ အထဲမှာကျ အဖြူတွေလည်း ပါတယ်။ ဗီယက်နမ်တွေလည်း ပါတယ်။ (ဒါပေမယ့် သတ်ခံရသူ အများစုကတော့ ကမ္ဘောဒီးယားတွေပါ။) သူတို့ကို ပြန်ဒုက္ခပေးနိုင်ပေမယ့် အယူအဆ ကြောင့် သတ်တာမျိုးတွေ ပိုပေါ့က လုပ်ခဲ့တယ်။ ဒီနေရာမှာ purity ဆိုတာကို ပြောချင်တယ်။ လူတိုင်းကို သူတို့နဲ့ အယူအဆ တထေရာတည်း တူရမယ်၊ မတူရင် သတ်ရမလို ဖြစ်သွားတာမျိုးပါ။ purity ဆိုတိုင်း မကောင်းဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ကိုယ့်စည်းထဲမှာ ကိုယ့်တကိုယ်စာ ကြိုက်သလောက် ဖြူစင်ပြီး တတ်နိုင်သမျှလိုက်နာတဲ့ ဘောင်မကျော်တဲ့ purity ဖြစ်တာမျိုးက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ နည်းနည်းကွဲတိုင်း ဒီကောင်တွေ ဖောက်ပြန်တယ်ဆိုပြီး လိုက်သတ်တာမျိုးပါ။ ဘာသာရေးမှာလည်း အဲလိုပဲ။ သူ့ဘာသာသူ ဘာသာရေး စည်းမျဉ်းတွေကို ဘယ်လောက်လိုက်နာနာ ဘယ်လောက် purity ဖြစ်ဖြစ် အရေးမကြီးဘူး။ အပြောနဲ့ အလုပ်ညီတယ်လို့တောင် ချီးကျူးရဦးမယ္။ ပိုပေါ့တို့လို ကွန်မြူနစ်ဆိုသူတွေလည်း တူတူပဲ။ ပြဿနာ ဖြစ်သွားတာက သူတို့နဲ့ နည်းနည်း မတူရုံ၊ သူတို့နဲ့ အယူအဆ မတူလို့ သူတို့လိုက်နာသလို မလိုက်နာရုံနဲ့ ဖောက်ပြန်သူဆိုပြီး လိုက်သတ်တာမျိုးတွေက အစွန်းရောက်တာပါ။ ဒီတော့ သန့်စင်ချင်ရင် ကိုယ့်ဘာသာ သန့်စင်အောင်နေ။ တခြားသူတွေကို အတင်းလိုက်ပြီး မသန့်စင်ခိုင်း၊ ကွန်မြူနစ်ဝါဒကိုဖြစ်ဖြစ် ဘယ်ဘာသာကိုဖြစ်ဖြစ် အတင်းလိုက်ယုံကြည်ခိုင်းစရာမါလို၊ အတင်းလိုက် ရန်ရှာစရာ မလိုပါ။ သတ်တာကတော့ ပိုဆိုးတာပေါ့။

ပိုပေါ့ဟာ ပြင်သစ်မှာ ရေဒီယို အီလက်ထရွန်းနစ်ပညာကို သွားသင်ရင်းနဲ့ ဟိုမှာ အဲဒီ စက်မှုပညာသင်ကြားရေးကို စွန့်လွှတ်ပြီး ကွန်မြူနစ် ဝါဒကို ဆည်းပူးခဲ့တာပါ။ သူတင်မကပါဘူး။ သူ့အဖွဲ့ထဲက ခေါင်းဆောင်တွေဟာ ပြင်သစ် ကွန်မြူနစ်ပါတီ ဆီမှာ ပညာသင်ခဲ့ကြတဲ့ ပညာတတ်တွေပါ။ Ieng Sary ဆိုရင်လည်း ၁၉၅၀ ကျော်မှာ ပြင်သစ်မှာ ပညာသွားသင်ရင်း ပြင်သစ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင် ဖြစ်ခဲ့သူပါ။ Khieu Samphan ဆိုတဲ့သူ ဆိုရင်လည်း University of Paris ကနေ စီးပွားရေးပညာနဲ့ ဒေါက်တာဘွဲ့ ရခဲ့တဲ့သူပါ။ Son Sen ဆိုရင်လည်း ၁၉၅၀ ကျော်မှာ ပြင်သစ်မှာ ကျောင်းသွားတက်ရင် ပြင်သစ်ကွန်မြူနစ်ပါတီ ရဲ့ ဩဇာလွှမ်းမိုးမှု ခံရသူပါ။

Kang Kek Iew ဆိုတဲ့ သင်္ချာဆရာလေးကတော့ ရက်စက်တဲ့ ထောင်မှုးတယောက် ဖြစ်လာပါတယ်။ သူက ကျောင်းသားဘဝမှာလည်း စာအရမ်းတော်ပါတယ်။ အထက်တန်းကို တနိုင်ငံလုံး ဒုတိယနဲ့ အောင်လာခဲ့သူပါ။ သူကတော့ ပြင်သစ်မှာ ပညာသင်ခဲ့သူ မဟုတ်ပါ။

အဲလို ပြင်သစ်မှာ ပညာသွင်းသင်ခဲ့သူတွေ၊ ပညာတတ်တွေက ဦးဆောင်ကြတဲ့ စနစ်အောက်မှာ လူဦးရေ လေးပုံတပုံအထိ သတ်ခဲ့တာက အံ့အားသင့်စရာတော့ ကောင်းပါတယ်။ ဝါဒကို ကျင့်သုံးတာ မဟုတ်ဘဲ တလွဲ အဓိပွပါယ်ကောက်ပြီး tolerance လုံးဝ မရှိ၊ အယူအဆ အလွန်အကျွံ သန့်စင်ရေးကိုပဲ ဦးစားပေးခဲ့ပြီး ဝါဒရူး ရူးသွားးသလို ဖြစ်ခဲ့လို့ပါ။ ဒါကြောင့် သူတို့ ပြန်ဒုက္ခရောက်စေမယ့် သူတွေကိုလည်း သတ်တယ်။ ကမ္ဘောဒီးယားနိုင်ငံထဲက ဗီယက်နမ်တွေကို သတ်ခဲ့တာပါ။

ကမ္ဘောဒီးယားမှာ လူဥ◌ီးရေ လေးပုံတပုံလောက် သတ်နေတာကို.... စစ်အေးတိုက်ပွဲမှာ နစ်မြောနေတဲ့ ကမ္ဘာကြီးက မဟန့်တားနိုင်ခဲ့ပါဘူး။ ဗီယက်နမ်တွေ အများကြီး အသတ်ခံရလို့ ဗီယက်နမ်တပ်က ဝင်လာမှ ပိုပေါ့တို့ ပြုတ်ကျသွားပြီး လူသတ်ပွဲ ရပ်သွားတာပါ။ (အဲဒီ တချက်တည်းကြောင့်လို့တော့ ပြောလို့ ရချင်မှ ရမှာပေါ့။) အစပိုင်းမှာတော့ ကမ္ဘောဒီးဘား ပြည်သူတွေကို ဗီယက်နမ်တပ်ကို ကျေးဇူးတင်ကြပါတယ္။ သူတို့ဝင်လာလို့ ကမ္ဘာ့ ရာခိုင်နှုန်းအကြီးဆုံး လူသတ်ပွဲကြီးတွေထဲက တခု ပြီးသွားတာပါ။ နောက်ပိုင်းတော့လည်း ဗီယက်နမ်တပ်ကလည်း ကမ္ယောဒီးယား ပြည်သူတွေကို ဖိနှိပ်သလိုတွေ ရှိတာမို့ ပြည်သူတွေက မကြိုက်ကြတော့ပါ။

ပိုပေါ့ဟာ ပြုတ်ပြုတ်ချင်း ဒုက္ခမရောက်သွားပါဘူး။ အမေရိကန်တွေဟာ ကွန်မြူနစ်စနစ်ကို မုန်းတယ်ဆိုပေမယ့် နိုင်ငံကြီးတွေရဲံ ဝါဒတွေက ဟန်ပြသက်သက်ပါ။ ဗီယက်နမ်နဲ့ မတည့်တဲ့ အမေရိကန်ဟာ ပိုပေါ့ကို ပြန်ပြီး စင်တင်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီတုန်းက ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ တရုတ်ကလည်း ဗီယက်နမ်နဲ့ သိပ်မတည့်တော့ သူလည်း ပိုပေါ့ကို ပြန်စင်တင်ပေးဖို့ ကြိုးစားခဲ့တဲ့ အထဲမှာ ပါပါတယ်။ နိုင်ငံရေးမှာ ထာတရ မိတ်ဆွေတွေ၊ ထာဝရ ရန်သူတွေ မရှိတဲ့အပြင် အကျိုးစီးပွား ပါလာရင်၊ ရန်သူရဲ့ ရန်သူက မိတ်ဆွေဖြစ်လာတဲ့ ပုံစံမျိုးပါ။ ပိုပေါ့ကိုယ်တိုင်လည်း အစပိုင်းမှာတော့ ဝါဒရူးတာ ဆိုပေမယ့် နောက်ပိုင်းမှာတော့ အကျိုးစီးပွား ပါလာပါတယ်။

ပိုပေါ့တို့ အုပ်စုဟာ ပညာတတ် တော်လှန်ရေး သမားတွေပါ။ ပညာတတ်တွေ ကျောင်းဆရာတွေဆိုပေမယ့် ကွန်မြူနစ်ဝါဒကို သူတို့နည်း သူတို့ဟန်နဲ့ အဓိပ္ပါယ်ဖွင့်ပြီး ဝါဒရေးရာ အစွန်းရောက်လွန်းပြီး tolerance လုံးဝ မရှိတဲ့ အခါမှာ ကမ္ဘာ့ အဆိုးဆုံးတွေထဲက လူသတ်ပွဲကြီး တခုကို ကျူးလွန်မိကြ ပါတော့တယ်။ အဓိက ပြဿနာက ဝါဒမဟုတ်ဘဲ
ဝါဒကို အလွန်အကျွံ သန့်စင်စေချင်တဲ့ စိတ်နဲ့ တခြားသူတွေကို ဇွတ်အတင်း အကြမ်းဖက်ပြီး လိုက်ညှိချင်တဲ့ အခါမှာ လူသားဆန်မှု ပျောက်ဆုံးသွားခဲ့တာပါ။

ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ တခြားရက်စက်တဲ့ ဓာတ်ပုံတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် သင်္ချာသင်ပုန်း ပုံလေးကိုပဲ သုံးလိုက်ပါရစေ။

(ကောင်းကင်ကို)

သင်္ချာချစ်သူ + Mental Math (ရေးသားခဲ့သော ခုနှစ် -- ၂၀၁၉)လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ကြီးကို ကျွန်တော် ရက်ပိုင်းလောက် ...
22/01/2026

သင်္ချာချစ်သူ + Mental Math (ရေးသားခဲ့သော ခုနှစ် -- ၂၀၁၉)

လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ကြီးကို ကျွန်တော် ရက်ပိုင်းလောက် ပြန်ဖြစ်တော့၊ တောင်ကြီးကနေ ဘန်ကောက်ကို ကျွန်တော်ပြန်ယူလာဖြစ်တဲ့ စာအုပ်ဆယ်အုပ်လောက်ထဲက တစ်အုပ်က ဆရာ လွဏ်းမောင် ရေးတဲ့ “သင်္ချာ ဘုရင်မ” ဆိုတဲ့စာအုပ်။

ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ ပညာရပ်တစ်ခုခုကို လေ့လာတဲ့သူဆိုရင် ကျွန်တော်က အရမ်းသဘောကျတာ။ လုပ်စားဖို့လည်းမဟုတ်။ ငွေအတွက်လည်း မဟုတ်။ ပညာရပ်တစ်ခုခု၊ ဒါမှမဟုတ် အနုပညာရပ်တစ်ခုခုကို မြတ်နိုးမှှုနဲ့ ဘိန်းစွဲသလို စွဲနေတာမျိုး။ ပညာရပ်တို့ အနုပညာတို့ကို တကယ့်ချစ်သူလို သဘောထားတာမျိုးပေါ့။ ကိုယ်သာ အဲသလိုမဟုတ်တာ။ 😃

အဲဒီ သင်္ချာဘုရင်မထဲက အမှာစာမှာ ဦးမြင့်ဟန်က ဆရာလွဏ်းမောင်အကြောင်း ရေးထားတာကိုပါ ကြွေသွားတာ။ တစ်ရက် ဆရာလွဏ်းမောင်က မီးခံသေတ္တာတစ်လုံး ဝယ်သတဲ့။ စိန်တွေ၊ ရွှေတွေ ထည့်စရာမရှိဘဲ ဘာလုပ်ဖို့ ဝယ်လဲဆိုတော့ စိန်တွေ၊ရွှေတွေထက် အဖိုးတန်တဲ့ ပစ္စည်းတွေ ထည့်ဖို့တဲ့။ သင်္ချာစာအုပ်တွေ ထည့်ဖို့လေ။

အာခီမီးဒီးစ် ဆိုလည်း ကြည့်ပါလား။ သူ့ကို လာသတ်တဲ့အချိန် သူပြောခဲ့တဲ့ နောက်ဆုံးစကားက “ငါ့ရဲ့ စက်ဝိုင်းတွေကို မနှောင့်ယှက်ပါနဲ့” တဲ့။ (တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်တို့ မသိနိုင်ဘူးပေါ့။)

ကျွန်တော်ကတော့ သင်္ချာရူးမဟုတ်ပါဘူး။ ဒါပေမဲ့ ဝါသနာတော့ ပါတယ်။ သင်္ချာနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်းပဲ။ ကျွန်တော် စိတ်ညစ်တဲ့အခါ၊ စိတ်ဂယောက်ဂယက် ဖြစ်တဲ့အခါမျိုးမှာဆို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ သင်္ချာသမထ ဆိုတာ လုပ်ထားတယ်။ ဘာသာရေး သမထလိုမျိုး ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် စိတ်အတန်အသင့်ငြိမ်သွားမယ့် နည်းပေါ့။ စိတ်မြင့်မြတ်အောင် လုပ်တဲ့ ခမ်းနားတဲ့ ကြီးကြီးကျယ်ကျယ် နည်းမျိုးမဟုတ်။ ကျွန်တော့်ဘာသာ အဆင်ပြေရုံ။ နည်းက ဘယ်လိုလဲဆိုတော့ လမ်းလျှောက်ရင်း ပထမ ခြေအလှမ်းမှာ random ကိန်းတစ်ခုကို စိတ်ထဲက ထုတ်လိုက်တယ်။ ဥပမာ ၆၂ ဆိုပါတော့။ ပြီးရင် ဒုတိယ ခြေအလှမ်းမှာ အဲဒါကို ၁၁ နဲ့ မြှောက်တာကို စိတ်တွက်နဲ့ အဖြေထုတ်တယ်။ ၆၈၂ ပေါ့။ အဲဒီကျတော့ အာရုံလစ်ဟင်းလို့ မရတော့ဘူးလေ။ မူလက စိတ်ညစ်တဲ့အတွေးတွေ ပျောက်သွားရော။ သာမန် ခြေလှမ်းတွေကို တစ်၊နှစ်၊သုံးးလေး ရေတွက်ရုံက တကယ် စိတ်ပျံ့လွင့်တဲ့အခါဆို မရဘူး။ မှန်မှန်ကန်ကန် ရေတွက်နေရင်း တန်းလန်းကနေ စိတ်က multitasking လုပ်ပြီး တခြားဟာတွေ ဟိုတွေး ဒီတွေးနဲ့ ပျံလွင့်နိုင်တယ်။ ၁၁ နဲ့ မြှောက်တာကျတော့ ပျံ့လွင့်လို့ မရဘူးလေ။ (ဒါပေမယ့် သမထလိုမျိုးတော့ ဦးနှောက်တော့ အနားသိပ်မရဘူး။ ဈာန်နည်းနည်းဝင်လာသလိုတော့ ဖြစ်တယ်)

ဒါဆို ဘာလို့ ၁၁ နဲ့ မြှောက်တာလဲလို့ မေးမယ်။ အဲဒီစိတ်ကူးရတာက သင်္ချာမှာ ထရက်ချ်တန်ဘာ့ဂ်ထွင်ထားတဲ့ နည်းစနစ်အကြောင်း ဖတ်ဖူးတယ်။ အဲဒီလူအကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ နောက်မှ သီးသန့်ရေးဦးမယ်။ သူရဲ့ အမြန်မြှောက်နည်းစနစ်တွေ။ ဒါပေမဲ့ ကျွန်တော်က သူ့နည်းစနစ်သုံးပြီး မြှောက်တာမဟုတ်။ သူ့နည်းသုံးရင်က မြန်တယ်ဆိုပေမဲ့ ချရေးထားမှ အဆင်ပြေမှာ။ တစ်ကနေ တစ်ရာအတွင်းကို ၁၁ နဲ့ မြှောက်တာက ကျွန်တော့်အတွက်ဆို စိတ်နဲ့ တိုက်ရိုက်တွက်လိုက်လို့ရတယ်။ သူ့နည်းစနစ်ကိုက ဂဏန်းတအားကြီးမှပဲ ကျွန်တော်သုံးဖို့လိုမယ်။ ၁၁ နဲ့ မြှောက်တာကို သာမန်အချိန်မှာ မလုပ်ဘဲ ကျွန်တော်က စိတ်ငြိမ်ချင်တဲ့အချိန်ကျမှ လမ်းလျှောက်ရင်း လုပ်လိုက်တာ။ လမ်းမလျှောက်တဲ့အချိန်ဆိုလည်း အသက်ရှူသွင်းချိန်မှာ ကိန်းဂဏန်းတစ်ခု random စိတ်နဲ့ ထုတ်၊ ပြန်ရှူထုတ်ချိန်မှာ ၁၁ နဲ့ မြှောက်တာကို လုပ်လေ့ရှိတယ်။ ဒီအတိုင်းပဲဆို မှတ်နေတဲ့ကြားကနေ စိတ်က ပျံ့လွင့်သွားသေးတာကိုး။ ထရက်ချ်တန်ဘာ့ဂ်ရဲ့ နည်းကိုတော့ စာရွက်ပေါ်မှာ ရေးပြီး ဓာတ်ပုံရိုက်တင်ပေးမယ်။ ကိန်းဂဏန်းတအားကြိးလာရင် အဲဒီနည်းသုံးရမှာ။ ဒါပေမဲ့ အဲဒီနည်းက မြန်တယ်ဆိုပေမဲ့ စိတ်တွက်သက်သက်မဟုတ်ဘဲ ချရေးမှတ်ဖို့တော့ လိုမယ်။ (အဲဒီ တွက်နည်းကို သိဖို့ ပုံကိုကြည့်ပါ။)

လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ ဘဏ်ကအပြန် ဂဏန်းတွေကို ၁၁ နဲ့ မြှောက်လာရင်းနဲ့ ကိုယ့်ဟာကိုယ် ထူးခြားမှှု တစ်ခု ရှာဖွေတွေ့ရှိလို့ ပျော်သွားသေးတယ်။ အသက်ကြီးလာတော့ သင်္ချာဉာဏ်ရည် ကျလာမှာဆိုပြီး ကိုယ့်ဟာကိုယ် ထင်နေချိန်ကိုး။ ကျွန်တော်တွေ့လာတာက ၉၄ ကို ၁၁ နဲ့ မြှောက်ရင် ရှေ့မှာ ၁၀ ကို ချရေးလိုက် နောက်ကတော့ ၃၄ ပဲ။ ၉၅ ဆိုရင် ၁၀၄၅ ပေါ့။ အဲဒါက ထရက်ချ်တန်ဘာ့ဂ်ရဲ့ နည်းမဟုတ်ဘူး။ သူ့နည်းမှာ မပါဘူး။ ဘာလို့ ကိန်းဂဏန်းတွေက အဲလိုဖြစ်သွားသလဲလို့ တွေးကြည့်တော့ ဥပမာ ၉၄ ဆိုပါတော့။ ၄ ကို ၁၁ နဲ့ မြှောက်ရင် ၄၄ ဖြစ်ရမှာဆိုပေမဲ့ ရှေ့မှာ တစ်ထောင်ဖြစ်အောင် ၁၀ ပေးလိုက်ရတဲ့အတွက် ၃၄ ဖြစ်သွားတာ။ ရှေ့မှာတော့ ၁၀၀၀ ဖြစ်သွားမယ်။ ဒီတော့ ၉၄ ဆို ၁၀၃၄။ ၉၅ ဆို ၁၀၄၅။ ၉၆ ဆို ၁၀၅၆ ပေါ့။ ၉၁ ဆိုရင် ၁၀၀၁ ပေါ့။ မမိုက်ဘူးလား။ ဒါဆိုရင် ၈ နဲ့ စတဲ့ ကိန်းကို ၁၁ နဲ့ မြှောက်မယ် ဆိုရင်ရော။ အဲဒါဆိုရင်လည်း pattern ရှိတာကို ကျွန်တော်သတိထားမိတယ်။ ၈၇ ဆိုရင် ၉၅၇။ (ရှေ့မှာ တစ်ထောင်မဟုတ်တော့ဘဲ ကိုးရာဖြစ်သွားမယ်နော်။ တစ်ခုပဲ ပိုကြီးမှာ။ ၇ အတွက်ကလည်း ၉ နဲ့ စတဲ့ကိန်းလို ၆၇ မဟုတ်တော့ဘဲ ၅၇ ဖြစ်သွားတယ်။ ၈၆ ဆိုရင်တော့ ၉၄၆ ဖြစ်လိမ့်မယ်။ ၈ ကို တစ်ခုတိုးတော့ ကိုး။ ၆ ကကျ ၅၆ မဟုတ်တော့ဘဲ ၄၆ ဖြစ်သွားမယ်။ ဘာလို့ နှစ်ခုကွာသွားလဲ ဆိုတာကို ကျွန်တော်တွေးကြည့်တယ်။ ၈၀ ကို ၁၁ နဲ့ မြှောက်ရင် ၈၈၀ ရမယ်လေ။ ဒီတော့ ၉၀၀ ပြည့်ဖို့အတွက် ၂၀ ဖြည့်ပေးရလို့ အဲလို ကိန်းနှစ်ခု ကွာသွားတာ)။ အသက်နည်းနည်းကြီးလာမှ တွေ့တယ်ဆိုတော့ ကျွန်တော် ပျော်သွားတာပေါ့။

တခါကလည်း ကွန်ပျူတာ သမားတစ်ယောက်ကို ၂ … ၁၆ ထပ်က 64K လို့။ ၂ ...၁၇ ထပ်က 128K လို့ ချက်ခြင်း လက်တန်းပြောတော့ သူက မယုံ။ ၁၆ ထပ်ကို သူက calculator နဲ့ မြှောက်ကြည့်တယ်။ အမယ်။ ပြိးတော့ သူက ပြန်ပြောတယ်။ နည်းနည်းလေးပဲ လွဲတာ၊ နီးစပ်တယ်တဲ့။ ၂...၁၆ ထပ်က 65536 တဲ့။ 65K တဲ့။ ကျွန်တော်က မခံဘူး။ နီးစပ်တာ မဟုတ်ဘူး။ အတိအကျကို မှန်တာလို့။ ကွန်ပျူတာ နည်းပညာမှာ 1K က တစ်ထောင်မဟုတ်ဘူးလေ။ 1K ဆိုတာ ၁၀၂၄။ ၁၀၂၄ နဲ့ ၆၄ မြှောက်ကြည့်ရင် ၆၅၅၃၆ ရမှာပဲလို့။ သူမြှောက်ကြည့်လိုက်တော့ ဟုတ်နေတယ်။ ၂….၂၆ ထပ်ဆိုရင် 64M ရမှာပဲ။ ကျွန်တော့်နည်းက ဒီလို။ ၂ --၁၀ထပ်ဆို ၁၀၂၄ က 1K မဟုတ်လား။ ထိပ်ကိန်းတွေ မြှောက်ရင် ပါဝါချင်းပေါင်းရတာလေ။ ဒီတော့ ၂...၁၆ ထပ်ဆိုတာ ၂….ခြောက်ထပ် နဲ့ ၂….၁၀ထပ် (1024 ဒါမှမဟုတ် 1K) မြှောက်ထားတာဆိုတော့ အဖြေကို လွယ်လွယ်လေး ပြောနိုင်တာ။ 8, 16, 32, 64, 128, 256, 512 စသည်ဖြင့် မှတ်မိနေတာကျ အလွတ်ကျက်ထားတာတော့ မဟုတ်။ စိတ်တွက်မြန်တော့ နှစ်ဆတိုးတာတွေကို စိတ်မှာ အမြန်တွက်နိုင်ရင်းနဲ့ နောက်ပိုင်းကျ အလွတ်မှတ်မိသလို ဖြစ်သွားတာ။

အဲလို စိတ်တွက်မြန်တာကလည်း ငယ်ငယ်တုန်းက အကျင့်၊ ငယ်ငယ်တုန်းက သင်္ချာကို အလိုလို ရူးသွပ်မှှုကြောင့်ဖြစ်မယ်။ ကျွန်တော်တို့ ခေတ်က စမတ်ဖုန်းတွေ၊ အင်တာနက်တွေ မရှိ။ အရုပ်တွေ ဘာတွေဆိုတာလည်း ရှားတယ်။ အမေတို့က ကလေးကို အလိုသိပ်လိုက်လေ့မရှိ။ ဒီတော့ ကျွန်တော်က ဆေးဗူးခွံတွေ၊ ပေါင်ဒါဗူးခွံတွေ၊ ကတ်ပုံးတွေ၊ ပျဉ်ပြားတုံး သေးသေးလေးတွေကို လူအဖြစ် သဘောထားပြီး ကစားလေ့ရှိတယ်။ သုံးတန်းလောက်အထိ ဖြစ်မယ်ထင်တယ်။ ကျွန်တော်က ငယ်ငယ်က ကျောင်းဆရာလုပ်တာကို ဝါသနာပါပုံပဲ။ ကစားတဲ့နည်းတစ်ခုက ခုနက ဗူးခွံတွေ၊ တိုလီမိုလီတွေကို လူအဖြစ် စိတ်ကူး။ (ကျောင်းသားအဖြစ် စိတ်ကူး)။ ပြီးတော့ စာအုပ်အထူတွေကို လှန်တယ်။ လှန်လိုက်လို့ စာမျက်နှာ ၃၇ ရတယ် ဆိုပါတော့။ အဲဒီကျောင်းသားရဲ့ အမှတ်ကို ၇၃ လို့ လုပ်လိုက်တာ။ ၄၁ ရရင်တော့ ၁၄ မှတ်မို့ အဲဒီ ပေါင်ဒါဗူးခွံ စာမေးပွဲကျပြီ။ ဒဲ့မယူတာက ဒဲ့ယူရင် များများပဲ လှန်ပြီး အကုန်အမှတ်ကောင်းကုန်မှာပေါ့။ ပြီးရင် ခြောက်ဘာသာဆို ခြောက်ဘာသာ ရမှတ်တွေပေါင်း။ အဲဒီမှာ စာအုပ်လှန်တာက random ဖြစ်နေတော့ သဘာဝ မကျတဲ့အချက်ကို သွားတွေ့ရော။ တစ်ဘာသာမှာ ၁၉ ဆိုပြီး ၉၁ မှတ် ရနေတဲ့ ကျောင်းသားက နောက်တစ်ဘာသာ ဒါမျမဟုတ် နောက်ထပ် လပတ်စာမေးပွဲမှာကျ ၇၁ ဖြစ်ပြီး ၁၇ မှတ်နဲ့ ကျနေရော။ ဒီတော့ ပြင်ပမှာ အဲဒါမျှိုး သိပ်မရှိဘူးလေ။ တော်တဲ့ကောင်ကလည်း တောက်လျှောက်တော်တတ်တာမျိုး။ စာလုပ်တဲ့ကောင်က တောက်လျှောက်လုပ်တာမျိုးဆိုတော့ နောက်တစ်မျိုးကြံရတယ်။ အဲဒီအမှတ်တွေကို ၂ နဲ့ ပြန်စားတယ်။ ပြီးရင် တော်တဲ့ကောင်လို့ သတ်မှတ်ထားတဲ့ ပေါင်ဒါဗူးခွံဆို ၄၅ မှတ် ထပ်ပေါင်းပေးလိုက်တယ်။ ညံ့တယ်လို့ သတ်မျတ်ထားတဲ့ကောင်ဆို ၃၀ မှတ်က နေ ၁၀ အတွင်း အသီးသီး သတ်မှတ်ပြီး ပေါင်းပေးလိုက်တယ်။ စာအုပ်လှန်တာကို ၅၀ ဖိုးပဲ ယူပြီး၊ ကျန်တဲ့ ၅၀ ဖိုးအတွက်တော့ ပုံသေ သတ်မှတ်ပေးလိုကတော့ ယုတ္တိရှိရှိ ကစားလို့ ရသွားရော။ အဲဒီ အမှတ်တွေကိ မပျင်းမရိ လျှောက်ပေါင်းရင်းနဲ့ စိတ်တွက်မြန်လာတာ ထင်တာပဲ။ ခေတ်က အရုပ်တွေ၊ စမတ်ဖုန်းတွေ ဂိမ်းတွေမရှိတဲ့ခေတ်ဆိုတော့ အဲလိုပဲ ကြံဖန်ဆော့ရတာပေါ့။

ကောင်းကင်ကို (၂၀၁၉ ခုနှစ်တွင် ရေးခဲ့သည်)

ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့က ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟောကင်းရဲ့ မွေးနေ့ပါ။ ၂၀၁၉ ခုနှစ်က ကျနော် ရေးသားခဲ့ပြီး ဝိုင်းမ...
08/01/2026

ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့က ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟောကင်းရဲ့ မွေးနေ့ပါ။ ၂၀၁၉ ခုနှစ်က ကျနော် ရေးသားခဲ့ပြီး ဝိုင်းမော် စာအုပ်တိုက်ကနေ ထုတ်ဝေခဲ့တဲ့ မေးခွန်းကြီးများအတွက် စတီဖင်ဟောကင်းရဲ့ အဖြေ စာအုပ် နောက်ကျောဖုံးက ဘာသာပြန်စာသားကို ဖော်ပြလိုက်ပါတယ်။ နောက်ဆုံးစာပိုဒ်လေးက လူ့လောကမှာ ချစ်ခြင်းမေတ္တာက အနှစ်သာရ အရှိဆုံး ဖြစ်ကြောင်း ဟောကင်းက ပြောထားခဲ့ပါတယ်။

ဒီဂြိုဟ်ကမ္ဘာပေါ်မှာ ကျနော်ဟာ ထူးခြားလှတဲ့ ဘဝတခုကို နေထိုင်နေခဲ့တာပါ။ တချိန်တည်းမှာပဲ ကျွန်တော့်ရဲ့စိတ်နဲ့ ရူပဗေဒဥပဒေတွေကို အသုံးပြုပြီး စကြာဝဠာအနှံ့ ခရီးသွားနေခဲ့တာပါ။ ကျနော်တို့ဂလက်စီထဲမှာလည်း ကျနော်ဟာ (ကျနော့်ရဲ့ စိတ်ဟာ) အဝေးဆုံးနေရာတွေကို ရောက်ခဲ့ပါတယ်။ ပြီးတော့ ဘလက်ဟိုးတခုထဲကိုလည်း သွားခဲ့သလို၊ အချိန်ရဲ့အစကိုလည်း ပြန်သွားခဲ့ပါတယ်။ ကမ္ဘာမြေပေါ်မှာလည်း ကျနော်ဟာ အနိမ့်အမြင့်တွေ၊ လောကဓံလှိုင်းတံပိုးနဲ့ ငြိမ်းချမ်းမှုတွေ၊ အောင်မြင်မှုနဲ့ ထင်ရှားမှုတွေကို ကြုံခဲ့ပါတယ်။ ကျနော်ဟာ ချမ်းသာခဲ့သလို ဆင်းရဲခဲ့ပါတယ်။ စွမ်းဆောင်နိုင်တဲ့ ခန္ဓာကိုယ်တခုဖြစ်သလို မသန်စွမ်းသူလည်း ဖြစ်ပါတယ်။ ချီးကျူးခံရသလို အဝေဖန်လည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ လျစ်လျူရှု မခံခဲ့ရပါဘူး။ စကြာဝဠာအကြောင်း ကျနော်တို့ ပိုပြီး သိရှိနားလည်လာရေးမှာ ကျွန်တော့်ရဲ့အလုပ်တွေက တဆင့် ကျနော် ပါဝင်နိုင်ခဲ့ခြင်းကလည်း ကြီးမားတဲ့အခွင့်ထူး တခုပါ။

“ဒါပေမယ့် အဲဒါတွေဟာ ကျနော်ချစ်ရသူတွေ၊ ကျနော့်ကို ချစ်ကြသူတွေအတွက်သာ မဟုတ်ဘူး ဆိုရင်တော့ တကယ်ကို အနှစ်သာရမဲ့တဲ့ စကြာဝဠာကြီး ဖြစ်နေမှာပါ။ သူတို့တွေသာ မရှိဘူးဆိုရင် စကြာဝဠာကြီးရဲ့ အံ့သြစရာ အားလုံးဟာ ကျွန်တော့်အတွက် အနှစ်သာရမဲ့နေမှာပါ။”

(စတီဖင်ဟောကင်း)

ที่อยู่

PK Mansion, Sanphranet, San Sai
Chiang Mai
50210

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ WOW-Whispers of Observer's Wisdomผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์