11/06/2026
Probability, ကမ္ဘာ့ဖလား နဲ့ ဟောကိန်းရှင်လေး ရေဘဝဲ Paul (၂၀၁၃ ခုနှစ်က ရေးခဲ့တာ။ ဇော်ဂျီဖောင့်ကနေ ယူနီကုတ် ပြောင်းထားတာ )
Program တစ်ခုရေးပြီး 1 ကနေ တစ်သန်း အထိ ကဏန်း တခုကို random ခေါက်လိုက်မယ်။ ဘယ်ကဏန်းပဲကျကျ တော်ရုံတန်ရုံ အံ့သြကြမှာ မဟုတ်ပါဘူး။ 111111 လိုမျိုး 123456 လိုမျိုး ကဏန်းကျရင်တော့ နည်းနည်း အံသြချင် အံ့သြမယ်။ ထားတော့။
အိပ်မက်တခု မက်တယ်။ “ဟေ့ကောင်၊ မင်းအိပ်မက်ထဲက အတိုင်းဖြစ်လား” လို့ မေးရင် မဖြစ်ဘူး။ နောက်တယောက်ကို မေးရင်လည်း မဖြစ်ဘူး။ နောက်တယောက်လည်း မဖြစ်ဘူး။ ထူးထူးဆန်းဆန်း တယောက်က အိပ်မက်ထဲက အတိုင်း အပြင်မှာပါ လိုက်ဖြစ်တယ်ဆိုပါဆို့။ ဖြစ်နိုင်ချေကို သချာၤနည်းနဲ့ ဥပမာပေးပြီး တွက်ပြရလွယ်အောင် အိပ်မက်အတိုင်း ဖြစ်လာစရာ အဖြစ်အပျက်က ၁ ခု ရှိနေပြီး အိပ်မက်အတိုင်း မဟုတ်တဲ့အဖြစ်အပျက်က ၉၉ ခု ရှိတယ်ဆိုပါစို့။ ဒါဆိုရင် လူအယောက်တရာမှာ တယောက်က အိပ်မက် အတိုင်းဖြစ်တော့မယ်။ လူတသန်းရှိရင် အယောက် တသောင်းက အိပ်မက် အတိုင်းဖြစ်တော့မယ်။ အဲဒီ့လူတသောင်းစုမိသွားရင်၊ သူတို့ရဲ့ အသံတွေ စုမိသွားရင် အိပ်မက်အတိုင်း ဖြစ်တယ်ဆိုတဲ့ အယူအဆတွေ ထွက်လာတော့မယ်။ ဟို လူပေါင်း ကိုးသိန်းကိုးသောင်းက အိပ်မက်အတိုင်း မဖြစ်တာကိုကျတော့ မမြင်ကြတော့ဘူး။ ထူးဆန်းတာ ထူးခြားတာက လူ့စိတ်ကို ထိခိုက်လွယ်တယ်လေ။
လူဆိုတာ ဖြစ်လာရင် ကားတိုက်သေမယ်၊ မိုးကြိုးပစ်သေမယ်၊ ရောဂါနဲ့သေမယ် အဲလိုဖြစ်နိုင်ချေတွေ ရှိနေမှာပဲ။ percentage အရ ဥပမာ လူဆယ်သန်းမှာ တယောက် မိုးကြိုး ပစ်ခံရလို့ သေမယ်ဆိုပါစို့။ လူပေါင်းသန်းခြောက်ထောင် ပြီးတော့ သမိုင်းနဲ့ချီပြီး ကြည့်လိုက်ရင် မိုးကြိုးပစ်ခံရလို့ သေတဲ့လူလည်း နည်းမှာ မဟုတ်ပါဘူး။ မိုးကြိုးပစ်ခံရပြီး သေတဲ့ လူကလည်း လူဆိုတော့ လူပီပီ ကောင်းတာရော မကောင်းတာရော လုပ်ခဲ့လိမ့်မယ်။ အဲဒီ့တော့ အဲဒီ့လူ မကောင်းတာလုပ်ခဲ့တာ တခုခုနဲ့ ချိတ်ပြီးတွေးလိုက်ကြရော။ အဲဒါနဲ့ ဒါလုပ်ရင် မိုးကြိုးပစ်ခံရတယ် ဆိုတဲ့ အယူအဆတွေ ပေါ်လာတော့တာပဲ။ တကယ်က သူ့လိုပဲ နည်းတူ လုပ်ပြီး ဘာမှမဖြစ်တဲ့သူတွေ အများကြီး ရှိတာကိုတော့ လျစ်လျူ ရှုထားကြတယ်လေ။
အိပ်မက်ကိစ္စတွေ အကြားအမြင် ကိစ္စတွေကို ပြန်တွေးကြည့်ရင် အိပ်မက်အတိုင်း မဖြစ်တာ၊ အကြားအမြင်တွေ မှားတာ တွေက များပေမယ့် တခုလေး မှန်ရင်ပဲ လူတွေက တန်းတန်းစွဲ လုပ်ကြ၊ တအံ့တသြ လုပ်ကြတာကိုး။ မှားတဲ့ အရာတွေကိုတော့ မေ့နေကြတယ်။ ဒီလိုပဲ ပရိတ်ရွတ်လို့ ဘေးကင်းတယ်၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ အလိုပြည့်သွားတယ်၊ ဂါထာရွတ်လို့မီးကွင်းသွားတယ်ဆိုတာက သူ့ဘာသာသူ random နံပါတ် ထဲက ကဏန်းတခု ကျသလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာမျိုးပါ။ အခေါက်တိုင်း ရာနှှုန်းပြည့် ပရိတ်ရွတ်လို့ ဘေးကင်း၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ ဆုတောင်းပြည့်၊ ဂါထာရွတ်လို့ မီးကွင်းသွားမှသာ အမှန်တရားလို့ ပြောလို့ ရမှာပေါ့။ မှားတဲ့ ၉၉ ရာခိုင်နှှုန်းကို လျစ်လျူရှှုပြီး မှန်တဲ့ တစ်ရာခိုင်နှှုန်းကိုပဲ စိတ်ဝင်စားပြီး အမှတ်ပြည့်ပေးရင်တော့ အမြဲတမ်း အမှတ်တရာ အပြည့် ပေးနေရတော့မှာပေါ့။
ကမ္ဘာ့ဖလားမှာ ရေဘဝဲက ဆက်တိုက်မှန်သွားတယ်ဆိုတာ၊ တချို့လူတွေ ရှေ့ဖြစ်ဟောတာ မှန်သွားတယ်ဆိုတာကလည်း ကဏန်းတွေ random ခေါက်တာ 1111111 ကဏန်းကို တိုက်တိုက်ဆိုင်ဆိုင် ကျသလိုပဲ သူတို့လည်း probability တခုအရ မှန်သွားနိုင်တာပဲလေ။ မှန်တိုင်း ကိုးကွယ်ရတော့မှာလား။
တကယ်ဆို အဲလို တဖွဖွ အထူးအဆန်းလုပ်ပြောနေကတည်းက အဲဒါက အမှန်တရား မဟုတ်ဘူးဆိုတာကို ပြနေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်။ နက်ဖန်စာမေးပွဲစစ်မယ်လို့ ဆရာမက ပြောပြီး နောက်နေ့တကယ်စစ်ရင် အဲဒါက reality ဆိုတော့ ဘယ်သူမှ အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ ဖြစ်နိုင်ချေနည်းလွန်းသွားတဲ့ အခါမှာသာ တဖွဖွနဲ့ အထူးအဆန်းအဖြစ် ပြောနေကြတာပါ။ အိပ်မက်တိုင်းသာ တကယ်ဖြစ်တယ်၊ လူတိုင်းရဲ့ အိပ်မက်တွေကသာ မှန်နေကျဆို ဘယ်သူမှ အဲဒါကို အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ တခါတခါမှ ကွက်မှန်သွားမှသာ “မှန်တယ်ဟဲ့” ဘာညာနဲ့ အထူးအဆန်း လုပ်ပြောနေရတာကိုက တကယ့်အမှန်တရား မဟုတ်မှန်း၊ ဖြစ်နိုင်ချေအရမ်းနည်းနည်းလေးထဲက တိုက်တိုက်ဆိုင်ဆိုင် တခုဖြစ်သွားမှန်းကို ဝန်ခံရာတောင် ကျပါသေးတယ်။
ဒါကြောင့် ရေဘဝဲ သူ့ဘာသာသူ ဘယ်လောက်မှန်မှန်၊ ဘယ်သူတွေ အကြားအမြင် ဘယ်လောက်မှန်မှန် တကယ်တော့ မှန်နိုင်ချေလေး probability လေး ရှိနေတာမို့ အံ့သြစရာ မလိုပါဘူး။ probability အရ ရာနှှုန်းပြည့်လည်း တခါတခါ ဖြစ်နိုင်တယ်လေ။ ရေဘဝဲ မှန်သွားတယ်ဆိုတာကလည်း ဖြစ်နိုင်တာပဲ။ အံစာတုံးခေါက်မယ် ဆိုပါစို့။ ခေါက်တဲ့လူတွေထဲမှာ အားလုံးက တစ်ကနေ ခြောက် ကျချင်တာ ကျနေပြီးတော့ တယောက်တည်းက ကွက်ပြီး သူခေါက်သမျှ အခေါက်တိုင်းမှာ ၁ တွေချည်း ကျတာလည်း ဖြစ်နိုင်ချေ ရှိနေတာပဲ။ ရေဘဝဲကလည်း အဲဒီ့လူနဲ့ တူတာပေါ့။
ဒါကြောင့် တချို့ကိစ္စတွေဟာ ဘယ်လောက်ပဲ ထူးဆန်းနေနေ ဖြစ်နိုင်ချေများစွာထဲက တခုဖြစ်သွားတာမို့ အံ့သြ စရာတော့ မရှိပါဘူး။ ဖြစ်နိုင်ချေ အရမ်းနည်းလွန်းလို့သာ ကျနော်တို့ အရေးတယူ ပြောနေရတာဖြစ်ပြီး အဲလိုအရာမျိုးက Universal Truth အဖြစ် လက်ခံဖို့ ပိုပြီး အလှမ်းဝေးလှကြောင်းပါ။
[[ကမ္ဘာ့ဖလားမှာ မှန်အောင်ဟောခဲ့တဲ့ ရေဘဝဲ နဲ့ ပတ်သတ်တဲ့ အကြောင်းက သချာၤနဲ့ ရှင်းပြလို့ ရပါတယ်။ 0 ကနေ 127 အထိ ကဏန်းတွေ Random ခေါက်တာ “127” ကျတာကို လူတွေ အံ့သြနေကြတဲ့ သဘောပါပဲ။ စုစုပေါင်း ရေဘဝဲ ဟောတာက ခုနစ်ပွဲမို့လား။ တစ်ပွဲချင်းစီ ကြည့်ရင်တော့ မှန်ဖို့က ၅၀ ရာခိုင်းနှှုန်း အထိ ရှိတယ်။ ခုနစ်ပွဲဆက်တိုက်ကျတော့ ၅၀ ရာခိုင်နှှုန်း မဟုတ်တော့ဘူး။ “မှားမှားမှားမှားမှားမှားမှား” (၇ပွဲမို့လို့ ၇ခု) “မှားမှားမှားမှားမှားမှားမှန်” ကနေ “မှန်မှန်မှန်မှန်မှန်မှန်မှန်” အထိ ဖြစ်နိုင်ချေတွေကို တွဲလိုက်ရင်….ကွန်ပျူတာသမားဆို မှားကို 0 ထား မှန်ကို 1 ထားရင် “0000000” “0000001” စသည်ဖြင့် တွဲလိုက်ရင် Two to the power 7 ကို ရလိမ့်မယ်။ အဲဒါက ၁၂၈။ ဖြစ်နိုင်ချေက ၁၂၈ ခုမှာ တခုဆိုတော့ သိပ်မဆန်းပါဘူး။ လူ ၁၂၈ ယောက်မဲနှှိုက်တာ တယောက် ပေါက်သွားသလောက်ပါပဲ။ ထီပေါက်တာလောက်တောင် မထူးဆန်းဘူး။ အဲဒါကို လူတွေ အံ့သြနေတာ။ ၁၂၇လို့ ပြောရတာက 0 ကနေ စထားလို့။]]
[[မရှင်းရင်တော့ သုံးပွဲကို စဉ်းစားကြည့်။ 0 က မှားတာ။ 1 က မှန်တာ။ 000 001 010 011 100 101 110 111 .....111 က အကုန်မှန်တာ။ သုံးပွဲတည်းဆိုတော့ Two to the Power 3= 8]]
(ကောင်းကင်ကို)